Press Release

မြန်မာအမျိုးသမီးများ မိုဘိုင်းဖုန်းသုံးစွဲရာတွင် စိတ်ပျော်ရွှင်ပြီး အကောင်းမြင်ခြင်းကို ခံစားရကြောင်း တယ်လီနော၏ စစ်တမ်းက ဖော်ပြ

07 August, 2018 - Yangon

  • အသက် ၂၅ နှစ်မှ ၄၀ နှစ်ကြားရှိ ဘွဲ့ရပြီး မြန်မာအမျိုးသမီး ၂၀၀ ကျော်အား ၂၀၁၈ ခုနှစ်၊ ဇွန်လနှင့် ဇူလိုင်လ အတွင်း အွန်လိုင်းမှတဆင့် စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်
  • မြန်မာအမျိုးသမီးများသည် မိုဘိုင်းဖုန်းများ အသုံးပြုခြင်းဖြင့် ကမ္ဘာကြီးနှင့် ချိတ်ဆက်မိနေကြောင်း၊ စိတ်ပျော်ရွှင်မှု ကို ခံစားရကြောင်း စစ်တမ်းရလဒ်များက ဖော်ပြ

မကြာသေးမီက တယ်လီနောလုပ်ငန်းစု ပြုလုပ်ခဲ့သော စစ်တမ်းတစ်ရပ်အရ မြန်မာအမျိုးသမီးများသည် ၎င်းတို့ မိုဘိုင်းဖုန်း အသုံးပြုချိန်တွင် ပျော်ရွှင်မှုနှင့် အကောင်းမြင်ခြင်း စသည့် စိတ်ခံစားမှုတို့ကို အများဆုံးရရှိ်သည်ဟု ဖြေကြားခဲ့ကြသည်။ တယ်လီနော လုပ်ငန်းစု၏ စျေးကွက်ရှိရာ နိုင်ငံ ၆ နိုင်ငံ ဖြစ်သည့် မြန်မာ၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဆွီဒင်နှင့် နော်ဝေနိုင်ငံများရှိ အသက် ၂၅ နှစ်မှ ၄၀ နှစ်ကြား၊ အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီး ပေါင်း ၁,၃၀၀ ထံမှ စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာ စျေးကွက်များရှိ အလုပ်လုပ်ကိုင်နေသော အမျိုးသမီး များ၏ မိုဘိုင်းသုံးစွဲမှုနှင့် ဆက်စပ်သည့် အပြုအမှုများ၊ အကျိုးကျေးဇူးများနှင့်ပတ်သက်သော စိတ်ဝင်စားဖွယ်ရာ ထင်မြင် ယူဆချက်များအား လေ့လာခဲ့ခြင်းဖြစ်သည်။

“ယေဘုယျအားဖြင့် ကျွန်မတို့ စကားပြောခဲ့တဲ့ အမျိုးသမီးတွေရဲ့ ဖြေကြားချက်ကို ကြည့်မယ်ဆိုရင် မိုဘိုင်းဖုန်းတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်လူနေမှုဘဝနဲ့ လုပ်ငန်းခွင် လူနေမှုဘဝတွေကို မျှတအောင် နေထိုင်တတ်ဖို့ အထောက်အကူဖြစ်စေတဲ့ အရာတွေထဲက တစ်ခုဖြစ်တယ်လို့ ဖြေကြားခဲ့ကြပါတယ်။ မိုဘိုင်းဖုန်းတွေကို လုပ်ငန်းခွင်တွေမှာ ကျွန်မတို့ ထင်သလို စွဲစွဲမြဲမြဲ အသုံးပြုနေကြတာမျိုး မဟုတ်ပါဘူး။ အလုပ်လုပ်ကိုင်နေတဲ့ ပညာတတ်အမျိုးသမီးတွေအနေနဲ့ မိုဘိုင်း စက်ပစ္စည်း တွေကို ဖျော်ဖြေရေးအတွက်၊ နောက်ပြီး မိတ်ဆွေ၊ သူငယ်ချင်းတွေကို ဆက်သွယ်နိုင်ဖို့နဲ့ သူတို့ရဲ့ မွန်းကျပ်လှတဲ့ နေ့စဉ် လူနေမှုဘဝတွေကနေ ခဏတာ စိတ်ထွက်ပေါက်တစ်ခုအဖြစ်ပဲ အသုံးပြုနေကြတာကို မြင်တွေ့ခဲ့ရပါတယ်” ဟု တယ်လီနောလုပ်ငန်းစု၏ ထုတ်ကုန်စီမံခန့်ခွဲရေးနှင့် သုံးစွဲသူများဆိုင်ရာ သုတေသနဌာန၏ တာဝန်ရှိသူ Erica Gibson က ပြောကြားသည်။ 
“ဒီစစ်တမ်းကနေတဆင့် အမျိုးသမီးတွေရဲ့ ဒစ်ဂျစ်တယ် အလေ့အထတွေ၊ နောက်ပြီး သူတို့ရဲ့ လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး တိကျသေချာပြီး အသုံးဝင်တဲ့ ထင်မြင်ယူဆချက်တွေကို ကျွန်မတို့ သိခဲ့ရပါတယ်။ ကွန်ရက်ချိတ်ဆက်ရာမှာ၊ နောက်ပြီး သတင်းအချက်အလက်တွေ၊ ဝန်ဆောင်မှုတွေကိုရယူရာမှာ အမျိုးသမီးဦးရေအများအပြားပါဝင်တာကြောင့် အမျိုးသမီးတွေနဲ့ ဆွေးနွေးပြောဆိုချင်ခဲ့တာဖြစ်ပြီး ဒီစစ်တမ်းမှာလည်း သူတို့က ရှင်းရှင်းလင်းလင်း၊ ပြည့်ပြည့်စုံစုံ ဖြေကြားပေးခဲ့ပါတယ်” ဟု Gibson က ပြောကြားသည်။  
ဤစစ်တမ်းအတွက် မြန်မာနိုင်ငံမှ အသက် ၂၅ နှစ်မှ ၄၀ နှစ်ကြားရှိ ဘွဲ့ရပြီး အမျိုးသမီး ၂၀၀ ကျော်အား ၂၀၁၈ ခုနှစ်၊ ဇွန်လနှင့် ဇူလိုင်လ အတွင်း အွန်လိုင်းမှတဆင့် စစ်တမ်းကောက်ယူခဲ့ခြင်း ဖြစ်သည်။
မိုဘိုင်းဖုန်း အသုံးပြုရာတွင် ခံစားရသော စိတ်ခံစားချက်များနှင့် ပတ်သက်၍ မြန်မာအမျိုးသမီးများ၏ အဖြေများမှာ အခြား နိုင်ငံများမှ အမျိုးသမီးများ၏အဖြေများနှင့် ကွဲပြားခြားနားမှုများရှိခဲ့ပြီး ၎င်းတို့အနေဖြင့် မိုဘိုင်းဖုန်း အသုံးပြုခြင်းဖြင့် ပျော်ရွှင်မှု၊ အကောင်းမြင်မှုတို့ကို ခံစားရကြောင်း ဖြေကြားခဲ့သည်။ ထို့အပြင် မိုဘိုင်းဖုန်းအသုံးပြုခြင်းသည် ၎င်းတို့၏ ပုဂ္ဂလိကဘဝနှင့် အလုပ်အကိုင်အကြား မျှတစွာချိန်ညှိနိုင်ရေးအတွက် အထောက်အကူပြုသည်ဟုလည်း မြန်မာအမျိုးသမီး များက ဖြေကြားခဲ့ကြသည်။ 

 

အမျိုးသမီးများ၏ မိုဘိုင်းဖုန်း အသုံးပြု၍ အများဆုံးလုပ်ဆောင်သည့်အရာများ

မြန်မာအမျိုးသမီးများ၏ မိုဘိုင်းဖုန်းဖြင့် အများဆုံးလုပ်ဆောင်သည့်အရာ ၃ ခုတွင် လူမှုကွန်ရက်များ အသုံးပြုခြင်း၊ သတင်းများ ဖတ်ရှုခြင်းနှင့် ဖုန်းခေါ်ဆိုခြင်းများ ပါဝင်သည်။ လူမှုကွန်ရက်များ အသုံးပြုခြင်းအား ငြီးငွေ့နေကြပြီဟူသည့် အချက်အား ကျယ်ပြန့်စွာ ပြောဆိုနေကြသော်လည်း စျေးကွက်အသီးသီးရှိ ၅၀% မှ ၈၀% ကြားရှိ အမျိုးသမီး အရေ အတွက်သည် အခြားသော မိုဘိုင်းဖုန်း လုပ်ဆောင်ချက်များနှင့် ယှဉ်လျှင် လူမှုကွန်ရက် အက်ပလီကေးရှင်းများအား ပိုမို အသုံးပြုကြောင်း ဖြေကြားခဲ့သည်။
မိုဘိုင်းဖုန်းအသုံးပြုရာတွင် လူမှုကွန်ရက်များကိုသာ အချိန်အတော်များများ အသုံးပြုကြသော်လည်း မြန်မာ အမျိုးသမီးများ အနေဖြင့် ၎င်းတို့၏ နေ့စဉ်ဆက်သွယ်ပြောဆိုမှုပိုင်းဆိုင်ရာ ကြားခံတစ်ရပ်အဖြစ် ဖုန်းခေါ်ဆိုမှုအတွက်လည်း အသုံးပြု ကြပြီး အခြားသောစျေးကွက်များမှ အမျိုးသမီးများကမှု စာတိုပေးပို့သည့် အက်ပလီကေးရှင်းများအား ယင်းအတွက် အသုံးပြုလျက်ရှိကြသည်။ အလုပ်ကိစ္စမိုဘိုင်းဖုန်းအသုံးပြုမှုများဖြစ်သည့် ဖုန်းခေါ်ဆိုမှုများ၊ အင်တာနက်ဘဏ်လုပ်ငန်း ဆောင်ရွက်မှုများနှင့် အီးမေးလ်များအတွက် အသုံးပြုသည့်အပြင် သီချင်းနားထောင်ခြင်း၊ ရုပ်ရှင်နှင့် ဇာတ်လမ်းတွဲများ ကြည့်ရှုခြင်းနှင့် ဂိမ်းကစားခြင်းအစရှိသည့် ဖျော်ဖြေရေးဆို်င်ရာကိစ္စရပ်များအတွက်လည်း အသုံးပြုကြသည်ဟု မြန်မာ အမျိုးသမီး အများစုက ဖြေကြားခဲ့သည်။
အခြားသော စိတ်ဝင်စားဖွယ်ရာ အချက်တစ်ခုမှာ မိုဘိုင်းဖုန်းသုံး၍ လုပ်ဆောင်သည့် အရာများအား စစ်တမ်းကောက် ယူရာတွင် ကမ္ဘာ့အရှေ့ပိုင်းရှိနိုင်ငံများနှင့်  နှိုင်းယှဉ်လျှင် ကမ္ဘာ့အနောက်ပိုင်းရှိ နိုင်ငံများသည် မိုဘိုင်းဖုန်းများအား ကိုယ်ပိုင်အချိန်တွင် အသုံးပြုမှုပိုမိုများပြားပြီး လုပ်ငန်းခွင်တွင် အသုံးပြုမှု ပိုမိုနည်းပါးကြောင်း တွေ့ရှိရသည်။ နော်ဝေနှင့် ဆွီဒင်နိုင်ငံများတွင် အမျိုးသမီးများ၏ မိုဘိုင်းဖုန်း အသုံးပြုမှုမှာ လုပ်ငန်းခွင် အတွင်းတွင် အနည်းပါးဆုံးဖြစ်ပြီး ညနေပိုင်း အချိန်များတွင် မိုဘိုင်းဖုန်းများအား ပိတ်ထားနိုင်ရန်ပင် ကြိုးစားကြသည်ဟု တွေ့ရှိရသည်။ အရှေ့တောင်အာရှနိုင်ငံများမှ အမျိုးသမီးများသည် ၎င်းတို့၏ ကိုယ်ပိုင်လူနေမှုဘဝထက် လုပ်ငန်းခွင်တွင် မိုဘိုင်းဖုန်းအသုံးပြုမှု ပိုမိုများပြားသည်ဟု ဖြေကြားခဲ့သည်။ သို့သော် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံမှ အမျိုးသမီးများကမှု လုပ်ငန်းခွင်နှင့် ဆက်စပ်သော စာတို ပေးပို့ခြင်းများနှင့် ဖုန်းခေါ်ဆိုမှုများသည် ၎င်းတို့၏ မိုဘိုင်းဖုန်းနှင့် လုပ်ကိုင်ဆောင်ရွက်မှုအများဆုံး အရာများ စာရင်းတွင် အဆင့် ၄ နေရာနှင့် အဆင့် ၆ နေရာတွင်သာ ရှိကြသည်ဟု ဖော်ပြခဲ့သည်။

 

လုပ်ငန်းခွင်နှင့် ကိုယ်ပိုင်လူနေမှုဘဝ ချိန်ခွင်လျှာအပေါ် မိုဘိုင်းဖုန်း အသုံးပြုခြင်း၏ သက်ရောက်မှု

မိုဘိုင်းနည်းပညာများသည် ၎င်းတို့၏ လုပ်ငန်းခွင်ဘဝများအပေါ် မည်သို့ အကျိုးသက်ရောက်မှုရှိနိုင်မည်နည်းဟူသည့် အချက်နှင့်ပတ်သက်၍ ဆွီဒင်နှင့် နော်ဝေနိုင်ငံများမှ အမျိုးသမီးများက “သက်ရောက်မှု မရှိပါ” နှင့် မိုဘိုင်းဖုန်းများကြောင့် ၎င်းတို့အနေနှင့် “မည်သည့်နေရာတွင်မဆို အလုပ်လုပ်ကိုင်နိုင်သည်” ဟူ၍ အများဆုံး ဖြေကြားခဲ့ကြသည်။ ထိုင်း၊ မြန်မာ၊ စင်ကာပူနှင့် မလေးရှားနိုင်ငံများမှ အမျိုးသမီးများသည်လည်း မိုဘိုင်းဖုန်းများအား အသုံးပြု၍ မည်သည့်နေရာတွင် မဆို အလုပ်လုပ်ကိုင်နိုင်သည်ဟူသည့် အချက်အား သဘောတူကြောင်း ဖြေကြားခဲ့ကြသည်။ ထို့အပြင် မိုဘိုင်းဖုန်းများကြောင့် ကမ္ဘာတစ်ဝန်းမှ အတွေးအခေါ်အယူအဆများကို သိရှိနိုင်သည်ဟုလည်း မြန်မာအမျိုးသမီးများက ဖြေကြားခဲ့ကြသည်။

 

ရုံးချိန်ပြင်ပ မိုဘိုင်းဖုန်း အသုံးပြုမှု

အိပ်ရာမဝင်ခင်အချိန်နှင့် ညလယ်ပိုင်းများတွင် မိုဘိုင်းဖုန်းသုံး၍ အများဆုံး လုပ်ဆောင်သည့် အရာ ၃ ခုအား မေးမြန်းခဲ့ရာ စျေးကွက်အသီးသီးမှ ဖြေကြားသူများက လူမှုကွန်ရက်များဖတ်ရှုခြင်းကို အများဆုံးလုပ်ဆောင်ကြောင်း ဖြေကြားခဲ့သည်။ စစ်တမ်းဖြေကြားခဲ့သော မြန်မာအမျိုးသမီးများ၏ ၄၇% သည် လူမှုကွန်ရက်များအား ဖတ်ရှုသည်ဟု ဖြေကြားခဲ့ပြီး ၂၈% သည် သတင်းဖတ်ရှုသည်၊ ၂၅% သည် ရုပ်ရှင်ကားများနှင့် ဇာတ်လမ်းတွဲများအား မိုဘိုင်းဖုန်းမှ တဆင့်ကြည့်ရှုသည်၊ ၁၆% သည် အိပ်ရာမဝင်မီ ဂိမ်းကစားကြသည်ဟု အသီးသီး ဖြေကြားခဲ့ကြသည်။ လုပ်ငန်းခွင်နှင့် ပတ်သက်၍ မိုဘိုင်းဖုန်း အသုံးပြုမှုများသည် ညပိုင်းရောက်ရှိလာသည်နှင့်အမျှ ပမာဏကျဆင်းလာခဲ့သည်။ အခြား စိတ်ဝင်စားဖွယ်ရာ တွေ့ရှိချက် တစ်ခုမှာ ညလယ်ပိုင်း တစ်ရေးနိုးချိန်တွင် မိုဘိုင်းဖုန်းအသုံးပြုမှုတွင် မြန်မာအမျိုးသမီးများ၏ ၁၉ % က ဂိမ်းကစားသည်ဟု ဖြေကြားခဲ့ပြီး စျေးကွက်များအားလုံးနှင့် မတူညီသော ဖြေကြားချက်တစ်ခု ဖြစ်ခဲ့သည်။

 

မိုဘိုင်းကို အသုံးပြုရမည့် နေရာ၊ အခြေအနေနှင့် မသုံးသင့်သည့်နေရာများ 

လုပ်ငန်းခွင်အတွင်းရှိ မြန်မာအမျိုးသမီးများသည် မိုဘိုင်းဖုန်းကို အစဉ်အမြဲအသုံးပြုနေကြသော်လည်း တချို့သောနေရာ၊ အခြေအနေမျိုးတွင်မှု အသုံးမပြုကြပေ။ နိုင်ငံ ၆ နိုင်ငံမှ အမျိုးသမီးများသည် အလုပ်အင်တာဗျူးဝင်ချိန်တွင် ဖုန်းကို ပိတ်ထားသင့်ကြောင်း အများဆုံး ဖြေကြားကြသည်။ ၉၀ ရာခိုင်နှုန်းသော စကင်ဒီနေဗီးယန်း အမျိုးသမီးများသည် နာရေး၊ အသုဘတို့တွင် မိုဘိုင်းဖုန်းသံထွက်လာခြင်းမှာ မသင့်တော်ကြောင်း ဖြေကြားခဲ့ပြီး ယင်းအဖြေမှာ မြန်မာအမျိုးသမီး ၂၂% ၏ အဖြေနှင့်သာ ထပ်တူကျခဲ့သည်။ အာရှဒေသရှိ အမျိုးသမီးအများစုမှာ အုပ်စုဖွဲ့ဆောင်ရွက်ရသည့် အခြေအနေမျိုး၊ ဥပမာအားဖြင့် အားကစားရုံတွင် ယောဂနှင့် Pilates အစရှိသည့် အားကစားများကို အုပ်စုလိုက် ဆောင်ရွက်ရသည့် အချိန်တွင် ဖုန်းပိတ်ထားခြင်း သို့မဟုတ် အသံပိတ်ထားခြင်းကို ပြုလုပ်လေ့မရှိဘဲ ၄၀-၆၀% သော စကင်ဒီနေဗီးယန်း အမျိုးသမီးများကမူ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ဖုန်းသံမထွက်အောင် ထားလေ့ရှိကြသည်။ အခြားနိုင်ငံအားလုံးမှ ရုပ်ရှင်ရုံ၊ ကဇာတ်၊ ပြဇာတ်အစရှိသည့်နေရာများတွင် ဖုန်းပိတ်ထားခြင်း၊ အသံပိတ်ထားခြင်းတို့ကို ထိပ်ဆုံး ဆောင်ရွက်ရ မည် နေရာများဟု သတ်မှတ်ထားသော်လည်း မြန်မာအမျိုးသမီး ၁၀% ကသာ ဖုန်းအသံပိတ်ထားသင့်သည့် နေရာဟု မှတ်ချက်ပေးခဲ့ကြောင်း တွေ့ရသည်။

 

မိုဘိုင်းဖုန်း အသုံးပြုချိန်တွင် အများဆုံး ဖြစ်ပေါ်လေ့ရှိသည် စိတ်ခံစားချက်

မြန်မာနိုင်ငံမှဖြေကြားသူ ၅၀% ခန့်မှာ မိုဘိုင်းဖုန်းအသုံးပြုခြင်းကြောင့် ကမ္ဘာ့နှင့်ချိတ်ဆက်မှုရှိသည်ဟု ခံစားရပြီး သုံးပုံ တစ်ပုံမှာမူ ဖျော်ဖြေမှုရရှိသည်ဟု ခံစားရကြောင်း ဖြေကြားခဲ့ကြသည်။ မြန်မာနိုင်ငံမှ အမျိုးသမီးများ၏ ထူးခြားသော ဖြေကြားချက်မှာ မိုဘိုင်းဖုန်းအသုံးပြုရာတွင် ဖြစ်ပေါ်လာသော စိတ်ခံစားချက် ၃ ချက်တွင် ပျော်ရွှင်မှု၊ အကောင်းမြင်မှု တို့ကို ထည့်သွင်းဖော်ပြခြင်းဖြစ်သည်။ မလေးရှား၊ နော်ဝေ၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံတို့တွင် မိုဘိုင်းဖုန်း အသုံးပြုသည့်အခါ အပန်းပြေပြီး သက်တောင့်သက်သာရှိကြောင်း ဖြေကြားခဲ့ကြသည်။ အခြား စိတ်ခံစားချက်များဖြစ်သည့် စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးခြင်း၊ ပူပန်ခြင်းနှင့် ထိရှလွယ်ခြင်း စသည်တို့ကို နိုင်ငံအားလုံးတွင် အနည်းဆုံး ရာနှုန်းဖြင့်သာ ဖြေကြားခဲ့သည်ကို တွေ့ရသည်။

 

မိုဘိုင်းက လူ့အဖွဲ့အစည်းကို မည်သို့ စွမ်းရည်မြှင့်တင်ပေးနိုင်ပါသလဲ။

ကမ္ဘာ့ကုလသမဂ္ဂ၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် အမှတ် ၁၀ ဖြစ်သည့် မညီမျှမှုများကို လျော့ချရေး ဟူသည့် အချက်ကို တယ်လီနောက စဉ်ဆက်မပြတ် ထောက်ခံအားပေး ဆောင်ရွက်လျက်ရှိသည့်အလျောက် စစ်တမ်း ကောက်ယူရာတွင်လည်း လူ့အဖွဲ့အစည်းနှင့် စီးပွားရေးဆိုင်ရာကိစ္စများကို မိုဘိုင်းချိတ်ဆက်မှုက ဖြေရှင်းပေးနိုင်သည့် နည်းလမ်းများနှင့်ပတ်သက်ပြီး အမျိုးသမီးများအား မေးမြန်းခဲ့သည်။ “သတင်းအချက်အလက်နှင့် အသိပညာမျှဝေခြင်း” မှာ မိုဘိုင်းမှတဆင့် အရေးအကြီးဆုံး ကူညီပေးနိုင်သော အကြောင်းအရာအဖြစ် နော်ဝေ၊ မလေးရှား၊ စင်္ကာပူ၊ ဆွီဒင်နှင့် ထိုင်းနိုင်ငံတို့မှ အမျိုးသမီး ၆၀% ခန့်က မှတ်ချက်ပေးခဲ့ကြသည်။ မြန်မာနိုင်ငံမှ အမျိုးသမီး ၈၀% ကလည်း ဤ အချက်မှာ အရေးအကြီးဆုံးဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။ မိုဘိုင်း ကျန်းမာရေးနှင့် ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း အလားအလာရှိကြောင်း မြန်မာအမျိုးသမီး ၃၀% က ထောက်ခံခဲ့ကြသည်။

 

အမျိုးသမီးသီးသန့် အင်တာနက်ဆိုတာလိုအပ်ပါသလား?

စစ်တမ်းကောက်ယူရာတွင် အထူးခြားဆုံးမေးခွန်းတစ်ရပ်မှာ “အမျိုးသမီးသီးသန့်သုံး အင်တာနက်ကို မည့်သည့် အတိုင်း အတာအထိ လက်ခံပါသလဲ” ဆိုသည့် မေးခွန်းဖြစ်ပြီး ဖြေကြားချက်များမှာ စိတ်ဝင်စားဖွယ်ရာ ကောင်းလှသည်။ ၆၅ ရာခိုင်နှုန်းသော  ထိုင်းအမျိုးသမီးများမှာ အမျိုးသမီးသီးသန့် ဝင်ရောက်အသုံးပြုနိုင်သည့် အင်တာနက် အမျိုးအစားကို ထောက်ခံသည်ဟု အံ့အားသင့်စရာဖြေကြားခဲ့ကြသည်။ အကြောင်းအရင်းမှာ နှောင့်ယှက်စော်ကားမှုများ နည်းပါးလာမည်၊ ၄င်းတို့နှင့် သင့်လျော်သော အကြောင်းအရာများကို အင်တာနက်ပေါ်တွင် ပိုမိုတွေ့မြင်ရမည်ဟု ဖြေကြားခဲ့သည်။ စင်္ကာပူမှ အမျိုးသမီးများသည် စကင်ဒီနေဗီးယင်းဒေသရှိ အမျိုးသမီးများနှင့် ဆန္ဒတူရှိကြပြီး ဤအဆိုပြုချက်ကို လက်ခံခြင်း မရှိကြ ပေ။ စင်္ကာပူမှ ၈၃% ၊ ဆွီဒင်မှ ၉၀ % နှင့် နော်ဝေမှ ၉၇ % သော အမျိုးသမီးများကသာ အဆိုပါအင်တာနက်ရှိခြင်းသည် ခွဲခြားဆက်ဆံခြင်းဖြစ်ပြီး လုံခြုံရေးနှင့် နှောင့်ယှက်စော်ကားမှုများကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ဖြေကြားခဲ့ကြသည်။ ထိုနိုင်ငံများမှ အချို့သောထောက်ခံသူများကမူ အမျိုးသမီးသီးသန့်အင်တာနက်သည် ကလေးငယ်များအတွက် ပိုမို လုံခြုံစိတ်ချရနိုင်သည်ဟု မှတ်ချက်ပြုခဲ့ကြသည်။
မြန်မာနိုင်ငံမှ ဖြေကြားချက်များသည် ညီမျှမှုရှိပြီး မထောက်ခံသည့်ဘက်မှ အနည်းငယ် ပိုမိုများပြားနေသည်။ ထိုသို့ မထောက်ခံသူများကလည်း အွန်လိုင်း လုံခြုံစိတ်ချရမှုနှင့် နှောင့်ယှက် စော်ကားမှုများကို ဤ အမျိုးသမီး သီးသန့် အင်တာနက်က ဖြေရှင်းနိုင်မည် မဟုတ်ဟု မှတ်ချက်ပြုခဲ့ကြသည်။ 
စစ်တမ်း အစီရင်ခံစာနှင့် အချက်အလက်ပြ ဇယားများကို Telenor.com တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

 

မီဒီယာများဆက်သွယ်ရန်

ရွှေယင်းမာဦး 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : shweyinn.maroo@telenor.com.mm

Marcus Adaktusson
VP, Head of Public & Regulatory Affairs, Communications – Asia
+65 98 79 57 30
E-mail: marcus.adaktusson@telenor.com

Alice Yu
Telenor Group Communications - Asia
+65 90 12 66 58
E-mail: Alice.Yu@telenor.com

Yangon
My Telenor