Press Release

ကျန်းမာရေးကဏ္ဍ၏ စိန်ခေါ်မှုများကို ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုဖြေရှင်းရန် လူငယ်ကိုယ်စား လှယ် ၁၆ ဦးအား တယ်လီနော ရွေးချယ်ထား

09 October, 2018 - Yangon

  • တယ်လီနောလုပ်ငန်းလည်ပတ်ရာ နိုင်ငံ ၈ နိုင်ငံရှိ လူငယ်ကိုယ်စားလှယ် ၁၆ ဦးသည် ခြောက်ကြိမ်မြောက် တယ်လီနော လူငယ်ဖိုရမ်တွင် ပါဝင်ရန် ရွေးချယ်ခံခဲ့ရပြီး ကျန်းမာရေးကဏ္ဍတွင် ကြုံတွေ့နေရသော မညီမျှမှုများအား လျှော့ချရာတွင် ကူညီလုပ်ဆောင်ပေးသွားရမည်
  • မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သီဟဇော်နှင့် နန်းယဉ်ယဉ်ဝင်းနွယ်တို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်

၂၀၁၈-၂၀၁၉ ခုနှစ် တယ်လီနောလူငယ်ဖိုရမ်တွင် ပါဝင်ခွင့် ရရှိခဲ့သော လူငယ်ကိုယ်စားလှယ် ၁၆ ဦး၏ အမည်စာရင်းအား တယ်လီနောလုပ်ငန်းစုမှ ယနေ့ကြေညာခဲ့သည်။ နိုဘယ်ငြိမ်းချမ်းရေး စင်တာနှင့် ပူးပေါင်းဆောင်ရွက်သည့် တယ်လီနောလူငယ်ဖိုရမ်တွင် ယခုနှစ်အတွက် ပါဝင်ခွင့် ရရှိခဲ့သော လူငယ်ကိုယ်စားလှယ်များသည် ကျန်းမာရေးကဏ္ဍတွင် ကြုံတွေ့နေရသော မညီမျှမှုများအား ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြု၍ လျှော့ချပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်သည်။

ခြောက်ကြိမ်မြောက် တယ်လီနောလူငယ်ဖိုရမ်တွင် ပါဝင်ခွင့် ရရှိခဲ့သည့် လူငယ်ကိုယ်စားလှယ် ၁၆ ဦးစလုံးသည် တယ်လီနော၏ လုပ်ငန်းများလည်ပတ်ရာ စျေးကွက် ၈ ခုအတွင်းမှ အရည်အသွေးပြည့်ဝသော ခေါင်းဆောင်များ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်၊ ဒိန်းမတ်၊ မလေးရှား၊ မြန်မာ၊ နော်ဝေ၊ ပါကစ္စတန်၊ ဆွီဒင်နှင့် ထိုင်းနိုင်ငံများမှ လျှောက်ထားသူ စုစုပေါင်း ၅၀၀ ကျော် အနက်မှ ရွေးချယ်ခံထားရခြင်း ဖြစ်သည်။ ရွေးချယ်ခံရသော လူငယ်ကိုယ်စားလှယ်များသည် ကျန်းမာရေးကဏ္ဍအတွင်းရှိ မညီမျှမှုများအား ဖြေရှင်းနိုင်မည့် ဒစ်ဂျစ်တယ် နည်းပညာအခြေပြုနည်းလမ်းများအား ဖန်တီးဖော်ဆောင်နိုင်ရန်အတွက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၁၉ ခုနှစ်၊ မေလအတွင်းတွင် ရှု့ထောင့်မျိုးစုံမှ ကြိုးစား လုပ်ဆောင်သွားရမည် ဖြစ်သည်။

ယခုနှစ် တယ်လီနော လူငယ်ဖိုရမ်တွင် လူငယ်ကိုယ်စားလှယ်များအား အဖွဲ့ ၄ ဖွဲ့ ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ပြီး တစ်ဖွဲ့ချင်းစီက ဖြေရှင်းရန်ကြိုးပမ်းရမည့် ကျန်းမာရေးနှင့်သက်ဆိုင်သည့် စိန်ခေါ်မှုတစ်ရပ်စီအား ဖိုရမ်စတင်သည့် ဒီဇင်ဘာလတွင် သတ်မှတ်ပေးသွားမည် ဖြစ်သည်။ ထို့အပြင် လူငယ်ဖိုရမ် တစ်လျှောက်လုံးတွင်လည်း တယ်လီနော သုတေသနဌာနမှ ဒုတိယ ဥက္ကဋ္ဌနှင့် EU မှ AI နှင့်ပတ်သက်သော အဆင့်မြင့် ကျွမ်းကျင်ပညာရှင် အဖွဲ့ဝင်တစ်ဦး ဖြစ်သူ Leva Martinkenaite ၊ တယ်လီနော နော်ဝေမှ Head of Marketing for e-health ဖြစ်သူ Alanna Solberg ၊ အာရှဒေသဆိုင်ရာ တယ်လီနောအဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးဒါရိုက်တာဖြစ်သူ Austin Menyasz နှင့် တယ်လီနော သုတေသနဌာနမှ အကြီးတန်း ဒုဥက္ကဋ္ဌဖြစ်သူ Bjørn Taale Sandberg တို့က လူငယ်ကိုယ်စားလှယ်များကို လေ့ကျင့်သင်ကြားပေးသွားမည် ဖြစ်သည်။

ယခုနှစ် လူငယ်ဖိုရမ် အစီအစဉ်အတွက် တယ်လီနောမြန်မာသည် လျှောက်ထားသူ ၂၀၀ ကျော်ထဲမှ ထူးချွန်လူငယ် ၂ ဦးဖြစ်သည့် သီဟဇော်နှင့် နန်းယဉ်ယဉ်ဝင်းနွယ်တို့အား မြန်မာနိုင်ငံ ကိုယ်စားပြုလူငယ်ကိုယ်စားလှယ်များ အဖြစ် ရွေးချယ်ခဲ့သည်။ အသက် ၂၅ နှစ်ရှိ သီဟဇော်သည် ၁၆ နှစ်အရွယ်မှစ၍ ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများတွင် အလုပ်စတင်လုပ်ကိုင်ခဲ့သည်။ လူ့အခွင့်အရေးနှင့် မတရားမှုများကို ထုတ်ဖော်ပြောဆိုလေ့ရှိသည့် ၎င်းသည် စီပွားရေး လုပ်ငန်းများ၊ အရောင်းနှင့် ဈေးကွက်ဖော်ဆောင်ရေးလုပ်ငန်းများတွင် အတွေ့အကြုံကောင်းများစွာ ပိုင်ဆိုင်ထားသူ တစ်ဦးလည်း ဖြစ်သည်။ အသက် ၂၅ နှစ်ရှိ နန်းယဉ်ယဉ်ဝင်းနွယ်သည် နိုင်ငံတကာစီးပွားရေးစီမံခန့်ခွဲမှု ဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပြီး သတင်းနှင့် ပြန်ကြားရေးလုပ်ငန်းများတွင် လုပ်ကိုင်နေသူဖြစ်သည်။ နန်းသည် မြန်မာနိုင်ငံ၏ ပညာရေး စနစ်ကို ပိုမိုကောင်းမွန်လာရန် ဆောင်ရွက်လို စိတ်ပြင်းပြသူတစ်ဦးလည်း ဖြစ်သည်။

“တယ်လီနောလူငယ်ဖိုရမ်ဆိုတာ ကမ္ဘာကြီးကို ပိုမိုကောင်းမွန်လာအောင် ကြိုးပမ်းကြရာမှာ ပံ့ပိုးပေးနေတဲ့ တယ်လီနောရဲ့ အဓိကလုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ ဒီဖိုရမ်မှာ နိုင်ငံတကာက အရည်အချင်းအရှိဆုံး လူရည်ချွန် တွေကို စုစည်းပြီး ကမ္ဘာတဝန်းမှာ ဖြစ်ပေါ်နေတဲ့ မညီမျှမှုတွေကို ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြု ဖြေရှင်းနိုင်အောင် သူတို့ရဲ့အကြံဉာဏ်ကောင်းတွေကို အကောင်အထည်ဖော်ရာမှာ ကူညီပေးနေပါတယ်။ ဒီနှစ် မြန်မာနိုင်ငံ ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်တွေဖြစ်တဲ့ သီဟဇော်နဲ့ နန်းယဉ်ယဉ်ဝင်းနွယ်အတွက် အလွန်ဂုဏ်ယူကြောင်း ပြောကြားလိုပြီး သူတို့တွေရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ ဆန်းသစ်တဲ့ စိတ်ကူးစိတ်သန်းတွေကို ကမ္ဘာကို ချပြနိုင်ဖို့ အခွင့်အလမ်းရရှိတော့မှာ ဖြစ်တဲ့အတွက်လည်း စိတ်လှုပ်ရှားမိပါတယ်။ အစီအစဉ်တစ်လျှောက်မှာလည်း အကောင်းဆုံး ဆောင်ရွက်သွားနိုင်မယ် လို့ယုံကြည်ပြီး ပြန်လာတဲ့အခါ သူတို့ကိုယ်တိုင်အတွက်ရော နိုင်ငံအတွက်ပါ အကျိုးရှိမယ့် အတွေ့အကြုံတွေကို ဆောင်ကျဉ်းလာနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Sharad Mehrotra က ပြောကြားသည်။

တယ်လီနော လူငယ်ဖိုရမ် ၂၀၁၈/၁၉ ၏ နောက်ဆုံးအဆင့် ယှဉ်ပြိုင်မှုအား ၂၀၁၉ ခုနှစ်၊ မေလတွင် ဘန်ကောက်မြို့ ၌ ပြုလုပ်ကျင်းပသွားမည်ဖြစ်ပြီး အနိုင်ရရှိသည့်အဖွဲအား ၎င်းတို့၏ စိတ်ကူးကို အကောင်အထည်ဖော်နိုင်ရန်အတွက် နော်ဝေနိုင်ငံသုံး ငွေကြေး ခရိုနာ ၁ သိန်း (အမေရိကန်ဒေါ်လာ ၁၅,၀၀၀) အား ရင်းနှီးမတည်ငွေအဖြစ် သက်ဆိုင်ရာ ညွှန်ကြားပြသပေးသော ကျွမ်းကျင်ပညာရှင်မှ တဆင့် တယ်လီနောက ပေးအပ်သွားမည် ဖြစ်သည်။

တယ်လီနောလူငယ်ဖိုရမ် အကြောင်း

တယ်လီနောလူငယ်ဖိုရမ်သည် မညီမျှမှုများအား လျှော့ချရာတွင် ငယ်ရွယ်တက်ကြွသော၊ တီထွင်နိုင်စွမ်းရှိသော လူငယ်များ၏ အကြံဉာဏ်များကို ရယူအသုံးချနိုင်ရန် ဖန်တီးပေးထားသော နိုင်ငံတကာအခွင့်အလမ်းတစ်ခုဖြစ်သည်။ ထို့အပြင် ဤဖိုရမ်သည် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရည်မှန်းချက်များ (Sustainable Development Goals) နှင့်ဆက်စပ်နေသည့် ကမ္ဘာလုံးဆိုင်ရာ လူမှုစိန်ခေါ်မှုပြဿနာများကို ဖြေရှင်းရန်အတွက် စကင်ဒီနေးဗီးယန်းနှင့် အာရှတိုက်ရှိ တယ်လီနော၏ စျေးကွက် ၈ ခုမှ လူငယ်ခေါင်းဆောင်များအား အတူတကွ စုစည်းပေးသော ဖိုရမ်တစ်ခုလည်း ဖြစ်သည်။ တယ်လီနော လူငယ်ဖိုရမ်၏ ၆ လတာ ကြာမြင့်ချိန်အတွင်း ရွေးချယ် ခံရသော လူငယ်များသည် အော်စလိုနှင့် ဘန်ကောက်မြို့များတွင် နှစ်ကြိမ်စုစည်းတွေ့ဆုံရမည် ဖြစ်သည့်အပြင် ကမ္ဘာကြီးတိုးတက်ရေးအတွက် လူတိုင်းအနေဖြင့် စတင်ပါဝင်ကာ ပြောင်းလဲစေနိုင်ရန် တွန်းအားပေးသော အစီအစဉ် တစ်ရပ် ဖြစ်သည့် We Start Change (ကျွန်တော်တို့ စတင်ပြောင်းလဲရအောင်) အမည်ရ ပြပွဲ အစရှိသည့် အစီအစဉ် များတွင်လည်း ပါဝင်ခွင့် ရရှိမည် ဖြစ်သည်။ ဤ တယ်လီနောလူငယ်ဖိုရမ်အား နိုဘယ်ငြိမ်းချမ်းရေးစင်တာ (NPC) နှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။

၂၀၁၈-၂၀၁၉ ခုနှစ် တယ်လီနောလူငယ်ဖိုရမ်အတွက် လူငယ်ကိုယ်စားလှယ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • Djaco Khabat Ahmad၂၄ နှစ်၊ ဒိန်းမတ်
  • Sameen Alam၊ ၂၂ နှစ်၊ ဘင်္ဂလားဒေ့ရှ်
  • Maieda Janjua၊ ၂၂ နှစ်၊ ပါကစ္စတန်
  • Saima Mehedi Khan၊ ၂၁ နှစ်၊ ဘင်္ဂလားဒေ့ရှ်
  • Asma Ladak၊ ၂၀ နှစ်၊ ပါကစ္စတန်
  • Rachel Loh၊ ၂၁ နှစ်၊ မလေးရှား
  • Lucas McNabb၊ ၂၅ နှစ်၊ ဆွီဒင်
  • Kristine Schi Nordvold၊ ၂၂ နှစ်၊ နော်ဝေ
  • Nang Yin Yin Win Nwe၊ ၂၅ နှစ်၊ မြန်မာ
  • Ingrid Høgh Rasmussen၊ ၂၄ နှစ်၊ ဒိန်းမတ်
  • Gabrielle Stööp၊ ၂၆ နှစ်၊ ဆွီဒင်
  • Cherngchay Tacho၊ ၂၂ နှစ်၊ ထိုင်း
  • Emilie Udnæs၊ ၂၃ နှစ်၊ နော်ဝေ
  • Thanapa Ukaranun၊ ၂၇ နှစ်၊ ထိုင်း
  • Felicia Yoon၊ ၂၈ နှစ်၊ မလေးရှား
  • သီဟဇော်၊ ၂၆ နှစ်၊ မြန်မာ

တယ်လီနောလူငယ်ဖိုရမ် အကြောင်း ပိုမိုသိရှိလိုပါက http://www.telenor.com/youthforumတွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

မီဒီယာများဆက်သွယ်ရန်

ရွှေယင်းမာဦး 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : shweyinn.maroo@telenor.com.mm

Yangon
My Telenor