Press Release

Myanmar girl wins at Telenor Youth Forum တယ်လီနော လူငယ်ဖိုရမ်တွင် မြန်မာအမျိုးသမီးတစ်ဦးပါဝင်သည့်အဖွဲ့ အနိုင်ရရှိ

01 June, 2018 - Yangon

  • နန်းသည် ၅ ကြိမ်မြောက် တယ်လီနော လူငယ်ဖိုရမ်တွင် မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သူမ ပါဝင်သည့် ပြိုင်ပွဲဝင်အဖွဲ့က ကမ္ဘာတစ်ဝန်းရှိ ဖိနှိပ်ခံလုပ်သားများ ခံစားနေရသည့် မညီမျှမှုများအား လျော့ချနိုင်ရန် ကြိုးစားဖန်တီး ထားသော ပရောဂျက်ဖြင့် အကောင်းဆုံး ဆုကို ရရှိခဲ့ခြင်းဖြစ်
  • တီထွင်ဖန်တီးမှုများအား ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ၎င်းတို့အား ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁၅,၀၀၀ ချီးမြှင့်ထောက်ပ့ံ

တယ်လီနော လူငယ်ဖိုရမ် ၂၀၁၇ ခုနှစ် အစီအစဉ်သည် ဘန်ကောက်မြို့တွင် နောက်ဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးမှုနှင့်အတူ ပြီးဆုံးသွားပြီဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သူများအနက်မှ တစ်ဦးပါဝင်သည့်အဖွဲ့က ၅ ကြိမ်မြောက် တယ်လီနောလူငယ်ဖိုရမ်တွင် အနိုင်ရရှိ သည့်အဖွဲ့အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပြီး အဆိုပါအဖွဲ့သည် လုပ်သားများ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု များနှင့်ပတ်သက်ပြီး တင်ပြနိုင်မည့် လူထုအခြေပြုပရောဂျက်အား ရေးဆွဲနိုင်ခဲ့သည့်အတွက် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမှ အသက် ၂၅ နှစ်အရွယ်ရှိ မနန်းကံ့ကော်ယွက်ဆိုင် ပါဝင်သော AGNCY အမည်ရ အနိုင်ရအဖွဲ့သည် ကမ္ဘာတစ်ဝန်းရှိ ဖိနှိပ်ခံလုပ်သားများ ခံစားနေရသည့် မညီမျှမှုများကိုလျော့ချရာတွင် အထောက်အပံ့ဖြစ်မည့် အဆိုပါ အစီအစဉ်ကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁၅,၀၀၀ ရရှိခဲ့သည်။ တယ်လီနော် လူငယ်ဖိုရမ် နောက်ဆုံးအဆင့် တွေ့ဆုံဆွေးနွေးမှုအစီအစဉ်အဖြစ် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင် ယှဉ်ပြိုင် သူ ၂ ဦးအပြင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ထူးချွန်လူငယ် ၂၄ ဦး တို့သည် မေလ ၃၀ နှင့် ၃၁ ရက်နေ့များတွင် နိုဘယ် ငြိမ်းချမ်းရေးစင်တာ၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ Liv Tørres၊ တယ်လီနောလုပ်ငန်းစု၏ ကော်ပိုရိတ်ရေးရာ အရာရှိချုပ်ဖြစ်သူ Wenche Agerup အစရှိသူများ ပါဝင်သည့် အကဲဖြတ်ဒိုင်အဖွဲ့၏ ရှေ့မှောက်တွင် ၎င်းတို့၏ ဝန်ဆောင်မှု အသီးသီးကို ရှင်းလင်းတင်ပြခဲ့ကြသည်။

 

“တကယ့် အတွေ့အကြုံကောင်း တစ်ခုပါပဲ။ ဒီလို အရမ်းကောင်းတဲ့ အခွင့်အရေးရခဲ့လို့ တယ်လီနော လုပ်ငန်းစုနဲ့ တယ်လီနောမြန်မာကိုလည်း ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြုပြီး ပါဝင်ခွင့်ရခဲ့တဲ့အတွက်လည်း ညီမ အနေနဲ့ အရမ်းကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ အလုပ်လုပ်ကိုင်နေတဲ့ လုပ်သားထုတစ်ရပ်လုံးအနေနဲ့ တရားမျှတမှု မရှိတဲ့ လုပ်ရပ်တွေကို အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်သူတွေအားလုံး သိရှိအောင် အလွယ်တကူ တင်ပြနိုင်မယ့် ဒီလို လမ်းကြောင်းတစ်ခုကို ဆက်လက်တည်ဆောက်သွားနိုင်မှာ ဖြစ်တဲ့အတွက် အရမ်းကို စိတ်လှှုပ်ရှားမိပါတယ်။ နောက်ဆုံးအနေနဲ့ ၂၀၁၈ ခုနှစ် အတွက် တယ်လီနော လူငယ်ဖိုရမ်ကို မြန်မာနိုင်ငံက လူငယ်တွေ အနေနဲ့ ဝင်ရောက် လျှောက်ထားကြပါလို့ တိုက်တွန်းချင်ပါတယ်။ သူတို့အနေနဲ့ ဒီဖိုရမ်ကနေ အများကြီး သင်ယူနိုင်မှာ ဖြစ်တဲ့အပြင် နိုင်ငံ အသီးသီး၊ နယ်ပယ်အသီးသီးက ထူးချွန်ထက်မြက်သူတွေ အများကြီးနဲ့လည်း တွေ့ဆုံနိုင်မှာဖြစ်ပါတယ်” ဟု ဆုလက်ခံ ရယူအပြီးတွင် မနန်းကံ့ကော်ယွက်ဆိုင်က ပြောကြားသည်။

 

တယ်လီနောလုပ်ငန်းစုနှင့် နိုဘယ်ငြိမ်းချမ်းရေးစင်တာ (NPC) တို့ပူးပေါင်း စီစဉ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ် တစ်ခုဖြစ်သည့် တယ်လီနောလူငယ်ဖိုရမ်သည် စစ်မှန်သော ကမ္ဘာ့အပြောင်းအလဲများကို ဖော်ဆောင်ရန်နှင့် ဆန်းသစ် ခေတ်မီသော နည်းလမ်းများ အသုံးပြု၍ မညီမျှမှုများ လျော့နည်းသွားစေရန် လူငယ်များက ဒစ်ဂျစ်တယ်နည်းပညာများ ကို အသုံးပြုကာ စွမ်းဆောင်နိုင်မည်ဟူသော ယုံကြည်ချက်ဖြင့် စတင်လုပ်ဆောင်ခဲ့သော ဖိုရမ်တစ်ခု ဖြစ်သည်။ ၅ ကြိမ် မြောက် တယ်လီနောလူငယ်ဖိုရမ်အား အော်စလိုမြို့၌ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ကျင်းပခဲ့ပြီး ရွေးချယ်ခံရသူ ထူးချွန်လူငယ် ၂၄ ဦးအား အဖွဲ့ ၄ ဖွဲ့ ခွဲ၍ အဖွဲ့တစ်ဖွဲ့ချင်း အနေဖြင့် မတူညီသော လူမှုရေးဆိုင်ရာ စိန်ခေါ်မှုများအား ဖြေရှင်းရန် ကြိုးပမ်းခဲ့ကြခြင်းဖြစ်သည်။ ရွေးချယ်ခံရသူများသည် တွေးခေါ်စဉ်းစားမှုများ၊ သုတေသနများ၊ ဝန်ဆောင်မှု ပုံစံငယ်များမှတဆင့် ပေးအပ်ထားသော စိန်ခေါ်မှုများအား ဖြေရှင်းရမည်ဖြစ်ပြီး ဖိုရမ်၏ နောက်ဆုံးအဆင့် ယှဉ်ပြိုင်မှု အား ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

 

“မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သူတစ်ဦးပါဝင်တဲ့ အဖွဲ့က တယ်လီနောလူငယ်ဖိုရမ်မှာ အကောင်းဆုံး ပရောဂျက်ဆုကို ရရှိခဲ့တဲ့အပြင် ဆက်လက်အကောင်အထည်ဖော်ဖို့ ကူညီထောက်ပံ့မှုတွေကို်လည်း ရရှိခဲ့တယ်လို့ ကြားသိရတဲ့အတွက် ကျွန်တော့်အနေနဲ့ အရမ်းကို စိတ်လှုပ်ရှားဝမ်းသာမိပါတယ်။ တယ်လီနော လူငယ်ဖိုရမ်ဟာ ဒီနှစ် မှာလည်း ကမ္ဘာတစ်ဝန်းက အပြောင်းအလဲတွေကို ဦးဆောင်မယ့် အရည်အချင်းပြည့်ဝတဲ့ ထူးချွန်လူငယ် အများအပြား ကို ပိုမိုကောင်းမွန်တဲ့ ကျွမ်းကျင်မှုတွေနဲ့ ပိုမိုတောက်ပတဲ့ အတွေးအခေါ်တွေရရှိစေဖို့ ထပ်မံ ကူညီပေးလိုက်နို်င်ပြီ ဖြစ်ပါ တယ်။ အခုလာမယ့် တယ်လီနော လူငယ်ဖိုရမ် ၂၀၁၈ အတွက် လျှောက်လွှာတွေ စတင်လက်ခံနေပြီ ဖြစ်တဲ့အတွက် ဒီလိုမျိုး အရည်အချင်းပြည့်ဝတဲ့လူငယ်တွေကို ထပ်မံကူညီပေးနိုင်မှာဖြစ်လို့ အရမ်းကို စိတ်လှုပ်ရှားနေမိပါတယ်” ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Lars Erik Tellmann က ပြောကြားသည်။

 

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်မှ ၁၁ ရက်အထိ နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ကျင်းပပြုလုပ်သွားမည့် ၂၀၁၈ ခုနှစ် တယ်လီနော လူငယ်ဖိုရမ် (TYF) တွင် ပါဝင်လိုသူ မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသူ လူငယ်များ စတင် လျှောက်ထား နိုင်နေပြီဖြစ်သည်။ လျှောက်ထားသူသည် အသက် ၂၀ မှ ၂၈ နှစ်အတွင်းရှိပြီး အင်္ဂလိပ် ဘာသာစကား ကျွမ်းကျင် ပိုင်နိုင်ရမည်ဖြစ်ကာ ပညာအရည်အချင်းအနေဖြင့် တက္ကသိုလ်တက်ရောက်ဆဲ သို့မဟုတ် ပြီးဆုံးအောင်မြင်ထားသူ ဖြစ်ရမည်ဖြစ်ပြီး လျှောက်လွှာများအား မေလ ၁၅ ရက်မှ ဇူလိုင်လ ၃၁ ရက်နေ့အတွင်း လက်ခံသွားမည်ဖြစ်သည်။ TYF အစီအစဉ်တစ်လျှောက်တွင် ပါဝင်သူ ထူးချွန်လူငယ်များအနေဖြင့် လက်တွေ့လုပ်ငန်းအတွေ့အကြုံများကို ရရှိနိုင်မည် သာမက service design၊ prototyping၊ presenting၊ exhibitingနှင့် pitching စသည့် လက်ရှိကမ္ဘာတွင် ကျင့်သုံးနေသည့် ပညာရပ်များကို လည်း သင်ယူလေ့လာနိုင်မည် ဖြစ်သည်။

 

တယ်လီနောလူငယ်ဖိုရမ်တစ်ခု ပြီးဆုံးသည့်အခါတိုင်း အနိုင်ရရှိသည်အဖွဲ့ကို ရွေးချယ်သွားမည် ဖြစ်ပြီး ၎င်းတို့၏ စိတ်ကူးများကို အကောင်အထည်ဖော်နိုင်ရန် အမေရိကန်ဒေါ်လာ ၁၅,၀၀၀ အား ရင်းနှီးမတည်ငွေအဖြစ် တယ်လီနော က ပေးအပ်သွားမည် ဖြစ်သည်။

TYF အကြောင်းကို ပိုမိုသိရှိလိုပါက www.telenor.com/youthforum/ တွင် ဝင်ရောက်လေ့လာကာ လျှောက်ထား နိုင်သည်။

 

မီဒီယာများဆက်သွယ်ရန်

ရွှေယင်းမာဦး 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : shweyinn.maroo@telenor.com.mm

Yangon
My Telenor