Press Release

မိုဘိုင်းလ်ဖုန်းအသုံးပြုသူများအပေါ် လိမ်လည်လှည့်ဖြားမှုများအတွက် သုံးစွဲသူ ကာကွယ်ရေး လှုပ်ရှားမှုကို မြန်မာ့ဆက်သွယ်ရေးအော်ပရေတာများ စုပေါင်းစတင်

09 October, 2018 - Yangon

မိုးဘိုင်းလ် ဖုန်းအသုံးပြုသူများအပေါ် လိမ်လည်လှည့်ဖြားနေမှုအမျိုးမျိုးနှင့်ပတ်သက်၍သုံးစွဲသူများပိုမိုသတိပြုမိစေရန်နှင့် ရှောင်ရှားနိုင်မည့်နည်းလမ်းအကြောင်းအရာအသိပညာများမျှဝေရန် မြန်မာနိုင်ငံ၏ဆက်သွယ်ရေးအော်ပရေတာများဖြစ်ကြသောMPT၊ Ooredoo၊ Telenor နှင့် MyTelတို့အတူတကွပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ယနေ့ခေတ်တွင် မိုဘိုင်းလ်ဖုန်းများအတွင်း၌ အရေးကြီးသောအချက်အလက်များဖြစ်သည့်ကိုယ်ရေးကိုယ်တာအချက်အလက်များ၊ မိုဘိုင်းလ်ဘဏ်စနစ် အက်ပလီကေးရှင်းများနှင့် ဖုန်းအတွင်းလက်ကျန်ငွေများစသောအချက်အလက်များစွာကိုသိမ်းဆည်းထားနိုင်ပြီဖြစ်သည်။ ထို့ကြောင့် မိမိတို့၏ မိုဘိုင်းလ်ဖုန်းများအားမည်ကဲ့သို့ လုံခြုံစွာထိန်းသိမ်းရမည်ဆိုသည့် အသိပညာသည် ပိုမိုအရေးပါလာခြင်းပင် ဖြစ်သည်။

မိုဘိုင်းလ်ဖုန်းအသုံးပြုမှုများ မြင့်တက်လာသည်နှင့်အမျှ မြန်မာနိုင်ငံသည်ပြည်တွင်း၊ ပြည်ပမှ ပြစ်မှုကျူးလွန်သူများ၏ ပစ်မှတ်တစ်ခု ဖြစ်လာနေပြီဖြစ်သည်။ ထိုသူများက မြန်မာလူမျိုးတို့၏ စိတ်ရင်းစေတနာ ကောင်းမွန်ပြီး အယုံအကြည်လွယ်သည့် သဘောသဘာဝကိုအခွင့်ကောင်းယူ၍ပြစ်မှုများကို ကျူးလွန်နေကြခြင်းဖြစ်သည်။ ထို့ကြောင့်သုံးစွဲ သူများအားမိုဘိုင်းလ်ဖုန်းအသုံးပြုပြီး လိမ်လည်ခြင်းများအပေါ်မှ ကာကွယ်ရန်မှာ မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးအော်ပရေတာများ၏ အဓိကဦးစားပေးရမည့်ကိစ္စတစ်ရပ်လည်း ဖြစ်ပါသည်။

တစ်ဆက်တည်းမှာပင်ထိုကဲ့သို့သောလိမ်လည်လှည့်ဖြားနေမှုမှုများကိုခွဲခြားသိရှိနိုင်စေရန်နှင့်ကာကွယ်ရန် ဆောင်ရွက်ရမည့်အချက်များကိုသုံးစွဲသူများကသိရှိနားလည်ထားရန်မှာလည်းအရေးပါလှပါသည်။

လိမ်လည်လှည့်ဖြားခေါ်ဆိုမှုများအားခွဲခြားသိရှိပါသလား။ လိမ်လည်လှည့်ဖြားခေါ်ဆိုသူများသည် သုံးစွဲသူများအားမည်ကဲ့သို့ လိမ်လည်လှည့်ဖြားနိုင်သည်ကိုသိနားလည်ပါသလား။

မိုဘိုင်းလ်ဖုန်းအသုံးပြုသူများအပေါ် လိမ်လည်လှည့်ဖြားသူများ၏ သွေးဆောင်သည့် နည်းလမ်းအများစုမှာ-

  • အရည်အသွေးနိမ့်သော (သို့မဟုတ်) လုံခြုံမှုနည်းသောဖုန်းနှင့်ဆက်စပ်ပစ္စည်းများအားဝယ်ယူစေခြင်း။
  • အထူးဝန်ဆောင်မှုများဖြစ်သည့် မိုဘိုင်းဖုန်းခေါ်ဆိုခအဆမတန်ကုန်ကျစေမည့် ဝန်ဆောင်မှုများအားမတော်တဆဖုန်းခေါ်ဆိုမိခြင်း။
  • ကိုယ်ပိုင် PINနံပါတ် သို့မဟုတ် လျှို့ဝှက်နံပါတ်များအားရယူခြင်း။
  • စျေးနှုန်းမြင့်မားသောဝန်ဆောင်မှုများကိုသုံးစွဲသူများသတိမထားမိခင်တွင် ရယူမိစေခြင်း။

အထက်ပါနည်းလမ်းများကဲ့သို့ မိုဘိုင်းလ်ဖုန်းသုံးစွဲသူများအားပစ်မှတ်ထားသည့် လိမ်လည်လှည့်ဖြားခြင်း အမျိုးမျိုးရှိပါသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း “missed callများခေါ်ဆိုခြင်း” နှင့် “SMS မှ လင့်ခ်အမှားများပေးပို့ခြင်း”တို့ဖြင့် လိမ်လည်လှည့်ဖြားမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ပါသည်။

“Missed Call” ဖြင့် လိမ်လည်လှည့်ဖြားခြင်း

သင်၏ ဖုန်းအတွင်းသို့ Missed call တစ်ခုဝင်ရောက်လာပြီး(တစ်ခါတစ်ရံတွင် SMSရရှိခြင်း) ၎င်းနံပါတ်ကို ပြန်လည်ခေါ်ဆိုလိုက်ခြင်းဖြင့်စျေးနှုန်းမြင့်ဝန်ဆောင်မှုနှုန်းထား[xxx] ကျပ်အထိကျသင့်နိုင်မည့် ၀န်ဆောင်မှုတစ်ခုအား ရယူမိပြီး ဖြစ်နိုင်သည်။ သတိပြုရန် မှာပြည်တွင်းခေါ်ဆိုမှုအသွင်ဖြင့် ဖုန်းဝင်လာပါက သင်ဖုန်းကိုင်မိရန် အလားအလာပိုများသောကြောင့် လိမ်လည်လှည့်ဖြားသူများသည် ကွန်ပျူတာဆော့ဖ်ဝဲများဖြင့် Caller ID (နံပါတ်အတု) များဖန်တီးကာ ထိုအချက်ကိုအသုံးပြု၍ ဖုန်းခေါ်ဆိုမှုအတုများ ပြုလုပ်ကြပါသည်။

“SMSမှတဆင့် link များ” ပေးပို့၍ လိမ်လည်လှည့်ဖြားခြင်း

အဆိုပါကိစ္စရပ်တွင် ဘဏ်ကဲ့သို့သောတရားဝင်အဖွဲ့အစည်းတစ်ခုထံမှ ပေးပို့သည့်ပုံစံဖြင့် စာတိုတစ်စောင်ကိုသင်လက်ခံရရှိမည် ဖြစ်ပြီး၎င်းစာတိုတွင်ပါဝင်တတ်သောအကြောင်းအရာများမှာအများအားဖြင့် သင့်အကောင့်အချက်အလက်များအား ပိုမိုပြည့်စုံအောင်ဖြည့်စွက်ရန် (သို့) အထူးလက်ဆောင်များရယူနိုင်စေရန် (သို့) အခြားအရေးကြီးလုပ်ငန်း ဆောင်တာများဆောင်ရွက်ရန် အတွက်ပေးပို့လိုက်သည့် link အားclickနှိပ်၍ ဝင်ရောက်ရန်စသောတိုက်တွန်းသည့် အချက် အလက်များပါဝင်တတ်ပါသည်။ ထိုသို့ လုပ်ဆောင်ခိုင်းမှုအားလုံးမှာသင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို လိမ်လည်လှည့်ဖြားသူများ/ပြစ်မှုကျူးလွန်သူများထံသို့ တိုက်ရိုက်ပေးပို့စေခြင်းပင် ဖြစ်သည်။ ဘဏ်နှင့် ဆက်သွယ်ရေးအော်ပရေတာများမှ သုံးစွဲသူ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များတောင်းခံခြင်းမပြုကြသည်ကို သတိပြုမိကြရန် အရေးကြီးပါသည်။သံသယရှိသည်ဆိုပါကသင်၏ ဝန်ဆောင်မှုကုမ္ပဏီအားတိုက်ရိုက်ဖုန်းခေါ်ဆို၍ စစ်ဆေးခိုင်းသင့်ပါသည်။

“သုံးစွဲသူဝန်ဆောင်မှု”သို့မဟုတ် “ကံစမ်းမဲပေါက်သည်ဟုအကြောင်းကြားခြင်း”

ဤအမျိုးအစားတွင် နာမည်ကြီးကုမ္ပဏီတစ်ခုဖြစ်သည် ဟုပြောသည့်လူတစ်ဦးကသင့်ကို ဆက်သွယ်လာမည်ဖြစ်သည်။ ဖုန်းခေါ်ဆိုမှုအတွင်းသင်၏ လျှို့ဝှက်နံပါတ် သို့မဟုတ် PINနံပါတ်အားရယူနိုင်ရန် လိမ်လည်လှည့်ဖြားပြောဆိုမည် ဖြစ်သည်။လိမ်လည်လှည့်ဖြားနည်းဥပမာတစ်မျိုးမှာနည်းပညာပိုင်းဆိုင်ရာပြဿနာများရှိသဖြင့် သင့်အကောင့်ကိုစစ်ဆေးရန် လျှို့ဝှက်စကားလုံးတောင်းခံခြင်း ဖြစ်ပြီးအခြားသောနည်းမှာသင်သည်ဆုလက်ဆောင်ကံထူးသဖြင့် သင့်အကောင့်အချက်အလက်အသေးစိတ်များအားပေးပို့ခြင်းဖြင့်ဆုလက်ဆောင်ကိုလွှဲပြောင်းပေးမည်ဟုလိမ်လည်ခြင်းဖြစ်သည်။ လိမ်လည်သူများကအချက်အလက်များရလျှင်ရခြင်းသင့်အကောင့်အတွင်းရှိငွေပမာဏအားလုံးအားလွှဲပြောင်းရယူသွားမည် ဖြစ်သည်။

သင်နှင့် သင့်ဖုန်းကိုလိမ်လည်လှည့်ဖြားမှုများမှ ကာကွယ်ပါ

သင်နှင့် သင့်မိုဘိုင်းလ်ဖုန်းကိုမိုဘိုင်းလ်ဖုန်း အသုံးပြု၍ လိမ်လည်ခြင်းများ၊ အခြားသောလိမ်လည်မှုများမှ မည်သို့ ကာကွယ်ရမည်ဆိုသည့် အသိပညာများမိုဘိုင်းလ်ဖုန်းအသုံးပြုသူများအကြားတွင် ပိုမိုပျံ့နှံ့လာရေးသည် အရေး ကြီးလာပါသည်။မိမိတို့၏ ကိုယ်ရေးကိုယ်တာအချက်အလက်များလုံခြုံစေရန် ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် သုံးစွဲသူတိုင်းထံတွင်လည်းတာဝန်ရှိပါသည်။သုံးစွဲသူများကိုကူညီရန်အတွက်မြန်မာနိုင်ငံရှိဆက်သွယ်ရေးအော်ပရေတာများအားလုံးအတူတကွ ပူးပေါင်းကာအောက်ပါအကြံပြုချက်များကို မျှဝေခဲ့ပါသည်။

၁။ သင့်ဖုန်းစနစ်အတွင်းသို့အန္တရာယ်ရှိနိုင်သည့်အရာများ ၀င်ရောက် စေနိုင်သောကြောင့် မယုံကြည်ရသော(သို့မဟုတ်) မိမိမသိသည့်အရင်းမြစ်များမှ အက်ပလီကေးရှင်းနှင့် ဖိုင်များထည့်သွင်းခြင်းကိုခွင့်မပြုပါနှင့်။ ဝင်ရောက် လာသည့်အရာသည် သင့်ကိုယ်ရေးကိုယ်တာအချက်များကိုခိုးယူခြင်းဖြင့် လိမ်လည်သူများကသင်၏ မိုဘိုင်းလ်ဘဏ်စနစ်ကိုဝင်ရောက်ခြင်း(သို့မဟုတ်)အဆင့်မြင့်ဝန်ဆောင်မှုများရယူသည့် ဖုန်းခေါ်ဆိုခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။
 

၂။ သင်မသိသော ပြည်ပမှဖုန်းနံပါတ်နှင့် ဖုန်းခေါ်ဆိုခြင်း၊အထူးသဖြင့်မျှော်လင့်မထားသော ပြည်ပမှ ဖုန်းခေါ်ဆိုခြင်းများကိုဖြေကြားခြင်းမပြုပါနှင့်။ထိုကဲ့သို့ ဖုန်းခေါ်ဆိုမှုမျိုးကိုလက်ခံရရှိပါကချက်ချင်းဖုန်းချပါ။
 

၃။ အခြားတစ်ဖက်မှ ပြန်လည်ဖြေကြားသူမရှိဘဲဖုန်းကိုင်ထားရန်သာပြောကြားသည့် ခေါ်ဆိုမှုများအားချက်ချင်းဖုန်းချပါ။
 

၄။ သင်၏ Password (သို့)တစ်ခါသုံး Password (သို့) PIN နံပါတ်များကိုမိမိမသိသောဖုန်းခေါ်ဆိုသူများအားမပေးပါနှင့်။ ဝန်ဆောင်မှုကုမ္ပဏီအစစ်အမှန်များသည် မည်သည့်အခါမှ ထိုအချက်အလက်များကိုတောင်းခံခြင်းမရှိပါ။
ဘဏ်အကောင့်/ချေးငွေကတ်/အမည်နှင့်လိပ်စာစသည့် ကိုယ်ရေးကိုယ်တာအချက်အလက်အသေးစိတ်ကိုမိမိမသိသောဖုန်းခေါ်ဆိုသူများအားမပေးပါနှင့်။
 

၅။ အကယ်၍ သင့်အနေနှင့် သံသယရှိပါကသင့်ဝန်ဆောင်မှုကုမ္ပဏီ၏ တရားဝင်ရုံးလိပ်စာသို့မဟုတ် သုံးစွဲသူဝန်ဆောင်မှုဌာနသို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းပါ။ အချက်အလက်အမှန်များကိုကုမ္ပဏီဝက်ဘ်ဆိုက်များတွင် တွေ့နိုင်ပါသည်။
 

၆။ သင့်ဖုန်းသို့မဟုတ် tablet တွင် လျှို့ဝှက်စကားလုံး (Password)သို့မဟုတ် လျှို့ဝှက်ကုတ်နံပါတ်များထားရှိပြီးအသုံးမပြုသည့်အချိန်တိုင်းတွင်လော့ခ်ချထားပါ။
 

၇။ သင်၏ဖုန်းအခိုးခံရပါကသင်အသုံးပြုနေသည့် ဆက်သွယ်ရေးအော်ပရေတာကိုချက်ချင်းအသိပေးအကြောင်းကြားပါ။ အော်ပရေတာမှ သင်၏ SIMကတ်ကိုအချိန်မီပိတ်လိုက်နိုင်ပါလိမ့်မည်။
 

၈။ မူလကမည်သူအသုံးပြုထားမှန်းမသိရသောSIMကတ်များအသုံးပြုခြင်းသည် မိုဘိုင်းလ်ဖုန်းအသုံးပြု၍လိမ်လည်ခြင်းကဲ့သို့သောရာဇဝတ်မှုအမျိုးမျိုးကိုကျူးလွန်ရန် လမ်းဖွင့်ပေးသကဲ့သို့ ဖြစ်လာစေနိုင်ပါသည်။
 

၉။ SIMကတ်မှတ်ပုံတင်ခြင်း၏ လုပ်ထုံးလုပ်နည်းများကိုလိုက်နာဆောင်ရွက်ခြင်းသည် မိုဘိုင်းလ်သုံးစွဲသူအားလုံး၏ လုံခြုံရေးကို မြှင့်တင်ပေးနိုင်ပါသည်။
 

၁၀။ သင်၏ ဖုန်းကိုရောင်းချခြင်း(သို့မဟုတ်)အခြားသူကိုပေးခြင်းတို့ ပြုလုပ်မည်ဆိုပါကသင်၏ အချက်အလက်များအားလုံးကိုfactory reset ချ၍ရှင်းလင်းပြီးမှသာပေးအပ်ရန် သတိထားပါ။
 

၁၁။ သင်ကိုင်ဆောင်သည့် ဖုန်းကတ်မှလွဲ၍ အခြားသောကတ်များအားသင့်မှတ်ပုံတင်အသုံးပြု၍ မှတ်ပုံတင် ခြင်းမပြုရန် သတိပြုပါ။ အကယ်၍ သင့်မှတ်ပုံတင်ဖြင့် မှတ်ပုံတင်ထားသောSIMကတ်ကိုအသုံးပြု၍ ရာဇဝတ်မှုများ ကျူးလွန်ပါကသင့်တွင်လည်းတာဝန်ရှိပါသည်။

အထက်ပါအကြောင်းအရာများနှင့် ပတ်သက်၍ ပိုမိုပြည့်စုံစွာသိရှိလိုပါကဆက်သွယ်ရေးအော်ပရေတာများ၏ တရားဝင်ဝက်ဘ်ဆိုက် သို့မဟုတ် တရားဝင် Facebook စာမျက်နှာများတွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

မီဒီယာများဆက်သွယ်ရန်

ဟေမာန်စိုး

haymannsoe@mptjo.com.mm

MPT

မေမျိုးဟန်

Mhan1@ooredoo.com.mm

Ooredoo Myanmar

ရွှေယင်းမာဦး

shweyinn.maroo@telenor.com.mm

Telenor Myanmar

ထက်ထက်ဝင့်လွင်

htethtetwintlwin @mytel.com.mm

Mytel

Yangon
My Telenor