Article

Cybersecurity: a responsibility we all share

20 May, 2020 - Yangon

ရေးသားသူ - ကိုအာကာညွန့်ဝေ၊ Head of Business Security, Technology Group

ကိုဗစ်-၁၉ ကူးစက်ရောဂါပျံ့နှံ့နေမှုကြောင့် လူသားများသည် ယခင်ကာလများကဲ့သို့ အတူတကွ သွားလာနေထိုင် ပြောဆိုဆက်ဆံရန် မဖြစ်နိုင်သောကြောင့် နည်းပညာ သည် ကမ္ဘာတဝှန်းရှိ လူသားတိုင်းအတွက် အသက်ကယ်ဆေး ဖြစ်လာပါသည်။ ရောဂါဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန် တစ်ယောက်နှင့်တစ်ယောက် ခပ်ခွာခွာ ပြောဆိုဆက်ဆံပြုမူနေထိုင်ချိန်တွင် ဆိုင်ဘာဒိုမိန်းအတွင်း ခြိမ်းခြောက်မှု အသစ်များ ကို ရင်ဆိုင်လာရသည်။

မေလ ၁၇ ရက်နေ့သည် ကမ္ဘာ့ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နေ့ (World Telecommunications and Information Society Day) ဖြစ်သည်။ ပြင်သစ်နိုင်ငံတွင် ၁၈၆၅ ခုနှစ် မေလ ၇ ရက်နေ့တွင် ကျင်းပခဲ့သော ပထမဦးဆုံး အပြည်ပြည်ဆိုင်ရာ တယ်လီဂရပ်ဖ်ညီလာခံတွင် လက်မှတ်ရေး ထိုးဖွဲ့စည်းခဲ့သော International Telecommunication Union (ITU) ကို အစွဲပြု၍ သတ်မှတ်ထားခြင်း ဖြစ်သည်။ ထိုနေ့မှ စတင်၍ ဆက်သွယ်ရေးကဏ္ဍသည် စိတ်ဝင်စားစရာကောင်းသော တီထွင်ဖန်တီးမှု တစ်ခု အဖြစ်မှ ကျွန်တော်တို့ အားလုံး၏ နေ့စဉ်ဘဝအတွက် မရှိမဖြစ်အရေးပါလာခဲ့သည်။ ယခုကဲ့သို့ ကိုဗစ်-၁၉ ဘေးအန္တာရာယ်မျိုးနှင့်အချိန်တွင်မူ ယခင်ကထက် များစွာ ပိုမို၍ အရေးပါလာခဲ့ပြီဖြစ်သည်။

ကျွန်တော်တို့အားလုံး ဖုန်းခေါ်ဆိုမှုများ၊ ဒေတာအသုံးပြုမှုများနှင့် အွန်လိုင်းဗီဒီယို အစည်းအဝေးများကို ပိုမို ပြုလုပ်လာကြသည်နှင့်အညီ ဆက်သွယ်ရေး ကွန်ရက်ကျပ်တည်းမှုများကို ပထမဆုံးအကြိမ် မျက်မြင် ကိုယ်တွေ့ ကြုံတွေ့လာရပြီး ထိုကြုံတွေ့မှုများထဲတွင် မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်သည်။ ကျွန်တော်တို့ အွန်လိုင်းကို ပိုမိုအသုံးပြုလာသည်နှင့်အမျှ ဆိုင်ဘာရာဇဝတ်မှု ကျူးလွန်သူများသည်လည်း အွန်လိုင်းကို ယခင်ကထက် ပိုမိုအသုံးပြုလာကြသည်။ အီးမေးလ်မှတဆင့် လိမ်လည်ခြင်းများ၊ သတင်းအမှားများ၊ ကိုဗစ်-၁၉ နှင့် ပတ်သတ်၍ လူစိတ်ဝင်စားမှုများသော အချက်အလက်များ စသည်ဖြင့် တိုက်ခိုက်၊ လိမ်လည်မှုများ သည် ကုန်လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်း သိသိသာသာ များပြားလာခဲ့သည်။ ခက်ခဲပြီး စိန်ခေါ်မှုများ ရင်ဆိုင်ရသည့် အချိန်ကာလများသည် ရာဇဝတ်မှုကျူးလွန်သူများအတွက် ရွှေရောင်အခွင့်အရေးသဖွယ် ဖြစ်တည်လာပါသည်။

 

အင်တာနက်ဝန်ဆောင်မှုကို မြန်မာနိုင်ငံတွင် ၂၀၀၀ ခုနှစ်၌ စတင်မိတ်ဆက်ခဲ့ပြီး ဆက်သွယ်ရေးကဏ္ဍသည် ၂၀၁၃ ခုနှစ်တွင် ပိုမိုလွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ဖြေလျှော့ပေးခြင်းခံရသည်။ ယနေ့ခေတ် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှု အသုံးပြုသူများသည် နိုင်ငံ့လူဦးရေထက် ပိုမိုများပြားလျက်ရှိပြီး ၂၀၁၉ ခုနှစ်တွင်ပင် အသုံးပြုသူ ၁၀ သန်းခန့် တိုးတက်များပြားလာခဲ့သည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အလျင် မြန်ဆုံးတိုးတက်နေသော အင်တာနက်အသုံးပြုမှုများပြားသော ဒေသတစ်ခုဖြစ်သည်နှင့်အညီ နိုင်ငံလူဦးရေ ၁၀ ဦးအနက် ၄ ဦးသည် အင်တာနက်ဒေတာကို အသုံးပြုနေကြပြီးဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် ဆိုင်ဘာရာဇ ဝတ်မှု ၂ မှုသာ တိုင်ကြားမှုရှိခဲ့ရာမှ ငါးနှစ်အကြာတွင် တိုင်ကြားမှု ၇၄၄ မှုထိ ရှိလာခဲ့သည်။ Scanning နှင့် malware တိုက်ခိုက်မှုများသည် မြန်မာနိုင်ငံတွင် မကြာခဏ တိုင်ကြားခြင်းခံနေရသော ဆိုင်ဘာရာဇဝတ် မှုများဖြစ်သည်။

ဆိုင်ဘာတိုက်ခိုက်ခံရမှုများကို လျှော့ချရန် နည်းပညာဖြင့် အများအပြားလုပ်ဆောင်နိုင်သော်လည်း ဆိုင်ဘာ တိုက်ခိုက်မှုများ ခုခံကာကွယ်ရာတွင် အားအနည်းဆုံးအချက်သည် ကျွန်ုပ်တို့ လူသားများ (အထူးသဖြင့် အင်တာနက်အသုံးပြုသူများ) ပင်ဖြစ်နေသည်။ ကျွန်ုပ်တို့လူသားများ၏ ပင်ကိုသဘောသဘာဝအရ ဆန္ဒ၊ စူးစမ်းချင်စိတ်များကြောင့် တောင်းဆိုချက် လှည့်ကွက်များကို လက်ခံမိခြင်း သို့မဟုတ် ကလစ်နှိပ်လိုက်မိ ခြင်းတို့ဖြင့် လှည့်စားခြင်းခံရနိုင်သည်။ အောက်ဖော်ပြပါ အချက် ၇ ချက်သည် သင်နှင့် သင်ချစ်သောသူ များကို ဆိုင်ဘာတိုက်ခိုက်ခံရမှုမှ ရှောင်ရှားနိုင်အောင် ကူညီပေးနိုင်မည်ဖြစ်သည်။

  • အွန်လိုင်းမှ သတင်းအချက်အလက်များပေါ်တွင် သံသယထားရှိပါ - အကယ်၍ သတင်းအချက်အ လက်များမှာ တုန်လှုပ်ခြောက်ခြားစရာ သို့မဟုတ် လက်ခံနိုင်ဖွယ်ရာမရှိပါက ထိုသတင်းအချက်အ လက်များသည် အတုအယောင်နှင့် သင်၏ စူးစမ်းချင်စိတ်ကို လှုံ့ဆော်ရန် လုပ်ဆောင်ထားသော သတင်းများဖြစ်နိုင်သည်။ သတင်းရင်းမြစ်ကို သေချာစစ်ဆေးပါ။
  • သင်လက်ခံရရှိသော ကမ်းလှမ်းမှုသည် မယုံနိုင်စရာကောင်းလောက်အောင် ကောင်းလွန်းနေပါက ထိုကမ်းလှမ်းမှုသည် အတုအယောင်ဖြစ်နေနိုင်သည်။ ထိုကမ်းလှမ်းချက်ပို့ပေးသောသူကို သေချာ စစ်ဆေးပါ။
  • အီးမေးလ်များတွင် ပါရှိသည့် လင့်ခ်များသို့ ကြည့်ရှုရန် ခလုတ်မနှိပ်မီ ဝက်ဆိုဒ် (URL) နှင့် သင့်ထံ အီးမေးလ်ပို့သူ မှန်၊ မမှန်ကို သေချာစစ်ဆေးပါ။
  • သင်မသိသောသူမှ စာများပေးပို့လာပြီး ၎င်းနှင့်တွဲလျက်ပါလာသော ဖိုင်များကို ဖွင့်ကြည့်ရန် အတင်း တိုက်တွန်းနေပါက သတိထားပါ။
  • အသုံးပြုသူနာမည် (username)၊ လျှို့ဝှက်စကား (password) သို့မဟုတ် အကြွေးဝယ်ကတ် အချက်အလက်များ အသေးစိတ်တောင်းခံခြင်း သို့မဟုတ် ဖြည့်စွက်ရန် မေတ္တာရပ်ခံသည့် တောင်းဆိုမှုများကို အစဉ်အမြဲသံသယထားရှိပါ။
  • မသင်္ကာစရာအပြုအမူများကို သတိထားမိပါက ထိုအကြောင်းကို သင်၏ ကွန်ရက်အား စီမံခန့်ခွဲပေး သူ သို့မဟုတ် အင်တာနက်ဝန်ဆောင်မှုပေးသူထံ အကြောင်းကြားပါ။
  • အင်တာနက်ကွန်ရက်လုံခြုံရေးနှင့်ပတ်သက်ပြီး ပို့ချသည့် သင်တန်းများကို တက်ရောက်ပါ။ သတင်း အချက်အလက်အသစ်များကို အမြဲသိနေအောင် နားစွင့်ထားပါ။

ကျွန်ုပ်တို့ တဖြည်းဖြည်းနှင့် မသိမသာမှီခိုအားထားလွန်းလာနေသော အင်တာနက်ဆက်သွယ်ရေး အခြေခံ အဆောက်အအုံကြီးသည် မတည်ငြိမ်၊ မလုံခြုံ၊ စိတ်မချရ သို့မဟုတ် မယုံကြည်ရ ဖြစ်လာနိုင်မည်လား။ ထိုသို့ ဆိုပါက အခြေအနေများသည် လုံးဝကွဲပြားခြားနားသွားမည်ဖြစ်သည်။ ဒီဂျစ်တယ်ကမ္ဘာကြီးသည် ပိုမိုဖွံ့ဖြိုး တိုးတက်လာသည်နှင့်အညီ cyberspace နှင့် cloud solutions တို့တွင် အလွန်အရေးပါသော ဝန်ဆောင်မှု များကို ပိုမိုပေးစွမ်းလာပြီး ထိုအချက်များကို အခွင့်ကောင်းယူလျက် ဆိုင်ဘာရာဇဝတ်မှုနှင့် အခြားသော တရားမဝင်အပြုအမူများကို လုပ်ဆောင်ရန် အခွင့်အရေးတစ်ခုအဖြစ် အသုံးချနိုင်သော လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတို့သည်လည်း အမြဲတမ်းရှိနေနိုင်မည်ဖြစ်သည်။

IBM X-force ၏ ၂၀၂၀ ခုနှစ် စစ်တမ်းအရ ကမ္ဘာတဝှမ်းတွင် ဆိုက်ဘာတိုက်ခိုက်ခံရမှု မှတ်တမ်းပေါင်းသည် ၂၀၁၉ ခုနှစ်အတွင်း (၈.၅) သန်းကျော်ရှိခဲ့ပြီး အဆိုပါ ပမာဏ သည် ၂၀၁၈ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် နှစ်ဆကျော် မြင့်တက်လာခြင်းဖြစ်သည်။ Ramsomware ဖြင့်တိုက်ခိုက်ခံရမှုသည် နှစ်စဉ် စစ်ဆေးလေ့လာချက်များအရ ၂၀၁၉ ၏ စတုတ္ထ‌သုံးလတာ ကာလအတွင်း ၆၇% မြင့်တက်ခဲ့ကြောင်း ‌တွေ့ရှိခဲ့ရသည်။ ဤသို့သော ဖြစ်စဉ် များသည် အစိုးရမှသည် ကျန်းမာရေး စောင့်ရှောက်မှု၊ ကုန်ထုတ်လုပ်မှုနှင့် တယ်လီကွန်းစသည့် လုပ်ငန်း နယ်ပယ် ကဏ္ဍပေါင်းစုံတွင် ကြုံတွေ့နေရသည်။

ထို့ကြောင့် ဤကဲ့သို့ အရေးပါသည့် အခန်းကဏ္ဍမှ လုပ်ငန်းများ ဆောင်ရွက်နေသည့် ကျွန်ုပ်တို့၏ ကွန်ရက် များကို တိုက်ခိုက်ခံရပါက ခြေရာခံနိုင်ရန်၊ ခုခံတုံ့ပြန်နိုင်ရန် စသည့် ကွန်ရက်လုံခြုံရေးပိုင်း ပိုမိုကောင်းမွန်လာ စေရန်အတွက် တယ်လီနောအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ပရိုဂရမ်တစ်ခုကို အကောင်အထည်ဖော် လုပ်ဆောင် လျက်ရှိသည်။ အဆင့်မြင့် အပိုထပ်ဆောင်းဝန်ဆောင်မှုများ ပံ့ပိုးပေးခြင်းဖြင့် ဆန်းပြားရှုပ်ထွေးသော တိုက် ခိုက်မှုများ သို့မဟုတ် အဆင့်မြင့် malware များ၏ ရန်မှ ကာကွယ်ပေးနိုင်ရန်အတွက် သုံးစွဲသူများ၏ လုံခြုံမှု ကို သေချာအောင် လုပ်ဆောင်လျက်ရှိသည်။

ကျွန်ုပ်တို့ကိုယ်တိုင် ဦးဆောင်နေကြရသော ဒစ်ဂျစ်တယ် လူ့အသိုက်အဝန်းများ၊ ဒစ်ဂျစ်တယ် စီးပွားရေး များနှင့် ဒစ်ဂျစ်တယ်ဘဝများ လုံခြုံစိတ်ချရရေးကို သေချာစေဖို့ရန် ကျွန်ုပ်တို့ အားလုံး၌ တာဝန်ရှိပါသည်။ ကျွန်ုပ်တို့သည်လည်း မိမိကျရာတာဝန်ကို ကျေပွန်အောင် အကောင်းဆုံး ထမ်းဆောင်သွားမည် ဖြစ်ပါသည်။ ပျော်ရွှင်စရာ တယ်လီကွန်းနေ့ ဖြစ်ပါစေ။

About Author

၁၉၉၅ ခုနှစ်ဝန်းကျင်တွင် ရန်ကုန်နည်းပညာတက္ကသိုလ် (ယခင် RIT) တွင် လျှပ်စစ် အင်ဂျင်နီယာဘာသာရပ် ကို လေ့လာဆည်းပူးနေဆဲကာလ၌ ထိုင်းနိုင်ငံ၊ Assumption University သို့ ပြောင်းရွေ့ကာ ဘွဲ့ကြိုတန်း ပြီးဆုံးအောင် တက်ရောက်ပညာသင်ကြားခဲ့သည်။ မိုးလေဝသနှင့် Wind Tunnel ဆိုင်ရာ ကိရိယာများနှင့် သက်ဆိုင်သည့် ထိုင်းကုမ္ပဏီတစ်ခုတွင် ၆ နှစ်တာ လုပ်ကိုင်ခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ထိုင်းနိုင်ငံ Nokia Siemens Networks (ယခု Nokia) ၌ အလုပ်ဝင်ခဲ့ကာ OSS နှင့် SDM ထုတ်ကုန်များကို ပံ့ပိုးပေးသည့်ဌာန၌ ၂၀၁၆ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၇ နှစ်ဆန်းပိုင်းမှစတင်ပြီး တယ်လီနောမြန်မာ၏ ISIT စီမံကိန်း များကို ပံ့ပိုးပေးနိုင်ရန် စီမံကိန်းမန်နေဂျာ (PM) ဖြင့် ဝင်ရောက်ခဲ့ပြီး ၂၀၁၈ နှစ်ဦးတွင် Business Security ဌာန ကို လက်လွှဲရယူခဲ့ပြီ ယနေ့အချိန်အထိ ၎င်းဌာနတွင်ပင် တာဝန်များထမ်းဆောင်လျက်ရှိသည်။

Yangon
My Account
Live Chat
Share Share