Press Release

၂၀၁၇ ခုနှစ်အတွင်း လူသုံးအများဆုံး ဖုန်းဟန်းဆက် အမှတ်တံဆိပ်များအား တယ်လီနော ထုတ်ပြန်

10 January, 2018 - Yangon

  • မြန်မာနိုင်ငံရှိ တယ်လီနော အသုံးပြုသူများအကြား Huawei၊ Samsung၊ Oppo၊ Vivo နှင့် Xiaomi အမျိုးအစား ဖုန်း ဟန်းဆက်များ အသုံးအများဆုံးဖြစ်

နှစ်သစ် ရောက်ရှိလာသည်နှင့်အတူ ကုန်လွန်ခဲ့သော ၂၀၁၇ ခုနှစ် အတွင်း တယ်လီနောအသုံးပြုသူများအကြား လူသုံးအများဆုံး ဖုန်းဟန်းဆက်များအကြောင်း လေ့လာ သုံးသပ် ထားသည့် စစ်တမ်းတစ်ခုကို တယ်လီနောမြန်မာက ထုတ်ပြန်လိုက်ပါသည်။

မကြာသေးမီက ဆောင်ရွက်ခဲ့သည့် နှစ်ကုန်လေ့လာချက်စစ်တမ်းရလဒ်များအရ Huawei သည် တယ်လီနော သုံးစွဲသူများအကြား ရေပန်းအစားဆုံး မိုဘိုင်းဟန်းဆက် အမျိုးအစား ဖြစ်ပြီး တယ်လီနောသုံးစွဲသူ လူဦးရေ ၁၉ သန်း၏ ၂၄ ရာခိုင်နှုန်းခန့်က အသုံးပြုနေကြောင်း လေ့လာတွေ့ရှိရသည်။

Huawei ၏ နောက် ဒုတိယနေရာတွင် သုံးစွဲသူစုစုပေါင်း၏ ၁၃ ရာခိုင်နှုန်းဖြင့် Samsung က ရပ်တည်လျက်ရှိပြီး ယင်းနောက်တွင် Oppo၊ Vivo နှင့် Xiaomi အမှတ်တံဆိပ် စမတ်ဖုန်းများ အသီးသီး ရပ်တည်လျက်ရှိသည်။ Apple ထုတ်ကုန်များကိုမူ မြန်မာနိုင်ငံတစ်ဝန်းရှိ တယ်လီနော၏ ဖုန်းခေါ်ဆိုမှု နှင့် ဒေတာ ဝန်ဆောင်မှုများအား အသုံးပြုသူ အရေအတွက်၏ ၁ ရာခိုင်နှုန်းခန့်ကသာ အသုံးပြုကြသည့်အတွက် ထိပ်ဆုံး ၅ နေရာတွင် ပါဝင်ခဲ့ခြင်း မရှိပေ။

“ပြိီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံမှာ တန်ဖိုးသင့်စမတ်ဖုန်းတွေ ဝင်ရောက်လာခဲ့တဲ့အတွက် မိုဘို်င်းဖုန်း အဓိကအသုံးပြုတဲ့ ဈေးကွက်တစ်ခု ဖြစ်ပေါ်လာစေခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိ တယ်လီနောသုံးစွဲသူ လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းခန့်ဟာ စမတ်ဖုန်းအသုံးပြုသူတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နိုင်ငံတစ်ဝန်းမှာ မိုဘိုင်း ကွန်ရက် အဆင့်မြှင့်တင်မှုတွေ ဆက်လက်ပြုလုပ်နေသလို ကျေးလက်နဲ့ ဝေးလံခေါင်းပါးတဲ့ဒေသတွေမှာ ကွန်ရက်လွှမ်းခြုံမှုတွေ တိုးချဲ့နေခဲ့တဲ့အတွက် ဒီနှစ်အတွင်းမှာလည်း မြန်မာနိုင်ငံမှာ တန်ဖိုးသင့် စမတ်ဖုန်း ဟန်းဆက်တွေ ဆက်လက်လူကြိုက်များနေဦးမယ်လို့ မျှော်လင့်နိုင်ပါတယ်” ဟု တယ်လီနောမြန်မာ၏ ဈေးကွက် ဖော်ဆောင်ရေး အရာရှိချုပ်ဖြစ်သူ Joslin Myrthong က ပြောကြားသည်။

ထို့အပြင် “မြန်မာနိုင်ငံအတွင်း နေထိုင်သူအားလုံးနီးပါးဟာ အခုအချိန်မှာ အချင်းချင်းအလွယ်တကူ ဆက်သွယ် နေနိုင်ပြီဖြစ်ပြီး ကျွန်တော်တို့ရဲ့ လက်ရှိအဓိကရည်ရွယ်ချက်က ပိုမိုကောင်းမွန်တဲ့ ၀န်ဆောင်မှုတွေနဲ့ ရိုးရှင်းပြီး အဆင်ပြေအချောမွေ့ဆုံး သုံးစွဲမှုအတွေ့အကြုံတွေကို ပေးအပ် သွားဖို့ပဲ ဖြစ်ပါတယ်။ ဒီ လေ့လာ ဆန်းစစ်ချက် ကနေ တစ်ဆင့် တယ်လီနောသုံးစွဲသူတွေ ကြိုက်နှစ်သက်တဲ့အချက်တွေကို ပိုမိုသိရှိနားလည်နိုင်ခဲ့တဲ့အပြင် သူတို့ကို အကောင်းမွန်ဆုံး ဝန်ဆောင်မှုတွေ ပေးအပ်နိုင်ဖို့အတွက်လည်း တစ်ဖက်တစ်လမ်းကနေ အထောက် အကူ ဖြစ်စေခဲ့ပါတယ်။ တယ်လီနော သုံးစွဲသူတွေအနေနဲ့ အကောင်းမွန်ဆုံး ဝန်ဆောင်မှုတွေကို ဆက်လက်ရရှိ အသုံးပြုနိုင်နေစေဖို့ ကျွန်တော်တို့ရဲ့ ကွန်ရက်နဲ့ ဝန်ဆောင်မှုအရည်အသွေးတွေကို ကောင်းသည်ထက်ကောင်း မွန်အောင် ဆက်လက် အဆင့် မြှင့်တင် သွားမှာ ဖြစ်ပါတယ်” ဟု Joslin က ထပ်မံပြောကြားသည်။

တယ်လီနောသည် မြန်မာနိုင်ငံ၏ အကျယ်ပြန့်ဆုံး 4G ကွန်ရက်ကို တည်ဆောက်ထားပြီးဖြစ်ကာ နို်င်ငံတစ်ဝန်း မြို့ကြီး ၅၀ ကျော်ရှိ တယ်လီနောသုံးစွဲသူများအတွက် တည်ငြိမ်ပြီး အဆင့်မြင့်မားသည့် 4G ဒေတာ သုံးစွဲမှု အတွေ့အကြုံများကို ပေးအပ်လျက်လည်း ရှိပါသည်။ ထို့အပြင် ကမာ္ဘတစ်ဝန်း အင်တာနက် အသုံးပြု သူများကို အခြေပြု၍ မိုဘိုင်းကွန်ရက်အခြေအနေများကို ထုတ်ပြန်ပေးသည့် အကြီးမားဆုံး ကွန်ရက်စံနှုန်းပြ စီမံကိန်း တစ်ခုဖြစ်သည့် Open Signal က ပြုလုပ်သော ဆန်းစစ်ချက်များအရလည်း တယ်လီနော၏ 3G ကွန်ရက် ဝန်ဆောင်မှုများသည် မြန်မာနိုင်ငံတွင် အကောင်းဆုံးအဖြစ် ရပ်တည်လျက်ရှိသည်။

တယ်လီနောမြန်မာအနေဖြင့် လက်ရှိတွင် ကုမ္ပဏီ၏ အကြီးမားဆုံးနှင့် အလျင်မြန်ဆုံး ကျယ်ပြန့်လာနေသည့် ဒေတာကွန်ရက်မှတဆင့် မြန်မာနိုင်ငံတစ်ဝန်းမှ သုံးစွဲသူပေါင်း ၁၉ သန်းကျော်အား ဝန်ဆောင်မှုများ ပေးအပ် လျက်ရှိသည်။ နိုင်ငံတစ်ဝန်းရှိ မြို့နယ်အားလုံးတွင် ကွန်ရက်လွှမ်းခြုံမှုရှိထားပြီးဖြစ်သည့် တယ်လီနောသည် အသုံးပြုသူများအတွက် ရင်းနှီးမြုပ်နှံမှုအသစ်များနှင့် Google Play Store တွင် မြန်မာနိုင်ငံ၏ လူကြိုက် အများဆုံး နံပါတ် ၁ နေ့စဉ် လူမှုဘဝအက်ပလီကေးရှင်းအဖြစ်ရပ်တည်နေသည့် WowBox ကဲ့သို့သော တီထွင် ဆန်းသစ်မှုများဖြင့် အစဉ်မပြတ် ဝန်ဆောင်မှုများပေးအပ်လျက်ရှိသည်။

 

မီဒီယာများဆက်သွယ်ရန် 

အဲလက်စ် ညီညီအောင်
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ 
တယ်လီနော မြန်မာ
အီးမေလ်း: nyinyi.aung@telenor.com.mm

Yangon
My Telenor