Press Release

အွန်လိုင်းအသုံးပြုရာတွင် ဘေးကင်းစေရေး သင်ကြားပေးမည့် Digiworld ဂိမ်းကို စတင်မိတ်ဆက်

16 June, 2018 - Yangon

ကလေးငယ်များ အွန်လိုင်းအသုံးပြုရာတွင် ဘေးကင်းလုံခြုံမှု ရှိစေရန် အတွက် Digiworld အမည်ရှိ ဂိမ်းအမျိုးအစားအသစ်ကို မိတ်ဆက်လိုက်ပြီး ကမ္ဘာတစ်ဝန်းရှိ စာသင်ကျောင်းများ၊ ကျောင်းသားကျောင်းသူများနှင့် မိဘများ အသုံးပြုနိုင်ရန် တယ်လီနောလုပ်ငန်းစုက လုပ်ဆောင်သွားမည် ဖြစ်သည်။ 
 
အင်တာနက်အသုံးပြုခြင်းကြောင့် သုံးစွဲသူများအနေဖြင့် အကန့်အသတ်မရှိသော အခွင့်အလမ်းများအား လက်လှမ်းမီ နိုင်သော်လည်း တစ်ချိန်တည်းမှာပင် စိန်ခေါ်မှုတစ်ရပ်အဖြစ်လည်း ကျန်ရှိနေပေသည်။ အွန်လိုင်းတွင် သင့်အနေနှင့် မည်သူကို ယုံကြည်နိုင်မည်နည်း၊ သင့် မိတ်ဆွေတစ်ဦး၏ ဓာတ်ပုံအား လူမှုကွန်ရက်ပေါ်တွင် ခွင့်ပြုချက်မရှိဘဲ တင်ခွင့် ရှိပါသလား၊ အပြောင်အပျက်နှင့် စော်ကားသည့် မှတ်ချက်ပေးမှု မည်သို့ ကွာခြားပါသနည်း၊ အကူအညီလိုအပ်သည့် အခါတွင် သင့်အား မည်သူများက ကူညီပေးနိုင်မည်နည်း စသည့်အကြောင်းချင်းရာများအပါအဝင်  အွန်လိုင်းအသုံးပြု ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော အခြားအန္တရာယ်များကိုလည်း သိရှိထားရန်လိုအပ်သည်။
 
“အခုခေတ်လူငယ်အများစုဟာ သူတို့ရဲ့မိဘတွေထက် နည်းပညာပိုင်း ပိုမိုကျွမ်းကျင်မှု ရှိကြတာ တွေ့ရပါတယ်။ ဒါပေမဲ့ ဒီအချက်တစ်ချက်ကိုပဲကြည့်ပြီး အွန်လိုင်းမှာ လုံခြုံစိတ်ချရအောင် ဘယ်လိုပြုမှုနေထိုင်ရမယ်ဆိုတာ ဒီလူငယ်တွေ သိရှိနားလည်ပြီးဖြစ်တယ်လို့ ပြောလို့မရပါဘူး။ ဒီအတွက်ကြောင့်လည်း တယ်လီနောအနေနဲ့ ဒစ်ဂျစ်တယ် မိသားစုရေးရာ ကျွမ်းကျင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Parent Zone နဲ့ ပူးပေါင်းပြီး အင်တာနက်ကို ဘယ်လို အကျိုးရှိရှိ အသုံးချရပြီး ဘယ်လိုဘေးကင်းလုံခြုံအောင် နေထိုင်ရမယ်ဆိုတဲ့ အချက်တွေကို ကလေးငယ်တွေ၊ ဆယ်ကျော်သက် လူငယ်တွေနဲ့ သူတို့ရဲ့မိဘတွေကို သင်ကြားပေးနိုင်မယ့် အွန်လိုင်းသင်ရိုးညွန်းတမ်းဖြစ်တဲ့ Digiworld ဆိုတဲ့ ဂိမ်းတစ်ခုကို တီထွင်ခဲ့တာ ဖြစ်ပါတယ်” ဟု တယ်လီနောလုပ်ငန်းစု၏ ရေရှည်တည်တံ့သော လုပ်ငန်းဆိုင်ရာကဏ္ဍ တာဝန်ခံ ဖြစ်သူ Mai Oldgard က ပြောကြားသည်။
 
Parent Zone သည် ဒစ်ဂျစ်တယ် မိသားစုရေးရာ ကျွမ်းကျင်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး Digiworld အား အသက် ၅ နှစ်မှ ၁၆ နှစ်အရွယ်ရှိ ကလေးငယ်များ၊ ၎င်းတို့ မိသားစုများနှင့် စာသင်ကျောင်းများအား ကူညီပေးရန် ရည်ရွယ်ပြီး တယ်လီနော လုပ်ငန်းစုတစ်ခုတည်းအတွက်သာ သီးသန့်တီထွင်ထားခြင်း ဖြစ်သည်။ ယင်းသည် အွန်လိုင်းအခြေပြု ဖြစ်ပြီး အချက်အလက်များအား download ရယူနိုင်မည့် interactive ဂိမ်းတစ်ခုဖြစ်သည်။ ဥပမာအားဖြင့် အွန်လိုင်း ပေါ်တွင် သွေးဆောင်ဖျားယောင်းမှုများ၊ အနိုင်ကျင့်မှုများနှင့် မမှန်မကန်သတင်းများ ထုတ်လွှင့်ခြင်းတို့အား တွေ့ကြုံ ခံစားခဲ့ရသည့် Lil’ Blue အမည်ရှိ ကလေးငယ်၏ တစ်နေ့တာ လုပ်ဆောင်ချက်များကို စောင့်ကြည့်လေ့လာပြီး ကလေးငယ် လုံခြုံမှုရှိစေရန်အတွက် အမေးအဖြေများနှင့်အတူ အဆိုပါဂိမ်းက သင်ကြားပြသပေးသွားမည် ဖြစ်သည်။ အဆိုပါဂိမ်း၏ အချို့အပိုင်းများကို အင်တာနက်မလိုဘဲအသုံးပြုစေရန် ဒီဇိုင်းရေးဆွဲထားသည့်အတွက် အင်တာနက် ချိတ်ဆက်မှု မရှိသည့် စာသင်ကျောင်းများတွင်လည်း အသုံးပြုနိုင်မည် ဖြစ်သည်။
 
“လူငယ်တွေနဲ့ သူတို့ရဲ့မိသားစုတွေကို  အွန်လိုင်းမှာ ပိုမိုလုံခြုံမှုရှိပြီး ပိုမို သက်တောင့်သက်တာရှိစေဖို့ အထောက် အကူဖြစ်စေမယ့် ဗဟုသုတတွေ၊ ကျွမ်းကျင်မှုတွေနဲ့ ဒစ်ဂျစ်တယ်နည်းပညာပိုင်းဆိုင်ရာ တတ်သိကျွမ်းကျင်မှုတွေကို သင်ကြားပေးနို်င်မယ့် ကမ္ဘာလုံးဆိုင်ရာ စီမံကိန်းတစ်ခုကို တယ်လီနောနဲ့ အခုလို ပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ရတဲ့အတွက် အလွန်ဝမ်းမြောက်မိပါတယ်” ဟု Parent Zone ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Vicki Shotbolt က ပြောကြားသည်။
 
အွန်လိုင်း အနိုင်ကျင့်မှုပပျောက်ရေးနေ့ (Stop Cyber Bullying Day) ဖြစ်သော ဇွန်လ ၁၅ ရက်နေ့က တယ်လီနော၏ တရားဝင်အွန်လိုင်းစာမျက်နှာဖြစ်သော telenor.com တွင် Digiworld အား စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဂိမ်းကို မြန်မာနိုင်ငံအပါအဝင် အာရှနှင့်ဥရောပရှိ တယ်လီနောစျေးကွက်တိုင်းတွင် နေရာဒေသနှင့်လိုက်လျောညီထွေမှု ရှိစေရန် ပြန်လည်ပြင်ဆင်ပြီး ကလေးငယ်များနှင့် လူငယ်များအသုံးပြုနိုင်စေရန် မိတ်ဆက်သွားမည်ဖြစ်သည်။ အဆိုပါ သင်ရိုးညွန်းတမ်းသည် ကုလသမဂ္ဂ၏  ရေရှည်တည်တံသော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရည်မှန်းချက် အမှတ်စဉ် ၁၀ ဖြစ်သည့် မညီမျှမှုများအား လျှော့ချနိုင်ရမည်ဟူသည့် အချက်နှင့် ပတ်သက်၍ တယ်လီနောက ထားရှိသော ရည်သန်ချက်အတွက် ကြိုးပမ်းလုပ်ဆောင်မှု တစ်စိတ်တစ်ပိုင်းပင် ဖြစ်သည်။ တယ်လီနောအနေဖြင့် ၂၀၂၀ ပြည့်နှစ် တွင် တစ်ကမ္ဘာလုံးမှ ကလေးငယ်ပေါင်း လေးသန်းခန့်အား အွန်လိုင်းတွင် ဘေးကင်းလုံခြုံစွာ နေထိုင်ပြုမှုတတ်စေရန် သင်ကြားပေးသွားမည်ဖြစ်သည်။ 
 
ဒစ်ဂျစ်တယ်ပိုင်းနည်းပညာကို ကျင်လယ်စွာ တတ်မြောက်ကိုင်တွယ်သုံးစွဲနိုင်စေမည့် Digiworld 
ကလေးငယ်တိုင်းသည် အွန်လိုင်းအသုံးပြုရာတွင် ဘေးကင်းလုံခြုံမှုရှိနေသင့်သည်။ သို့သော် ယင်းအချက်မှာ အမြဲ မှန်ကန်ခြင်း မရှိချေ။ အသက် ၉ နှစ်မှ ၁၇ နှစ် အရွယ် အင်တာနက်အသုံးပြုသူများ၏ ၁၄% မှ ၃၆% သည် အွန်လိုင်းအသုံးပြုရာတွင် စိတ်အနှောင့်အယှက်ဖြစ်စရာများနှင့် ကြုံတွေ့ဖူးကြသည်ဟူ Global Kids Online က ပြုလုပ်သည့် လေ့လာချက်တစ်ခုတွင် ဖော်ပြထားသည်။
အွန်လိုင်းတွင် ယင်းကဲ့သို့ ကြုံတွေ့ရနိုင်သည့် စိန်ခေါ်မှုများအား တိုက်ဖျက်နိုင်ရန်အတွက် လူငယ်များ ဒစ်ဂျစ်တယ် နည်းပညာများကို ကျင်လယ်စွာ တတ်ကျွမ်းနားလည်လာစေရန်အတွက် အောက်ပါအချက်များအား Digiworld က ကူညီသွားမည် ဖြစ်သည်။
- အွန်လိုင်းတွင် ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များကို သိရှိနားလည်စေခြင်း
- မည်သို့ အကူအညီ ရယူနိုင်သည်ကို သိရှိစေခြင်း
- အွန်လိုင်း အသုံးပြုမှု အတွေ့အကြုံများမှတဆင့် သင်ယူနိုင်စေခြင်း
- ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ဖြေရှင်းနိုင်စေခြင်း*
 
ဒစ်ဂျစ်တယ် နည်းပညာကို ကျင်လယ်စွာ တတ်ကျွမ်းနားလည်သည့် ကလေးငယ်များသည် အွန်လိုင်းပေါ်တွင် အန္တရာယ်တွေ့ကြုံနိုင်ချေနည်းပြီး အခွင့်အလမ်းများကို အသုံးချနိုင်သည့် အလားအလာပိုရှိကြသည်။
*The UK Council for Child Internet Safety (UKCCIS) Resilience Working Group ၏ အဓိပ္ပာယ် ဖွင့်ဆိုချက် 

 

မီဒီယာများဆက်သွယ်ရန်

ရွှေယင်းမာဦး 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : shweyinn.maroo@telenor.com.mm

Yangon
My Telenor