Press Release

အပြည်ပြည်ဆိုင်ရာကလေး သူငယ်များနေ့အထိမ်းအမှတ် တယ်လီနောဟောပြောပွဲများ အား လူ ၉၀၀၀ နီးပါးတက်ရောက်

29 November, 2018 - Yangon

  •  ဘေးကင်းသောအင်တာနက် ဟောပြောပွဲများအား နိုင်ငံတဝန်းရှိ နေရာပေါင်း ၄၄ ခု၌ တစ်ပြိုင်နက် ကျင်းပခဲ့
  • စတင်တည်ထောင်ချိန်မှ ယနေ့အထိ ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၃၀,၀၀၀ ကျော်အား အခြေခံ ဒစ်ဂျစ်တယ် နည်းပညာနှင့် ဘေးကင်းသောအင်တာနက် အသုံးပြုပုံတို့ကို လေ့ကျင်သင်ကြားပေးနိုင်ခဲ့

ယခုနှစ်၏ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များနေ့ အထိမ်းအမှတ် အဖြစ် တယ်လီနောမြန်မာသည် ၎င်း၏ အကြီးမားဆုံးသော ‘ဘေးကင်းသော အင်တာနက်’ ဟောပြောပွဲအား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ကျောင်းသားကျောင်းသူပေါင်း ၉,၀၀၀ နီးပါးအား ပညာရေးနှင့် ပတ်သက်သည့် အင်တာနက်၏ အကျိုးကျေးဇူးများ၊ အွန်လိုင်းပေါ်တွင် လုံခြုံစိတ်ချစွာ နေထိုင်နိုင်မည့် နည်းလမ်း များအား အဓိကထား ဆွေးနွေးခဲ့သည့်အပြင် ကလေးငယ်များ အင်တာနက်တွင်လုံခြုံစွာ နေထိုင်နိုင်စေမည့် အသိ ပညာများအား ဟောပြောတင်ပြနိုင်ခဲ့သည်။

ဟောပြောပွဲတစ်ခုချင်းစီသည် မိနစ် ၉၀ ခန့်ကြာမြင့်မည် ဖြစ်ပြီး အဆိုပါနေ့တွင် နိုင်ငံတဝန်းရှိ အစိုးရကျောင်းများနှင့် တယ်လီနော၏ အလင်းအိမ်စင်တာများ အပါအဝင် နေရာဒေသပေါင်း ၄၄ ခု၌ ဟောပြောပွဲများအား တစ်ချိန်တည်း တပြိုင်နက် ကျင်းပခဲ့သည်။ အဆိုပါ အစီအစဉ်တွင် တယ်လီနောမြန်မာ၏ ဝန်ထမ်းများနှင့် အလုပ်သင်များကလည်း မြန်မာနိုင်ငံရှိ ပြည်သူလူထု၏ ဒစ်ဂျစ်တယ်နည်းပညာပိုင်းဆိုင်ရာတတ်မြောက်မှု တိုးတက်လာစေရန် တက်တက် ကြွကြွ ပါဝင်ကူညီခဲ့ကြသည်။ ထို့အပြင် ယင်းနေ့ အထိမ်းအမှတ်အဖြစ် တယ်လီနောမြန်မာသည် ကို်ယ်ပိုင် Facebook Profile ဘောင်ပုံစံအသစ်တစ်ခုကိုလည်း ဖန်တီးပြုလုပ်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ကလေး သူငယ်များနေ့ကို ပါ၀င်ဆင်နွဲလိုသူများက အဆိုပါ ဘောင်ပုံစံအသစ်အား ပြောင်းလဲအသုံးပြုခဲ့ကြသည်။

“သုံးစွဲသူတွေကို အကောင်းမွန်ဆုံးဆက်သွယ်ရေးဝန်ဆောင်မှုတွေ ပေးအပ်နိုင်ဖို့အပြင် တစ်ဦးတစ်ယောက်ချင်းစီရဲ့ နေ့စဉ်ဘဝတွေကို ပိုမိုတိုးတက်လာစေနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့အညီ တယ်လီနောအနေနဲ့ မြန်မာနိုင်ငံက ပြည်သူ လူထုတွေအတွက် အကျိုးရှိစေမယ့်အစီအစဉ်တွေကို လုပ်ဆောင်သွားဖို့ အမြဲရည်သန်ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ရဲ့ ဘေးကင်းသော အင်တာနက်ဟောပြောပွဲတွေဟာ ဒီရည်သန်ချက်ရဲ့ သက်သေသာဓကတစ်ခုပဲ ဖြစ်ပါ တယ်။ ယခုနှစ်မှာလည်း အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များနေ့ အထိမ်းအမှတ်အဖြစ် တယ်လီနော ဟာ အကြီးမားဆုံး ဘေးကင်းသော အင်တာနက် ဟောပြောပွဲကြီးကို နိုင်ငံတဝန်းမှာ အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ခဲ့ပြီး တစ်နေ့တည်းမှာ ကျောင်းသားကျောင်းသူပေါင်း ၉,၀၀၀ နီးပါးကို အသိပညာ ပေးနိုင်ခဲ့ပါတယ်။ ဒီအောင်မြင်မှုအတွက် တယ်လီနောအနေနဲ့ အရမ်းကိုဝမ်းမြောက်ဂုဏ်ယူမိသလို လာမယ့်နှစ်တွေမှာလည်း ဒီအစီအစဉ်ကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ဖို့ တွန်းအားတစ်ရပ် ဖြစ်စေခဲ့ပါတယ်” ဟု တယ်လီနောမြန်မာ၏ ရေရှည် တည်တံ့သော လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ကဏ္ဍတာဝန်ခံ ဦးမင်းသူက ပြောကြားသည်။

နိုင်ငံတစ်ဝန်းရှိ လူငယ်များ အင်တာနက် အသုံးပြုရာတွင် ဘေးကင်းလုံခြုံမှုရှိစွာနှင့် တာဝန်သိစွာ အသုံးပြုတတ်စေရန် အသိပညာပေးလိုသည့် ရည်ရွယ်ချက်ဖြင့် တယ်လီနောမြန်မာသည် ၎င်း၏ ‘ဘေးကင်းသော အင်တာနက်’ အသိပညာပေး ဟောပြောပွဲများအား ၂၀၁၆ ခုနှစ်မှ စတင်ကျင်းပခဲ့သည်။ အဆိုပါ ဟောပြောပွဲများတွင် လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ရည်မှန်းချက်များကို အင်တာနက်မှတဆင့် အကောင်အထည်ဖော် လုပ်ဆောင်နိုင်စေရန်၊ အင်တာနက်ကို အသုံးပြုသည့်အခါတွင် တာဝန်သိသိနှင့် ဘေးကင်းစွာ အသုံးပြုတတ်စေရန် စိတ်ဝင်စားဖွယ် ကာတွန်းဗီဒီယိုများကို အသုံးပြု၍ အသိပညာပေးမှုများ ပြုလုပ်သည့်အပြင် မိဘများအနေဖြင့် ကလေးငယ်များနှင့် အင်တာနက်အကြောင်း ဆွေးနွေးသည့်အခါတွင် အထောက်အကူဖြစ်စေမည့် နည်းလမ်းများကိုလည်း ဆွေးနွေးသည်။ ထို့အပြင် ယခုနှစ် အောက်တိုဘာလမှစတင်၍ သတင်းအတုအယောင်များအား မည်သို့ သိရှိနိုင်မည် ဆိုသည့်အချက် နှင့် ပတ်သက်၍ သိသင့်သည့်အချက်များအား ထည့်သွင်းသင်ကြားနေပြီဖြစ်သည်။ တယ်လီနောသည် မြန်မာနိုင်ငံတွင် လုပ်ငန်းစတင်သည့် အချိန်မှစ၍ ယခုအချိန်အထိ ကျောင်းသားကျောင်းသူနှင့် လူငယ် စုစုပေါင်း ၂၃၀,၀၀၀ ကျော်အား အခြေခံ ဒစ်ဂျစ်တယ်နည်းပညာနှင့် အင်တာနက်အား ဘေးကင်းလုံခြုံစွာ မည်သို့အသုံးပြုရမည်ဟူသည့် အချက်များ အား အောင်မြင်စွာ လေ့ကျင်သင်ကြားပေးနိုင်ခဲ့သည်။

ထို့အပြင် တယ်လီနောမြန်မာသည် တစ်နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံတဝန်းရှိ ကျောင်းသားကျောင်းသူပေါင်း ၁၀၀,၀၀၀ ကို ကွန်ပြူတာအခြေခံကျွမ်းကျင်မှုနှင့် ဘေးကင်းလုံခြုံစွာ အင်တာနက်အသုံးပြုခြင်းဆိုင်ရာ အချက်များ အား သင်ကြားပေးနိုင်ရန် ရည်ရွယ်ထားသည့် ဒစ်ဂျစ်တယ်နည်းပညာ သင်တန်းများအား မကြာသေးမီက စတင် ဖွင့်လှစ်ခဲ့သည်။ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အနာဂတ်အား ဖော်ဆောင်ရာတွင် အထောက်အကူဖြစ်စေရန် တယ်လီနောမြန်မာသည် စီမံကိန်းများစွာကို ၎င်း၏ လူမှုအကျိုးပြုစီမံကိန်းများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။

မီဒီယာများ ဆက်သွယ်ရန်

ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
shweyinn.maroo@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Telenor