Press Release

အဆင်ပြေချောမွေ့မှုအပြည့်ရှိသော VoLTE ဝန်ဆောင်မှုကို မြန်မာနိုင်ငံရှိ တယ်လီနောသုံးစွဲသူများ စတင်အသုံးပြုနိုင်ပြီ

28 December, 2018 - Yangon

  • တယ်လီနော၏ VoLTE ဝန်ဆောင်မှုသည် အားသာချက်များစွာကို ပေးစွမ်းနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၌ အသုံးပြုနေသော စမတ်ဖုန်းမော်ဒယ် အမျိုးအစားပေါင်း ၂၀ ကျော်တွင် အသုံးပြုနိုင်မည်ဖြစ်

နိုင်ငံတဝန်းရှိ တယ်လီနော 4G/LTE ကွန်ရက်အသုံးပြုသူများအနေဖြင့် VoLTE ဝန်ဆောင်မှုအား စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း တယ်လီနောက ကြေညာလိုက်သည်။ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်၍ ဤ ခေတ်မီနည်းပညာသုံး VoLTE စနစ်အား ထောက်ပံ့ပေးနိုင်သည့် ဟန်းဆက်များတွင် ကြည်လင်ပြတ်သားသော အရည်အသွေးမြင့်ဖုန်းခေါ်ဆိုမှုများကို တယ်လီနော သုံးစွဲသူများကိုယ်တိုင် ပြုလုပ်သွားနိုင် တော့မည် ဖြစ်သည်။ VoLTE စနစ်သည် 4G လိုင်းသုံးနေစဉ် ဖုန်းခေါ်ဆိုပါက အင်တာနက်အရည်အသွေးအား 2G/3G စနစ်သို့ ပြန်လည်ကျဆင်းသွားစေခြင်းမရှိသည့်အတွက် ပိုမိုကောင်းမွန်သော ဖုန်းခေါ်ဆိုမှုအရည်အသွေးကို ပေးစွမ်း နိုင်သည့်အပြင် အင်တာနက်အသုံးပြုရာတွင်ဖြစ်စေ၊ အွန်လိုင်းတွင် ဂိမ်းကစားရာတွင်ဖြစ်စေ အထစ်အငေါ့မရှိသော အင်တာနက် အရည်အသွေးကိုလည်း ပေးစွမ်းနိုင်မည် ဖြစ်သည်။

Voice over Long-Term Evolution (VoLTE) ဆိုသည်မှာ ဖုန်းခေါ်ဆိုမှုများအား ပုံမှန် 2G သို့မဟုတ် 3G ကွန်ရက်များမှတဆင့် ခေါ်ဆိုသကဲ့သို့မဟုတ်ဘဲ 4G/LTE ကွန်ရက်မှတဆင့် ခေါ်ဆိုရသည့် စနစ်ဖြစ်သည်။ IMS (IP Multimedia Service) နည်းပညာအား အသုံးပြုထားသည့် အဆိုပါစနစ်သည် LTE ကွန်ရက်မှတဆင့် IP (Internet Protocal) ပေါ်တွင် အခြေခံထုတ်လွှတ်ပေးသည့် digital packet ဖုန်းခေါ်ဆိုခြင်း ဝန်ဆောင်မှုတစ်ခု ဖြစ်သည်။ ဤ VoLTE စနစ်အား အသုံးပြုခြင်းဖြင့် LTE ကွန်ရက် ထောက်ပံ့ပေးသော အင်တာနက်ဒေတာ စီးဆင်းနှုန်းအတိုင်း ဖုန်းခေါ်ဆိုမှုဒေတာများ စီးဆင်းစေရန် ဖန်တီးထားသည့်အတွက် အခြားသော ဖုန်းခေါ်ဆိုမှုကွန်ရက်များနှင့် နှိုင်းယှဉ် ပါက များစွာသော အားသာချက်များအား ပေးစွမ်းနိုင်မည် ဖြစ်သည်။

ဥပမာအားဖြင့် ရိုးရိုးသာမန် LTE ကွန်ရက်အား အသုံးပြုသူများသည် ဖုန်းခေါ်ဆိုမှုပြုလုပ်နေစဉ် အင်တာနက်ဒေတာ အသုံးပြုမှုအား ဖွင့်ထားမည်ဆိုပါက ဖုန်းခေါ်ဆိုမှု အရည်အသွေး လျော့ကျသွားမည် ဖြစ်သည်။ ယခု VoLTE စနစ်မှာမူ 4G/LTE ကွန်ရက်ပေါ်တွင် ဒေတာနှင့် ဖုန်းခေါ်ဆိုမှု နှစ်မျိုးစလုံးကို ကောင်းမွန်စွာ ထောက်ပံ့ပေးထားသည့်အတွက် မည်သို့သော အခြေအနေတွင်ဖြစ်စေ ဖုန်းခေါ်ဆိုသည့်အခါ 2G/3G ကွန်ရက်စနစ်သို့ ပြန်လည်ကျဆင်းသွားတော့မည် မဟုတ်ပေ။ ထို့အပြင် VoLTE ကွန်ရက်သည် ဖုန်းခေါ်ဆိုမှု ပြုလုပ်ရာတွင် ကြာမြင့်ချိန် (call setup time) ကိုလည်း လျှော့ချပေးသွားနိုင်မည် ဖြစ်ပြီး ဖုန်းခေါ်ဆိုမှု အမျိုးအစား (VoLTE ကွန်ရက်မှ VoLTE ကွန်ရက် သို့မဟုတ် VoLTE ကွန်ရက်မှ VoLTE မဟုတ်သော ကွန်ရက် သို့မဟုတ် VoLTE ကွန်ရက်မှ ကြိုးဖုန်းများ) အပေါ်မူတည်၍ call setup time အား ၅ - ၈ စက္ကန့်မှ ၁ - ၄ စက္ကန့်အထိ လျော့ကျသွားစေမည် ဖြစ်သည်။ အလားတူပင် VoLTE စနစ်အား အသုံးပြုခြင်းဖြင့် ဖုန်းခေါ်ဆိုမှုပြုလုပ်ရာတွင်ဖြစ်စေ၊ လက်ခံရာတွင်ဖြစ်စေ 4G/3G/2G ကွန်ရက်များအကြား ကူးပြောင်းမှု မလိုအပ်တော့သည့်အတွက် မိုဘိုင်းဟန်းဆက်များ၏ ဘက်ထရီသက်တမ်းကိုလည်း ပိုမိုကြာရှည်ခံ စေမည် ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ မြန်နှုန်းမြင့် VoLTE ဝန်ဆောင်မှုကို အသုံးပြုပြီးတော့ နိုင်ငံတဝန်းက တယ်လီနောရဲ့ 4G/LTE ကွန်ရက်အသုံးပြုသူအားလုံးဟာ အင်တာနက်သုံးနေစဉ်မှာပဲ ဖုန်းခေါ်ဆိုမှုတွေကို အထစ်အငေါ့မရှိ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့ရဲ့ 4G/LTE ကွန်ရက်ဟာ မြန်မာနိုင်ငံမှာရှိတဲ့ မြို့နယ်အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို လွှမ်းခြုံထားနိုင်ပြီ ဖြစ်တာကြောင့် တယ်လီနော အသုံးပြုသူတွေအနေနဲ့ နိုင်ငံရဲ့ နေရာတိုင်း လိုလိုမှာ အင်တာနက်အသုံးပြုနေရင်း ဖုန်းခေါ်ဆိုတာတွေကို အဆင်ပြေချောမွေ့စွာနဲ့ တစ်ပြိုင်နက်တည်း ပြုလုပ်သွား နိုင်တော့မှာပါ။ ကျွန်တော်တို့အနေနဲ့ အသုံးပြုသူတွေအတွက် ဆန်းသစ်မှုအရှိဆုံးနဲ့ စျေးနှုန်းအသက်သာဆုံး ဝန်ဆောင်မှုတွေကို ပေးအပ်သွားနိုင်ဖို့အပြင် ဆက်သွယ်ချိတ်ဆက်နိုင်စွမ်းရဲ့ အကျိုးကျေးဇူးတွေကို အပြည့်အဝ ရရှိ စေနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်ဆိုတာကို အခုမှတ်တိုင်သစ်က အထင်အရှားပြသနေမှာဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ နည်းပညာဆိုင်ရာ အရာရှိချုပ်ဖြစ်သူ Jai Prakash က ပြောကြားသည်။

တယ်လီနောမြန်မာ၏ VoLTE ဝန်ဆောင်မှုများအား လက်ရှိတွင် Samsung၊ Huawei၊ Vivo နှင့် Xiaomi အပါအဝင် အောက်ပါဇယားတွင်ဖော်ပြထားသည့် စမတ်ဖုန်း အမှတ်တံဆိပ် အမျိုးအစားများ၏ ဖုန်းမော်ဒယ် ၂၀ ခန့် တွင် အပြည့်အဝသုံးစွဲနိုင်မည်ဖြစ်သည့်အတွက် အသုံးပြုသူများအနေဖြင့် မိမိတို့ အနှစ်သက်ဆုံး စမတ်ဖုန်း အမျိုးအစားများ အား ရွေးချယ်ဝယ်ယူ၍ အရည်အသွေးမြင့် VoLTE ဝန်ဆောင်မှုများကို ရယူသုံးစွဲသွားနိုင်မည် ဖြစ်သည်။ အဆိုပါ ဖုန်းမော်ဒယ်များကို သုံးစွဲသည့် တယ်လီနောအသုံးပြုသူများအနေဖြင့် VoLTE ၀န်ဆောင်မှုကို အခမဲ့ရယူအသုံးပြု နိုင်မည် ဖြစ်သည်။ (အသုံးပြုသူများသည် USSD ကုတ်နံပါတ် *979*5*8# သို့ ဖုန်းခေါ်ဆိုရမည် ဖြစ်ပြီး ဝန်ဆောင်မှု ရယူလိုပါက နံပါတ် ၂ နှင့် ဝန်ဆောင်မှု ရပ်ဆိုင်းလိုပါက နံပါတ် ၁ အား ရွေးချယ်ရမည် ဖြစ်သည်။)

တယ်လီနောမြန်မာသည် ၎င်း၏ 4G/LTE ဝန်ဆောင်မှုများအား ၂၀၁၇ ခုနှစ်၊ ဇွန်လတွင် စတင်ပေးအပ်ခဲ့ပြီး လက်ရှိ တွင်မြန်မာနိုင်ငံတဝန်းရှိ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ အသုံးပြုသူပေါင်း ၁၈ သန်းကျော်အား ၎င်း၏ 2G၊ 3G နှင့် 4G ကွန်ရက်များဖြင့် ဝန်ဆောင်မှုများ ပေးအပ်လျက် ရှိသည်။

တယ်လီနော၏ VoLTE ၀န်ဆောင်မှုကို ရယူအသုံးပြုနိုင်သော ဖုန်းဟန်းဆက်မော်ဒယ်များ
Samsung

Note 8

Note 9

S8, S8+

S9, S9+

A 8 star

A8

J8

A6
Huawei

P10

P10 PLUS

Mate 9

Mate 10 Pro

P20

P20 Pro

Y9 2019

Mate 20

Mate 20 Pro

Y Max

Nova 3

Nova 3i

Nova 3e

Nova 2i

ViVo

V9

Xiaomi

Redmi 6A

Redmi 6

Redmi Note6 pro

Mi 8 lite

Mi max 3

မီဒီယာများ ဆက်သွယ်ရန်

ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
shweyinn.maroo@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share