Press Release

04 June, 2019 - Yangon

  • ဤစီမံချက်မှတဆင့် အမ်းမြို့နယ်ရှိ ကျေးလက်နေလူဦးရေပေါင်း ၁၀၁,၀၀၀ ဦးအား ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးအပ်သွားနိုင်ရန် တယ်လီနောမြန်မာက ဆောင်ရွက် ပေးသွားမည်ဖြစ်

တယ်လီနောမြန်မာသည် အခြေခံဆက်သွယ်ရေး လိုအပ်ချက် ဖြည့်ဆည်းရေး ဆိုင်ရာ ရန်ပုံငွေ (USF) ရှေ့ပြေးစီမံချက်အား ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက် သွားရန် တင်ဒါအောင်မြင်ခဲ့ပြီ ဖြစ်သည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန (PTD) က ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ထုတ်ပြန်ခဲ့သည့် တရားဝင်ကြေညာချက်အရ တယ်လီနောမြန်မာသည် ကမ္ဘာ့ဘဏ်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် အဆိုပါ ရှေ့ပြေးစီမံချက်အတွက် တင်ဒါအောင်မြင် သည့် အော်ပရေတာ နှစ်ခုအနက် တစ်ဦးဖြစ်ပြီး Lot 4 (အမ်းမြို့နယ်) အတွက် တင်ဒါ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

ဤသို့ တင်ဒါအောင်မြင်ခဲ့သည့်အတွက် တယ်လီနောမြန်မာသည် အမ်းမြို့နယ်အတွင်းရှိ သတ်မှတ်ထားသော နေရာ ဒေသများတွင် 2G/3G/4G ဝန်ဆောင်မှုများ ရရှိစေရန် လုပ်ဆောင်သွားမည်ဖြစ်သည်။ ယခု လုပ်ဆောင်သွားမည့် ရှေ့ပြေးစီမံချက်မှတဆင့် အမ်းမြို့နယ်ရှိ ကျေးလက်နေ လူဦးရေ ၁၀၁,၀၀၀ ဦးခန့် အထိ (မြို့နယ်လူဦးရေ၏ ၉၈ ရာခိုင်နှုန်း) ကို တိုးချဲ့လွှမ်းခြုံထားသွားနိုင်မည် ဖြစ်သည်။

“အခုလို ရွေးချယ်ခံခဲ့ရတဲ့အတွက် အရမ်းကိုဝမ်းမြောက်မိပြီး ဒီစီမံချက်ကို ယုံယုံကြည်ကြည်နဲ့ လုပ်ကိုင်ခွင့်ပေးခဲ့တဲ့ အတွက်လည်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ မြန်မာနိုင်ငံမှာ စတင်အလုပ်လုပ်ကိုင်ကတည်းက ရည်သန်ထားသလိုပဲ တယ်လီနောမြန်မာအနေနဲ့ နိုင်ငံတဝန်းမှာရှိတဲ့ အသုံးပြုသူ တွေအတွက် အကျိုးကျေးဇူးတွေ သယ်ဆောင်လာပေးနိုင်ဖို့အတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီးအားလုံးမှာ ကွန်ရက် ချဲ့ထွင်ဖို့နဲ့ အဆင့်မြှင့်တင်ဖို့ မနားမနေ လုပ်ကိုင်ဆောင်ရွက်နေပါတယ်။ တယ်လီနောမြန်မာ အနေနဲ့ ရခိုင်ပြည်နယ်မှာ တာဝါတိုင်ပေါင်း ၂၈၀ ကျော် တည်ဆောက်ထားပြီးဖြစ်သလို လူဦးရေစုစုပေါင်းရဲ့ ၉၀% နီးပါးကို ကွန်ရက်လွှမ်းခြုံ ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် အခု ဒီ USF ရှေ့ပြေး စီမံချက်ကနေ တဆင့် အမ်းမြို့နယ်အတွင်းက ပိုမိုများပြားတဲ့ လူဦးရေပမာဏကို ကွန်ရက်တိုးချဲ့လွှမ်းခြုံသွားနိုင်အောင် လုပ်ဆောင်သွားမှာ” ဟု တယ်လီနောမြန်မာ၏ အမှုဆောင် အရာရှိချုပ် Sharad Mehrotra က ပြောကြားသည်။

ဤ ရှေ့ပြေးစီမံချက်သည် အခြေခံဆက်သွယ်ရေး လိုအပ်ချက်ဖြည့်ဆည်းရေးဆိုင်ရာ ရန်ပုံငွေ (USF) စီမံချက်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ကမ္ဘာ့ဘဏ်၏ ပံ့ပိုးကူညီမှုဖြင့် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ စတင် ရေးဆွဲခဲ့ခြင်းဖြစ်သည်။ နိုင်ငံတဝန်း နေရာဒေသ အသီးသီးရှိ အခြေခံဆက်သွယ်ရေးပိုင်းဆိုင်ရာ လိုအပ်ချက်များ အား ဖြည့်ဆည်းပေနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနသည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက် နေ့မှစတင်၍ လျှောက်ထားခွင့်ရှိသော လိုင်စင်ရ ဆက်သွယ်ရေး အော်ပရေတာ ၄ ခုအား ဤရှေ့ပြေးစီမံချက်အတွက် တင်ဒါခေါ်ယူခဲ့သည်။ တင်ဒါခေါ်ယူခဲ့သော နေရာဒေသများမှာ နေထိုင်သူ လူဦးရေ စုစုပေါင်း၏ ၈၀% အောက်သာ ဆက်သွယ်ရေးဝန်ဆောင်မှုများအား ရယူအသုံးပြုနိုင်နေသည့် မြို့နယ် ၄ မြို့နယ်ဖြစ်သော ကယားပြည်နယ်ရှိ ဖားဆောင်းမြို့နယ်၊ မကွေးတိုင်းဒေသကြီးရှိ စေတုတ္ထရာမြို့နယ်၊ ရခိုင်ပြည်နယ်ရှိ မင်းပြားနှင့် အမ်းမြို့နယ်တို့ ဖြစ်ကြ သည်။

ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနသည် ကမ္ဘာ့ဘဏ်က သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ၊ နိုင်ငံတော် အစိုးရက ချမှတ်ထားသော တင်ဒါ စည်းမည်းစည်းကမ်းများနှင့်အညီ တင်ဒါ အနိုင်ရရှိသူများအား စိစစ်ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ကွန်ရက်ချိတ်ဆက်မှု မရရှိသေးသည့် နေရာဒေသများတွင် အခြေခံ ဆက်သွယ်ရေး ကွန်ရက် တိုးချဲ့တည်ဆောက်နိုင်စေရန် ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အခြေခံဆက်သွယ်ရေး လိုအပ်ချက် ဖြည့်ဆည်းရေးဆိုင်ရာ ရန်ပုံငွေ (USF) အတွက် ၂၀၁၇ ခုနှစ်မှ စတင်၍ တယ်လီနောမြန်မာသည် သက်ဆိုင်သော ဝင်ငွေပမာဏ စုစုပေါင်း၏ ၂ ရာခိုင်နှုန်းကို ထည့်ဝင်ခဲ့ပြီးဖြစ်သည်။

တယ်လီနောမြန်မာသည် ၎င်း၏ 4G/LTE ဝန်ဆောင်မှုများအား ၂၀၁၇ ခုနှစ်၊ ဇွန်လတွင် တရားဝင် စတင်ပေးအပ်ခဲ့ပြီး ယခုလက်ရှိတွင် နိုင်ငံတဝန်း၌ ဆက်သွယ်ရေးတာဝါတိုင်စုစုပေါင်း ၈,၆၀၀ ကျော်နှင့် အရောင်းဆိုင်ပေါင်း ၁၀၀,၀၀၀ ကျော်အား ပိုင်ဆိုင်ထားကာ မြန်မာနိုင်ငံ၏ အကောင်းမွန်ဆုံးသော 2G/3G/4G မိုဘိုင်းကွန်ရက်များဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူပေါင်း ၁၈ သန်းကျော်ကို ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။

ခင်နုယဉ်မြင့်
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
Khinnuyin.myint@telenor.com.mm
တယ်လီနောမြန်မာ

ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
shweyinn.maroo@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share