11 October, 2018 - Yangon
တယ်လီနောမြန်မာ၏ ‘ဘေးကင်းသော အင်တာနက်’ ပညာပေး ဟောပြောပွဲများတွင် သတင်းအတုများနှင့် ပတ်သက်ပြီး သိသင့်သည့် အချက်များကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှ စတင်ကာ ထည့်သွင်းသင်ကြားပေးနေပြီဖြစ်သည်။ ဤဟောပြောပွဲအား နိုင်ငံတစ်ဝန်းရှိ လူငယ်များ အင်တာနက် အသုံးပြုရာတွင် ဘေးကင်းလုံခြုံမှုရှိစွာနှင့် တာဝန်သိစွာ အသုံးပြုတတ်စေရန် အသိပညာပေးလိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၁၆ ခုနှစ်မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ‘ဘေးကင်းသော အင်တာနက်’ အသိပညာပေးဟောပြောပွဲများမှ ယခုနှစ်အတွင်း ကျောင်းသားကျောင်းသူ ပေါင်း ၇၅,၀၀၀ ခန့်ကိုသာ အသိပညာပေးသွားရန် ကနဦးကရည်ရွယ်ထားသော်လည်း စာသင်ကျောင်းများထံမှ တောင်းဆိုမှု ပိုမိုများပြားလာသည့်အတွက် တိုးမြှင့်လုပ်ဆောင်ခဲ့ရာ ယခုနှစ်အတွင်း ကျောင်းသားကျောင်းသူပေါင်း ၁၀၀,၀၀၀ ကျော်အား အသိပညာပေးနိုင်ခဲ့ပြီး စုစုပေါင်း ၁၂၀,၀၀၀ အထိအား အသိပညာပေးသွားနိုင်ရန် တယ်လီနော မြန်မာအနေနှင့် ရည်ရွယ် လုပ်ဆောင်လျက်ရှိသည်။ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ချိန်မှစ၍ တယ်လီနော မြန်မာ၏ ‘ဘေးကင်းသော အင်တာနက်’ သင်တန်းများသည် မြန်မာနိုင်ငံရှိ အစိုးရကျောင်းများမှ ကျောင်းသား ကျောင်းသူပေါင်း ၂၁၀,၀၀၀ ကျော်အား အောင်မြင်စွာ အသိပညာပေးနိုင်ခဲ့ပြီး ဖြစ်သည်။
လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ရည်မှန်းချက်များကို အင်တာနက်မှတဆင့် အကောင်အထည်ဖော်လုပ်ဆောင်နိုင်ခြင်း၊ အင်တာနက်ကို အသုံးပြုသည့်အခါတွင် တာဝန်သိသိနှင့် ဘေးကင်းစွာ အသုံးပြုတတ်စေရန် စိတ်ဝင်စားဖွယ် ကာတွန်း ဗီဒီယိုများကိုအသုံးပြု၍ အသိပညာပေးခြင်းနှင့် မိဘများအနေဖြင့် ကလေးငယ်များကို အင်တာနက်အကြောင်း ဆွေးနွေးသည့်အခါတွင် အထောက်အကူဖြစ်စေမည့် နည်းလမ်းများကို အဆိုပါ ဟောပြောပွဲများတွင် ဆွေးနွေးသွားမည် ဖြစ်သည်။
‘ဘေးကင်းသော အင်တာနက်’ ဟောပြောပွဲတစ်ချိန်လျှင် မိနစ် ၉၀ ဝန်းကျင်ကြာမြင့်ပြီး ဆွေးနွေးဟောပြောသည့် အကြောင်းအရာများတွင် ပညာရေးနှင့် ပတ်သက်သည့် အင်တာနက်၏ အကျိုးကျေးဇူးများ၊ အမုန်းစကားများ ဖြန့်ဖြူးခြင်း၊ စကားဝှက်များ ခိုးယူခံရခြင်း၊ အွန်လိုင်းပေါ်တွင် အနိုင်ကျင့်မှုများ၊ အင်တာနက်အခြေပြု လိင်ခေါင်းပုံ ဖြတ်မှုများ၊ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းစာနှင့်ပုံ ပေးပို့မှုများ အစရှိသည့် အွန်လိုင်းပေါ်တွင် ကြုံတွေ့ရနိုင်သော ဘေးအန္တရာယ်များ အပါအဝင် အွန်လိုင်းတွင် လုံခြုံစိတ်ချစွာ နေထိုင်နိုင်မည့်နည်းလမ်း အချက်အလက်များလည်း ပါဝင်သည်။ ထို့အပြင် ကျောင်းသားကျောင်းသူများ၊ လူငယ်များနှင့် မိဘများအနေနှင့် သတင်းအတုအယောင်များကို မည်သို့ သိရှိနိုင်မည်၊ အွန်လိုင်းပေါ်မှ သတင်းအချက်အလက်များအား မည်သို့အတည်ပြုနိုင်မည်၊ သတင်းအတု အယောင်များ၏ နောက်ဆက်တွဲ ဆိုးကျိုးများနှင့် ၎င်းတို့ကို မည်သို့တိုက်ဖျက်နိုင်မည်စသည့်အချက်များအား အသိပညာပေးနိုင်ရန်အတွက် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ မှစ၍ ‘ဘေးကင်းသော အင်တာနက်’ သင်တန်းများတွင် သတင်းအတုအယောင်များနှင့် ပတ်သက်၍ သင်ရိုးညွှန်းတမ်း အသစ်တစ်ခုအား ထပ်မံထည့်သွင်းခဲ့သည်။
“သတင်းအတုအယောင်တွေဆိုတာက အခုခေတ် အင်တာနက် အသုံးပြုသူတွေအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေ ထဲက တစ်ခုဖြစ်လာပါတယ်။ ဒါတွေက သံသယတွေ၊ လိမ်လည်မှုတွေကို ဖြစ်ပေါ်စေပြီး အထူးသဖြင့် ဒစ်ဂျစ်တယ် အသိပညာနည်းပါးသူတွေရဲ့ ဘဝကို အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်။ ဒီလို အကျိုးဆက်တွေကို တားဆီးနိုင်ဖို့၊ တွန်းလှန်နိုင်ဖို့ ရည်ရွယ်ပြီး နိုင်ငံတစ်ဝန်းက အစိုးရကျောင်းတွေမှာ ပြုလုပ်ပေးနေတဲ့ ကျွန်တော်တို့ရဲ့ ဘေးကင်းသော အင်တာနက် အသိပညာပေးသင်တန်းတွေမှာ သင်ရိုးညွှန်တမ်းအသစ်တစ်ခုကို ထပ်မံထည့်သွင်းခဲ့ပါတယ်။ ဒီ တယ်လီနော မြန်မာရဲ့ ဘေးကင်းသော အင်တာနက်အသိပညာပေးသင်တန်းတွေကနေတဆင့် မြန်မာလူငယ်တွေရဲ့ ဒစ်ဂျစ်တယ် ကျွမ်းကျင်မှုတွေ ပိုမိုတိုးတက်လာအောင်၊ အင်တာနက်အသုံးပြုရာမှာ ဘေးကင်းစွာနဲ့ တာဝန်သိစွာ အသုံးပြုတတ်စေ လာအောင် ကူညီထောက်ပံ့မှုတွေ ပြုလုပ်နေတဲ့ အတွက် မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ် အနာဂတ်ကို လျှောက်လမ်းရမယ့် လမ်းစဉ်မှာ လိုအပ်တဲ့ အခြေခံ အုတ်မြစ်တွေကို ဖော်ဆောင်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု တယ်လီနောမြန်မာ၏ ရေရှည်တည်တံ့သော လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ကဏ္ဍတာဝန်ခံ ဦးမင်းသူက ပြောကြား သည်။
တယ်လီနောမြန်မာသည် ၎င်း၏လူမှုအကျိုးပြုစီမံကိန်းများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် အနာဂတ်သို့ လျှောက်လှမ်းရမည့်လမ်းစဉ်တွင် လိုအပ်သည့် အခြေခံအုတ်မြစ်များအား တည်ဆောက်ရာတွင် အထောက် အကူဖြစ်စေမည့် စီမံကိန်းများအား အရှိန်အဟုန်မြင့်ဆောင်ရွက်လျှက်ရှိသည်။ ၎င်း၏ အလင်းအိမ် ဒစ်ဂျစ်တယ်နည်းပညာ ဖွံ့ဖြိုးရေးစင်တာများသည် လက်ရှိအချိန်တွင် ကျောင်းသားကျောင်းသူပေါင်း ၁၃၀,၀၀၀ ကျော်အား စမတ်ဖုန်းနှင့် ကွန်ပျူတာ ကျွမ်းကျင်မှုသင်တန်းများအား သင်ကြားလေ့ကျင့်ပေးခဲ့ပြီးဖြစ်သည်။ ထို့အပြင် မကြာသေးမီက အောင်မြင်စွာ ဖွင့်လှစ် သင်ကြားပေးနိုင်ခဲ့သော ဒစ်ဂျစ်တယ်နည်းပညာသင်တန်းသည်လည်း ဒစ်ဂျစ်တယ်အတတ်ပညာများနှင့်အတူ အင်တာနက် အား ဘေးကင်းစွာ အသုံးပြုနိုင်သည့် အချက်များကို နိုင်ငံတစ်ဝန်းရှိ ကျောင်းသားကျောင်းသူပေါင်း ၂၅,၀၀၀ ကျော်အား သင်ကြားပေးနိုင်ခဲ့သည်။
သတင်းအတုအယောင်များနှင့် ပတ်သက်၍ ဆွေးနွေးမှုများတွင် ၎င်းတို့အား ခွဲခြားသိရှိနိုင်ရန် ကူညီပေးနိုင်မည့် အကြံပြု ချက်များနှင့် လမ်းညွှန်ချက်များ ပါဝင်သည်။ တယ်လီနောအနေဖြင့် သတင်းအတုအယောင်များအား ခွဲခြားသိရှိနိုင်ရန် အသိပညာပေးရာတွင် ရိုးရှင်းလွယ်ကူသော စစ် ၆ စစ်၊ ရှာ ၃ ရှာ အဖြစ် သင်ကြားပေးသွားမည်။ စစ်ဆေးမှု အဆင့် ၆ ဆင့်တွင့် headlines (သတင်းခေါင်းစဉ်များကို စစ်ဆေးခြင်း)၊ account (သတင်းထုတ်ပြန်သည့်အကောင့်ကို စစ်ဆေးခြင်း)၊ date (သတင်းထုတ်ပြန်သည့်နေ့စွဲကို စစ်ဆေးခြင်း)၊ spelling (စာလုံးပေါင်းသတ်ပုံကို စစ်ဆေးခြင်း)၊ satire (သရော်စာ ဟုတ်မဟုတ် စစ်ဆေးခြင်း)၊ photos (ဓာတ်ပုံများ အစစ်အမှန် ဟုတ်မဟုတ် စစ်ဆေးခြင်း) တို့ပါ၀င်ပြီး ရှာဖွေမှု အဆင့် ၃ ဆင့်တွင်မူ evidence (သက်သေသာဓက ရှိမရှိ ရှာဖွေခြင်း)၊ official page (တရားဝင် အစစ်အမှန် အွန်လိုင်းစာမျက်နှာတွင် ရှာဖွေခြင်း) နှင့် reputable news agency (ယုံကြည်စိတ်ချရသော သတင်းရင်းမြစ် ဟုတ်မဟုတ် ရှာဖွေခြင်း) စသည့် အချက်များနှင့် သင်ကြားပေးသွားမည် ဖြစ်သည်။
စစ် ၆ စစ် | |
၁။ သတင်းခေါင်းစဉ်များအား စစ်ဆေးခြင်း | အကြောင်းအရာ အပြည့်အစုံအား သိရှိနိုင်ရန် သတင်းခေါင်းစဉ်သာမကဘဲ သတင်း အပြည့်အစုံအား ဖတ်ရှုရန်လိုအပ်သည်။ |
၂။ သတင်းထုတ်ပြန်သည့် အကောင့် သို့မဟုတ် စာမျက်နှာ အား စစ်ဆေးခြင်းe | သတင်းရေးသားသူသည် ယုံကြည်စိတ်ချနိုင်သလား။ အစစ်အမှန် ဟုတ်သလား စစ်ဆေးပါ။ |
၃။ သတင်းထုတ်ပြန်သည့် နေ့စွဲ ကို စစ်ဆေးခြင်း | ဖြစ်ပျက်ပြီးသား အကြောင်းအရာ အဟောင်းများအား သတင်း စာမျက်နှာများ တွင် ပြန်တင်ခြင်းသည် လက်ရှိဖြစ်ပေါ်နေသော အကြောင်းအရာများနှင့် ကိုက်ညီမှု မရှိနိုင်ပေ။ |
၄။ စာလုံးပေါင်း စစ်ဆေးခြင်း | စာလုံးပေါင်း မှန်မမှန် စစ်ဆေးပါ။ |
၅။ သရော်စာ ဟုတ်မဟုတ် စစ်ဆေးခြင်း | သတင်းအား သရော်လိုသော၊ ဟာသပြုလုပ်လိုသော ရည်ရွယ်ချက်ဖြင့် ရေးသားထားခြင်း ဖြစ်နိုင်၊ မဖြစ်နိုင် စစ်ဆေးပါ။ |
၆။ ဓာတ်ပုံများ အစစ်အမှန် ဟုတ်မဟုတ် စစ်ဆေးခြင်း | ဓာတ်ပုံများသည် မည်သည့်အချိန်၊ မည်သည့်နေရာတွင် ရိုက်ကူးထားခြင်း ဖြစ်ကြောင်း စစ်ဆေးပါ။ |
ရှာ ၃ ရှာ | |
၁။ သက်သေသာဓက ရှိမရှိ ရှာဖွေခြင်း | သတင်းသည် ခို်င်မာမှု ရှိမရှိ ဖော်ပြထားသော အချက်အလက်များနှင့် တိုက်ဆိုင် စစ်ဆေးပါ။ |
၂။ တရားဝင် အစစ်အမှန် အွန်လိုင်းစာမျက်နှာတွင် ရှာဖွေခြင်း | အဆိုပါ အကြောင်းအရာများ အား သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ တရားဝင် စာမျက်နှာများတွင် ဖော်ပြထားခြင်း ရှိမရှိ ရှာဖွေပါ။ |
၃။ ယုံကြည်စိတ်ချရသော သတင်းရင်းမြစ် ဟုတ်မဟုတ် ရှာဖွေခြင်း | အကြောင်းအရာများအား ဂုဏ်သိက္ခာ ရှိသော၊ ယုံကြည်စိတ်ချရသော သတင်း အေဂျင်စီများက ဖော်ပြထားခြင်း ရှိမရှိ ရှာဖွေပါ။ |
မီဒီယာများဆက်သွယ်ရန်
ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : shweyinn.maroo@telenor.com.mm