Press Release

လူဖြင့်ပုံဖော်ထားသော ကမာၻ႕အကြီးဆုံး နိုင်ငံမြေပုံအဖြစ် မြန်မာနိုင်ငံ ဂင်းနစ်စံချိန်သစ်တင်

14 February, 2018 - Yangon

  • ကမာၻ႕စံချိန်သစ် တင်နိုင်ရေးအတွက် လူစုစုပေါင်း ၃၄၆၆ ဦးဖြင့် မကွေးမြို့ ခရိုင်အားကစားကွင်းတွင် စုဝေးကြိုးပမ်းခဲ့
  • လွန်ခဲ့သည့် ၂နှစ်က ယူကေနိုင်ငံတွင် လူပေါင်း ၈၁၁ ဦးဖြင့် ပြုလုပ်ခဲ့သည့် စံချိန်ကို အောင်မြင်စွာ ကျော်ဖြတ်ကာ စံချိန်သစ် တင်နိုင်ခဲ့
  • စံချိန်သစ်တင်ရှိလိုက်သော လူဦးရေ အရေအတွက်မှာ ယခင် စံချိန်ဟောင်းတွင် ပါ၀င်သူ ဦးရေထက် ၄ ဆ ပိုမိုများပြား

လူဖြင့်ပုံဖော်ထားသည့် ကမ္ဘာ့အကြီးဆုံးနိုင်ငံမြေပုံ အဖြစ် မြန်မာနိုင်ငံမြေပုံကို ပုံဖော်ပြီး ကမ္ဘာ့စံချိန်သစ် တင်နိုင်ရေး ကြိုးပမ်းမှုကို ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်း အဖွဲ့အစည်းက အတည်ပြု ပေးလိုက်ပြီ ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ဂင်းနစ်ကမ္ဘာ့ စံချိန်သစ်တစ်ခု တင်နိုင်ခဲ့ပြီဖြစ်သည်။ ယင်းကြိုးပမ်းမှုတွင် ပါ၀င်ခဲ့သော မြန်မာနိုင်ငံသူ/သားပေါင်း ၃၄၀၀ ကျော်သည်လည်း ဂင်းနစ်ကမ္ဘာ့စံချိန်ချိုးနိုင်သူများ ဖြစ်လာခဲ့ပြီဖြစ်သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် တယ်လီနောမြန်မာက ဦးဆောင်ကာ ဖေဖော်၀ါရီလ ၁၂ရက်နေ့ မကွေးမြို့ ခရိုင်အားကစားကွင်း၌ ပြုလုပ်ခဲ့သော ကမ္ဘာ့စံချိန်သစ်တင်နိုင်ရေးကြိုးပမ်းမှုတွင် တက္ကသိုလ်နှင့်ကောလိပ် ကျောင်းသူကျောင်းသားများ၊ ဌာနေပြည်သူ/ သားများနှင့် တယ်လီနော၀န်ထမ်းများ စုစုပေါင်း ၃၄၆၆ ဦး က စတုရန်းပေ ၂၄,၈၀၄ အကျယ်အ၀န်းရှိ မြန်မာ နိုင်ငံမြေပုံကြီးကို စုပေါင်းပုံဖော်ခဲ့ကြခြင်းဖြစ်သည်။ ယင်းကြိုးပမ်းမှု အခမ်းအနားကို မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီး ၀န်ကြီးများ နှင့် တယ်လီနောမှ တာ၀န်ရှိသူများက ဖွင့်လှစ်ပေးခဲ့ပြီး စံချိန်ချိုးရန် ကြိုးပမ်းမှုကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနေပြည်သူ/သားများနှင့်အတူ ဆက်လက် အားပေးခဲ့သည်။

ဂင်းနစ်ကမ္ဘာ့စံချိန် အဖွဲ့အစည်း၏ အတည်ပြုချက်အရ ၂၀၁၆ ခုနှစ်က ယူကေနိုင်ငံတွင် Belron International က ဦးဆောင်ကာ လူပေါင်း ၈၁၁ ယောက်ဖြင့် အာဖရိကတိုက်ပုံဖော်ခဲ့သည့် စံချိန်ကိုချိုးရန် မြန်မာနိုင်ငံက ကြိုးပမ်းရာတွင် အတိ အကျလိုက်နာရန်လိုအပ်သည့် စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီပြီး တရား၀င် စံချိန်သစ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။ (၇၁) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ပြည်သူများနှင့်ပူးပေါင်းလျက် မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာ သမိုင်းစာမျက်နှာသစ်တစ်ခုဖွင့်လှစ်ရန် ရည်ရွယ်ချက်ဖြင့် ယင်းကဲ့သို့ လူပေါင်းများစွာဖြင့် ကမ္ဘာ့အကြီးဆုံး မြေပုံ ပုံဖော်ကာ ကမ္ဘာ့စံချိန်သစ်တစ်ခုတင်နိုင်ရန် တယ်လီနောက ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

“ဒီနေ့မှာ ပြည်သူလူထုရဲ့ တစ်ခဲနက်ပါ၀င်မှုနဲ့ မြန်မာနိုင်ငံရဲ့ သမိုင်းစာမျက်နှာသစ်တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ပါပြီ။ ဒီကြိုးပမ်းမှုကို ဦးဆောင်ခွင့်ရခဲ့တဲ့အတွက် တယ်လီနောမြန်မာအနေနဲ့ တကယ်ကို ၀မ်းမြောက်ဂုဏ်ယူပါတယ်။ ဒီလို စံချိန်သစ်တင်နိုင်ခဲ့ ကြိုးပမ်းမှုက ပြည်ထောင်စုနေ့ကို အထူးဂုဏ်ပြုတဲ့ပွဲလည်း ဖြစ်သလို ပြည်သူအများရဲ့ စည်းလုံးညီညွတ်မှုကိုပြသနိုင်ခဲ့တဲ့ ပွဲလည်း ဖြစ်ပါတယ်။ လူငယ်တွေ အများစုပါ၀င်တဲ့ လူပေါင်း ထောင်နဲ့ချီပြီး ကျွန်တော်တို့ မြန်မာနို်င်ငံ မြေပုံကြီးကို အတူ တကွ လက်တွဲလို့ပုံဖော်ကြတာကို မြင်ရတဲ့အချိန်က တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းသလို ဂုဏ်ယူစရာလည်း ကောင်းပါတယ်” ဟု တယ်လီနောမြန်မာ၏ ဒေသဆိုင်ရာစီးပွားရေးတာ၀န်ခံ ဦးရေချမ်းက ပြောသည်။

အဆိုပါ ဂင်းနစ်ကမ္ဘာ့စံချိန်သစ်သည် မြန်မာနိုင်ငံအတွက် လူအများစု၏ပါ၀င်မှုဖြင့် ကြိုးပမ်းခဲ့သော ပထမဆုံးစံချိန်လည်း ဖြစ်သည်။ ယခင်က ရယူခဲ့ဖူးသည့် ကမ္ဘာ့စံချိန်များမှာ တစ်သီးပုဂ္ဂလနှင့်သာ သက်ဆိုင်သော စံချိန်များဖြစ်ပြီး အထင်ရှားဆုံး မှာ မှတ်ဉာဏ်အအကောင်းဆုံးလူပုဂ္ဂိုလ်ဖြစ် ၁၉၈၅ ခုနှစ်က စံချိန်တင်ခဲ့သော မင်းကွန်းဆရာတော်ကြီး ဦး၀ိစိတ္တသာရ ဖြစ်သည်။

လက်ရှိတွင် မြန်မာ့အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတစ်ဆင့် သုံးစွဲသူပေါင်း ၁၉ သန်းကျော်ကို မိုဘိုင်း၀န်ဆောင်မှုများ ပေးအပ်လျက်ရှိသော တယ်လီနော မြန်မာအနေဖြင့် နိုင်ငံတစ်လွှားရှိ မြို့ကြီးများနှင့် မြို့နယ်ပေါင်း ၁၂၀ ကျော်ကို အကောင်းဆုံး 4G ကွန်ရက်များ ဖြန့်ကျက်ထားပြီးဖြစ်သည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor