Press Release

လူငယ် ၁၀၀,၀၀၀ ခန့်ကို နှစ်စဉ် အခမဲ့ ဒစ်ဂျစ်တယ်နည်းပညာ သင်တန်းပေးမည်

05 June, 2018 - Yangon

  • နွေရာသီ ဒစ်ဂျစ်တယ် နည်းပညာသင်တန်းများမှ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား ကျောင်းသူများအား ကွန်ပြူတာ အခြေခံနှင့် ဘေးကင်းစွာ အင်တာနက် အသုံးပြုနည်းများကို အခမဲ့ သင်ကြားပေးသွားမည်ဖြစ်
  • ယခုနှစ်တွင် သင်တန်းအပတ်စဉ် ၄ ကြိမ် ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတစ်ဝန်းမှ ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၅,၀၀၀ ခန့်အား သင်ကြားပေးနိုင်ခဲ့

တယ်လီနောနှင့် မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နွေရာသီဒစ်ဂျစ်တယ်နည်းပညာ သင်တန်းအစီအစဉ် အောင်မြင်စွာပြီးဆုံးခဲ့ပြီဖြစ်ပြီး လာမည့်နှစ် မှစတင်၍ နှစ်စဉ် လူငယ်ပေါင်း ၁၀၀,၀၀၀ ခန့်အား အခမဲ့ ဒစ်ဂျစ်တယ်သင်တန်းများ ပေးအပ်သွားရန် တယ်လီနောက ရည်မှန်းထားသည်။ နွေရာသီ သင်တန်းအစီအစဉ်အရ ပြီးခဲ့သည့် မတ်လမှ မေလအတွင်း ဒစ်ဂျစ်တယ် ကျွမ်းကျင်မှု ဆိုင်ရာ သင်တန်း အပတ်စဉ် ၄ ခု ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းမှ အလယ်တန်းနှင့် အထက်တန်း ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၅,၀၀၀ ခန့်အား သင်ကြားပေးနိုင်ခဲ့သည်။


နွေရာသီ ဒစ်ဂျစ်တယ် နည်းပညာသင်တန်းများသည် မြန်မာနိုင်ငံတွင်း ဒစ်ဂျစ်တယ် နည်းပညာတတ်မြောက်မှု ပိုမို တိုးတက်လာစေရန်နှင့် နိုင်ငံတွင်းရှိ ကျေးလက်နှင့် မြို့ပြအကြား အခွင့်အလမ်းပိုင်းဆိုင်ရာ ကွာဟချက်များ ပိုမိုနည်းပါးလာ စေရန် ရည်ရွယ်၍ တယ်လီနောက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အဓိကလုပ်ငန်းတစ်ခုဖြစ်သည်။ လူမှုအကျိုးပြုလုပ်ငန်းတစ်ခုအဖြစ် ပညာရေးဝန်ကြီးဌာန၏ခွင့်ပြုချက်ရယူကာ Ericsson၊ Irrawaddy Green Towers နှင့့် Myanmar ICT for Development Organization (MIDO) တို့၏ အကူအညီနှင့်အတူ ဒစ်ဂျစ်တယ်နည်းပညာ သင်တန်းများအား တယ်လီနောနှင့် KMD တို့က နွေရာသီကျောင်းပိတ်ရက်ကာလ သုံးလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။


“အာဆီယံဒေသတွင်း မိုဘိုင်းအင်တာနက် အခြေခံအဆောက်အအုံပိုင်း အတိုးတက်ဆုံး နိုင်ငံစာရင်းမှာ ဒုတိယနေရာမှာ ရပ်တည်နေတဲ့နိုင်ငံတစ်ခု ဖြစ်တာနဲ့အညီ အစိုးရရဲ့ အနာဂတ် ဒစ်ဂျစ်တယ်စီးပွားရေးလမ်းစဉ်ကို အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်မယ့် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံအများစုကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ ဒစ်ဂျစ်တယ်စီးပွားရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ဒစ်ဂျစ်တယ်နည်းပညာကျွမ်းကျင်မှုရှိဖို့လည်း လိုအပ်ပါ တယ်။ မြန်မာနိုင်ငံမှာရှိတဲ့လူငယ်တိုင်းဟာ သူတို့ရဲ့ဘဝတွေကို ဒစ်ဂျစ်တယ်နည်းပညာတွေ အသုံးပြုပြီး တည်ဆောက် နိုင်တဲ့အခွင့်အရေးကို ညီတူမျှတူရရှိသင့်ပါတယ်။ ဒါမှသာ နိုင်ငံရဲ့အနာဂတ် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုတွေကို တစ်ထောင့် တစ်နေရာကနေ ပါဝင်ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် တယ်လီနော အနေနဲ့ မြန်မာနိုင်ငံက လူငယ်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ကွန်ပြူတာကျွမ်းကျင်မှုတွေအပြင် အင်တာနက်ကို ဘေးကင်းစွာ ဘယ်လိုအသုံးပြုရမလဲဆိုတဲ့ အချက် တွေကို ဒီနွေရာသီ ဒစ်ဂျစ်တယ် နည်းပညာသင်တန်းကနေတဆင့် သင်ကြားပေးနေတာဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရရဲ့ ဒစ်ဂျစ်တယ် စီးပွားရေးစနစ်တည်ဆောက်ရေး ကြိုးပမ်းရာလိုအပ်တဲ့ ခိုင်မာတဲ့ ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံနဲ့ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှု နယ်ပယ်တွေမှာ ဆက်လက် အားဖြည့်ကူညီသွားမှာ ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ ရေရှည်တည်တံ့သော လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ တာဝန်ခံ ဦးမင်းသူက ပြောကြားသည်။

 

LirneAsia ၏ သုတေသနများအရ မြန်မာနိုင်ငံသည် ဆင်းမ်ကတ်ထိုးဖောက်မှု ၁၀၅% နှင့် စမတ်ဖုန်း အသုံးပြုမှု ၈၀% ရှိပြီး ဒေသတွင်း ဦးဆောင်သူအဖြစ် ရပ်တည်နေသော်လည်း နိုင်ငံတွင်းရှိ အင်တာနက်အသုံးပြုသူများ၏ ၈၀% နီးပါးသည် ဒစ်ဂျစ်တယ်တတ်ကျွမ်းမှုတွင် အားနည်းနေသေးကြောင်း သိရသည်။ နွေရာသီ ဒစ်ဂျစ်တယ်နည်းပညာ သင်တန်းများ၏ ကနဦးအစီအစဉ်ကို ၂၀၁၇ ခုနှစ်၊ မေလက ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဒေသခံ လူငယ် ၁၂၀ ခန့်အား အခြေခံ ဒစ်ဂျစ်တယ် နည်းပညာနှင့် ဘေးကင်းသောအင်တာနက် အသုံးပြုမှုများအား အခမဲ့ သင်ကြားပေးခဲ့သည်။ ထိုသင်တန်းများအား ယခုနှစ်တွင် နိုင်ငံတဝန်း၌ စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၅,၀၀၀ ခန့်ကို အခြေခံ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုများ သင်ကြားပေးနိုင်ခဲ့ခြင်း ဖြစ်သည်။


မြန်မာနိုင်ငံကို ဒစ်ဂျစ်တယ် အခြေပြုနိုင်ငံတစ်ခုအဖြစ် တည်ဆောက်နိုင်စေရန်အတွက် အခြေခံအုတ်မြစ်များ ခိုင်ခိုင်မာမာ တည်ထောင်နိုင်ရေး ဦးတည်ကာ အလင်းအိမ် ဒစ်ဂျစ်တယ် စင်တာ ၆၀ ကျော်နှင့်  ဘေးကင်းသော အင်တာနက် အသုံးပြုနည်းသင်တန်းများအပါအဝင် လူမှုအကျိုးပြု စီမံကိန်းများစွာကို တယ်လီနောက စီစဉ်ဆောင်ရွက်လျက်ရှိသည်။ 

 

မီဒီယာများဆက်သွယ်ရန်

ရွှေယင်းမာဦး 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : shweyinn.maroo@telenor.com.mm

Yangon
My Telenor