Press Release

လူငယ်အားကစားသမားများ စိတ်ဓာတ်တက်ကြွစေရန် ရည်ရွယ်၍ မြန်မာ့ဂုဏ်ဆောင် အားကစား သမား ၂ ဦးဖြစ်သော အောင်လအန်ဆန်းနှင့် ကျော်ဇင်ဖြိုးတို့ ချစ်ကြည်ရေး ဖူဆယ်ပွဲ ကစား

10 August, 2018 - Yangon

  • နိုင်ငံဂုဏ်ဆောင် အားကစားချန်ပီယံ ၂ ဦးနှင့် တွေ့ဆုံရန် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) မှ လူငယ် သင်တန်းသား ၇၀၀ ကျော် စုဝေးခဲ့
  • အားကစားသမား ၂ ဦးစလုံးက ၎င်းတို့၏ အောင်မြင်မှု ခရီးလမ်းတစ်လျှောက်တွင် ရရှိခဲ့သော အတွေ့အကြုံများ နှင့် ကာယခွန်အား၊ ဉာဏခွန်အားတို့အား အသုံးချပုံများနှင့် ပတ်သက်သည့် အကြံပြုချက်များအား လူငယ် အားကစားသမားများကို မျှဝေခဲ့

ONE Championship ပြိုင်ပွဲ၏ မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ ချန်ပီယံ အောင်လအန်ဆန်း (မြန်မာ့စပါးအုံး) နှင့် မြန်မာအမျိုးသား လက်ရွေးစင် ဘောလုံးအသင်း၏ ဂိုးသမား ကျော်ဇင်ဖြိုးတို့ ၂ ဦး သည် အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)မှ သင်တန်းသားလူငယ်များနှင့် ယမန်နေ့က ချစ်ကြည်ရေး ဖူဆယ်ဘောလုံးပွဲစဉ် ယှဉ်ပြိုင်ကစားခဲ့ကြရာ အဆိုပါပွဲစဉ်အား အား/ကာသိပ္ပံမှ လူငယ်အားကစားသမား ၇၀၀ ကျော် လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ 
အားကစားနှင့် ကာယပညာသိပွံွ ကျောင်းအုပ်ကြီးနှင့် ညွှန်ကြားရေးမှူးဖြစ်သူ ဦးစိုးအောင်က အမှာစကား ပြောကြားကာ အခမ်းအနားကို စတင်ခဲ့သည်။ ချစ်ကြည်ရေး ဖူဆယ်ဘောလုံးပြိုင်ပွဲ မစတင်မီတွင် စကားဝိုင်း ဆွေးနွေးပွဲတစ်ခု ကျင်းပ ပြုလုပ်ခဲ့ပြီး နိုင်ငံဂုဏ်ဆောင် အားကစားသမား ၂ ဦး ဖြစ်သည့် အောင်လအန်ဆန်းနှင့် ကျော်ဇင်ဖြိုးတို့က ၎င်းတို့၏ အောင်မြင်မှု ခရီးလမ်းတစ်လျှောက်တွင် ရရှိခဲ့သော အတွေ့အကြုံများနှင့် စိန်ခေါ်မှုများအား မည်သို့ဖြတ်ကျော်ခဲ့သည် ဟူသော အချက်များအား မျှဝေပြောကြားခဲ့သည်။ အား/ကာသိပ္ပွံမှ သင်တန်းသား၊ သင်တန်းသူများနှင့် ဆရာ၊ဆရာမများ ကလည်း ဆွေးနွေးမှုများကို စိတ်ဝင်တစားနားထောင်ခဲ့ကြပြီး သင်တန်းသား၊ သင်တန်းသူများ မေးမြန်းသည့် မေးခွန်းများ အား အားကစားသမား ၂ ဦးစလုံးက ရင်းရင်းနှီးနှီး ဖြေကြားခဲ့ကြသည့်အပြင် ဘဝတွင် ကြုံတွေရတတ်သည့် စိန်ခေါ်မှုများ အား မည်သို့ကျော်ဖြတ်ရမည် ဟူသည့် အကြံပြုချက်များကိုလည်း မျှဝေပြောကြားခဲ့ကြသည်။

“ကြိုးဝိုင်းထဲမှာ အကောင်းဆုံး ကစားသမားတစ်ယောက်ဖြစ်ဖို့က ကျွန်တော့်ရဲ့ အကြီးမားဆုံးအိပ်မက်တွေထဲက တစ်ခုပါ။ စိန်ခေါ်မှုတွေအများကြီးကို ကျော်ဖြတ်ပြီးတဲ့နောက်မှာတော့ အခုအချိန်မှာ ကျွန်တော် ကမ္ဘာ့ချန်ပီယံတစ်ဦး ဖြစ်လာခဲ့ပါပြီ။ မြန်မာနိုင်ငံက လူငယ်တွေကို သိစေချင်တာကတော့ အကောင်းဆုံးတွေထဲက အကောင်းဆုံးတစ်ယောက်ဖြစ်လာဖို့က မလွယ်ကူပါဘူး။ ဒါပေမဲ့ မဖြစ်နိုင်တဲ့အရာလည်း မဟုတ်ပါဘူး။ ကြုံတွေ့လာတဲ့ အခက်အခဲတွေအားလုံးကို ကြံ့ကြံ့ခံ ရင်ဆိုင်ပြီး ရရှိလာတဲ့အခွင့်အရေးတွေကို အမိအရဆုပ်ကိုင်နိုင်မယ်ဆိုရင် ဘယ်အရာကိုမဆို အနိုင်ယူနိုင်ပါလိမ့်မယ်။ ဒီလို မြန်မာနိုင်ငံက အနာဂတ်ချန်ပီယံလောင်းတွေနဲ့ တွေဆုံပြီး ကျွန်တော့်ရဲ့ အတွေ့အကြုံတွေကို မျှဝေခွင့်ရတဲ့အတွက် အရမ်းကို ဂုဏ်ယူဝမ်းမြောက်မိပြီး ဒီလိုအခွင့်အရေးကို ပေးအပ်ခဲ့တဲ့ တယ်လီနောမြန်မာကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်” ဟု ONE Championshipပြိုင်ပွဲ၏ မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်း က ပြောကြားသည်။
ချစ်ကြည်ရေး ဖူဆယ်ဘောလုံးပွဲစဉ်တွင် ကျော်ဇင်ဖြိုး ဦးဆောင်သော မြန်မြန်အသင်းမှ အောင်လအန်ဆန်း ဦးဆောင် သော တန်တန်အသင်းအား ၈ ဂိုး - ၅ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထို့နောက် နိုင်ငံဂုဏ်ဆောင် အားကစားသမား ၂ ဦးသည် ဘောလုံးပွဲစဉ်တွင် ပါဝင်ကစားခဲ့သော ကစားသမားများအား ဆုတံဆိပ်များ ပေးအပ်ခဲ့ပြီး လာရောက် အားပေးကြည့်ရှုကြ သည့် ကျောင်းသား၊ ကျောင်းသူများ အားလုံးနှင့် အဖွဲ့လိုက် အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

“လူငယ်တွေဟာ တိုင်းပြည်ရဲ့အနာဂတ်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်ဆိုတာ တယ်လီနောက နားလည်ထားပါတယ်။ ဒါကြောင့်လည်း ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံကလူငယ်တွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့ ဦးတည်တဲ့ စီမံကိန်းတွေကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ လူမှုအကျိုးပြု အစီအစဉ်အများစုကို လူငယ်တွေရဲ့ ရေရှည် ဖွံ့ဖြိုးမှုတွေအတွက် ရည်ရွယ်လုပ်ဆောင်နေပြီး အနာဂတ်မှာ သူတို့အနေနဲ့ သက်ဆိုင်ရာ အခန်းကဏ္ဍအသီးသီးကနေ နိုင်ငံရဲ့ဖွံဖြိုးတိုးတက်မှုတွေအတွက် ကူညီပံ့ပိုးပေးဖို့ အဆင်သင့်ဖြစ်နေအောင် ကူညီပေးနေပါတယ်။ နောက်ပြီး အားကစား နဲ့ ပညာရေးကဏ္ဍတွေဟာ မြန်မာနိုင်ငံအတွက် အရေးပါတယ်ဆိုတာကို သဘောပေါက်ထားတဲ့အလျောက် ဒီလို အနာဂတ် ရဲ့ ချန်ပီယံလောင်းတွေကို မွေးထုတ်ပေးနေတဲ့နေရာဆီ အောင်လအန်ဆန်းနဲ့ ကျော်ဇင်ဖြိုးတို့လို နိုင်ငံဂုဏ်ဆောင် ချန်ပီယံ အားကစားသမားတွေကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပါတယ်။ လူငယ်အားကစားသမားတွေအနေနဲ့လည်း ချန်ပီယံ ၂ ဦးဆီက စိတ်အားတက်ကြွစရာ အားပေးစကားတွေ၊ သူတို့ မျှဝေပြောကြားသွားခဲ့တဲ့ အကြံပြုချက်တွေကနေ သင်ယူစရာတွေ၊ အတုယူစရာတွေ အများကြီးရရှိပြီး အနာဂတ်အတွက် အားအင်တွေ ရရှိသွားနိုင်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်” ဟု တယ်လီနောမြန်မာ၏ ဘဏ္ဍာရေးဆိုင်ရာ အရာရှိချုပ် ဒေါ်ယဉ်ယဉ်ဌေးက ပြောကြားသည်။
တယ်လီနောမြန်မာသည် တယ်လီနောလူငယ်ဖိုရမ်အပါအဝင် မြန်မာနိုင်ငံ၏လူငယ်များအား အားပေးကူညီနိုင်ရန်အတွက် အစီအစဉ်များစွာကို ၎င်း၏လူမှုအကျိုးပြုစီမံကိန်းများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆောင်ရွက်လျက်ရှိသည်။ ၎င်း၏ အလင်းအိမ်ဒစ်ဂျစ်တယ်နည်းပညာ ဖွ့ံဖြိုးရေးစင်တာများသည် လက်ရှိတွင် ကျောင်းသားကျောင်းသူပေါင်း ၁၃၀,၀၀၀ ကျော်ကို စမတ်ဖုန်းနှင့် ကွန်ပျူတာကျွမ်းကျင်မှုသင်တန်းများ သင်ကြားပေးခဲ့ပြီး ဖြစ်သည်။ ထို့အပြင် တယ်လီနော၏ ‘ဘေးကင်းသော အင်တာနက်’ အစီအစဉ်များနှင့် နွေရာသီဒစ်ဂျစ်တယ်သင်တန်းများမှတဆင့် ဒစ်ဂျစ်တယ်တတ်ကျွမ်းမှု များအပြင် အင်တာနက်အား အကျိုးရှိစွာနှင့် ဘေးကင်းစွာ မည်သို့ အသုံးပြုရမည်ဆိုသည့် အချက်များကို နိုင်ငံတစ်ဝန်းမှ ကျောင်းသား ကျောင်းသူများအား သင်ကြားပေးခဲ့ပြီးဖြစ်သည်။ မကြာသေးမီကလည်း Myanmar Metropolitan College နှင့် ပူးပေါင်း၍ မဟာဗျူဟာမြောက် အိုင်စီတီစီမံခန့်ခွဲမှုဆိုင်ရာ စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့ (MBA) တက်ရောက်မည့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၀ ဦးအား ၄ နှစ်ကျော်ကြာ ပညာသင်ဆုများ ပေးအပ်သွားမည့် အစီအစဉ်တစ်ရပ်ကို စတင်လုပ်ဆောင်ခဲ့သည်။

မီဒီယာများဆက်သွယ်ရန်

ရွှေယင်းမာဦး 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : shweyinn.maroo@telenor.com.mm

Yangon
My Telenor