Press Release

လူငယ်လူရွယ်များအား အားပေးကူညီရန် တယ်လီနောမှ တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်

06 March, 2017 - Yangon

တယ်လီနောမြန်မာလီမိတက် (တယ်လီနော) က အစိုးရပိုင်နှင့် ပုဂ္ဂလိကပိုင် တက္ကသိုလ်အချို့နှင့်ပူးပေါင်း၍ တက္ကသိုုလ် ကျောင်းသားကျောင်းသူများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ လမ်းဖွင့်ပေးခြင်းအစီအစဉ်များကို ၂၀၁၇ တွင်ဆောင်ရွက်သွားမည်ဖြစ်သည်။

“ဒီလိုမျိုး တက္ကသိုလ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံက လူငယ်တွေအနေနဲ့ သူတို့ပညာသင်ကြားနေတဲ့ နယ်ပယ်တွေနဲ့ သက်ဆိုင်တဲ့ ဗဟုသုတတွေ ပိုမိုအားကောင်းလာနိုင်ပြီး နောက်ဆုံးပေါ် နည်းပညာတွေနဲ့လည်း အမြဲမပြတ် ထိတွေ့နေနိုင်မှာ ဖြစ်တဲ့အတွက် ကျွန်မတို့အနေနဲ့ အရမ်းကို ဝမ်းမြောက်မိပါတယ်။ ဒီလို ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ကျွန်မတို့အနေနဲ့ ကျောင်းသားကျောင်းသူတွေကို အလုပ်သင်အခွင့်အလမ်း တွေလည်း ပေးအပ်သွားဖို့ရှိနေပြီး ဒီလို အခွင့်အလမ်းတွေကနေတဆင့် သူတို့တွေရဲ့ ပညာသင်ကြားမှု ဗဟုသုတတွေနဲ့ တစ်ကယ့်အလုပ်ခွင် အတွေ့အကြုံတွေကို ချိတ်ဆက်ပေးသွားဖို့လည်း ရည်ရွယ်ထားပါတယ်။ ကျောင်းသားကျောင်းသူတွေ အနေနဲ့လည်း ဒီလို ပူးပေါင်းဆောင်ရွက်မှုတွေကနေ ရရှိလာမယ့် အခွင့်အလမ်းတွေကို ပြည့်ဝစွာ အသုံးချနိုင်ပြီး အလုပ်ခွင်ကို ဝင်ရောက်ဖို့ အသင့်ဖြစ်နေမယ့် အရည်အချင်းရှိ လူငယ်တွေ ဖြစ်လာမယ်လို့ ကျွန်မတို့အနေနဲ့ ယုံကြည်ပါတယ်။” ဟု တယ်လီနောမြန်မာ၏ Chief People Officer ဖြစ်သူ Goldie ရွှေရည်ဝင်းလဲ့မှ ပြောကြားခဲ့ပါသည်။

အဆိုပါ ပူးပေါင်းမှု၏ တစ်စိတ်တစ်ပိုုင်းအနေဖြင့် တယ်လီနောမှနေ၍ လုပ်ငန်းပိုင်းနှင့် နည်းပညာ ဆွေးနွေးပွဲများ၊ နည်းပညာ သင်ကြားပေးမှုများ၊ လုပ်ငန်းခွင် လေ့လာရေးများနှင့် အလုပ်သင်အစီအစဉ်များ ပြုလုပ်ပေးသွားမည်ဖြစ်သည်။ လုပ်ငန်းပိုင်း ဆွေးနွေးပွဲများတွင် အလုပ်အကိုင်ပိုင်းဆိုင်ရာ တိုးတက်မှုနှင့် ပတ်သက်သည့် ခေါင်းစဉ်များ ပါ၀င်မည်ဖြစ်ပြီး နည်းပညာ ဆွေးနွေးပွဲများမှာမူ ဆက်သွယ်ရေးနယ်ပယ်အတွင်းမှ တိုုးတက်မှုများအပေါ် အဓိကထား ဆွေးနွေး သွားမည်ဖြစ်သည်။ ထို႕အပြင် လုပ်ငန်းခွင် လေ့လာရေးများမှတစ်ဆင့် ကျောင်းသားကျောင်းသူများသည် လက်တွေ့ အလုပ်ခွင်အား ကိုယ်တိုင်ကိုယ်ကျ သိရှိလာနိုင်မည် ဖြစ်ပါသည်။

တယ်လီနော သည် ၂၀၁၆ ခုနှစ် တက္ကသိုလ်ကျောင်းသား/သူများအတွက် အလုပ်သင်အစီအစဉ်ကို စတင်ခဲ့သည်။ အလုပ်သင်အစီအစဉ်သည် မိတ်ဖက် တက္ကသိုလ်အပေါ် မူတည်၍ ၂ လ သို႕မဟုတ် ၃ လ ကြာမြင့်မည်ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် တက္ကသိုလ်၊ ကောလိပ် ၇ ခုမှ အလုပ်သင် ၂၆ ယောက်ကို လက်ခံခဲ့သည်။ ယခုနှစ်တွင် အရေအတွက် ပိုမိုလက်ခံသွားရန် ရည်မှန်းထားပါသည်။ ထို့အပြင် တယ်လီနောအနေဖြင့် ဘွဲ့ရပြီးခါစ ကျောင်းသားကျောင်းသူများ အတွက် အဓိကရည်ရွယ်သည့် တစ်နှစ်တာ နည်းပညာ လေ့ကျင့်မှုသင်တန်းများကိုုလည်း စတင်ပြုလုပ်သွားမည်ဖြစ်သည်။

သန်လျှင်နည်းပညာတက္ကသိုလ်မှ ကျောင်းသူကျောင်းသားများ၏ ပညာရေးတိုးတက်မှုအတွက် ရည်ရွယ်ပြီး တယ်လီနောမြန်မာနှင့် သန်လျှင်နည်းပညာတက္ကသိုလ်ကြား သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။ အဆိုပါ “ ပညာရေး ဆိုင်ရာ ပူးပေါင်ဆောင်ရွက်မှု သဘောတူညီချက်” လက်မှတ်ရေးထိုးပွဲအခမ်းအနားအား ဖေဖော်၀ါရီလ (၁၇) ရက်နေ့တွင် သန်လျှင်နည်းပညာတက္ကသိုလ်၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ သဘောတူညီချက်တွင် ကျောင်းသူကျောင်းသားများအတွက် အကျိုးဖြစ်ထွန်းစေမည့် ဟောပြောပွဲများ၊ လုပ်ငန်းခွင်ဆိုင်ရာ လေ့လာရေးများနှင့် အလုပ်သင်အစီအစဉ်များ ပါဝင်ပါသည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်၏ ကနဦး အနေဖြင့် သန်လျင်နည်းပညာ တက္ကသိုလ်မှ Electronic Communications နှင့် Information Technology အထူးပြု ကျောင်းသူ ကျောင်းသားများအတွက် ရည်ရွယ်၍ ဆက်သွယ်ရေးဆိုင်ရာ နည်းပညာအကြောင်း ဟောပြောပွဲအား ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

တယ်လီနောမှနေ၍ မြန်မာနိုင်ငံအတွင်းရှိ လူငယ်လူရွယ်များနှင့် ကျောင်းသားကျောင်းသူများအား အားပေးထောက်ပံ့နေသည့် အခြားသော အစီအစဉ်များလည်း ပြုလုပ်လျက်ရှိပြီး အဆိုပါ အစီအစဉ်များတွင် နှစ်စဉ်ပြုလုပ်သော တယ်လီနောလူငယ်ဖိုရမ်များ၊ လစဉ် အစိုးရနှင့် ပုဂ္ဂလိက တက္ကသိုလ်များတွင် ပြုလုပ်သော Net Monday ဟောပြောပွဲများနှင့် နိုင်ငံတစ်ဝန်း ပြုလုပ်နေသော ‘ဘေးကင်းသည့် အင်တာနက်’ နှင့် ပတ်သက်သော ဟောပြောပွဲများ ပါဝင်သည်။ ၂၀၁၇ ခုနှစ်အတွင်း ပြုလုပ်သွားမည့် Net Monday ဟောပြောပွဲများ မှတဆင့် လူငယ်လူရွယ်နှင့် တက္ကသိုလ်ကျောင်းသားကျောင်းသူ အရေအတွက် စုစုပေါင်း ၅,၀၀၀ ခန့်အား အသိပညာပေးသွားမည်ဟု ခန့်မှန်းထားသည်။ တယ်လီနောလူငယ်ဖိုရမ်သည် လူငယ်လူရွယ်များ နည်းပညာ အသုံးပြု၍ လူမှုရေးဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းရာတွင် အားပေးကူညီရန် ရည်ရွယ်၍ တယ်လီနောလုပ်ငန်းစုနှင့် နို်ဘယ်ငြိမ်းချမ်းရေးစင်တာတို့မှ ပူးပေါင်းပြုလုပ်သည့် အစီအစဉ်တစ်ရပ်ဖြစ်သည်။ ‘ဘေးကင်းသည့် အင်တာနက်အသုံးပြုမှု’ သင်တန်းများတွင် ပညာရေးနှင့်ပတ်သက်သည့် အင်တာနက်၏ အကျိုးကျေးဇူးများ၊ အချက်အလက်များခိုးယူခံရခြင်း၊ ဒစ်ဂျစ်တယ်အနိုင်ကျင့်မှုများ၊ အင်တာနက် အခြေပြု လိင်ခေါင်းပုံဖြတ်မှုများ၊ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းစာတိုများပေးပို့မှုများ၊ အမုန်းစကားများ ဖြန့်ဖြူးခြင်း စသည်အွန်လိုင်းပေါ် တွင် ကြုံတွေ့နိုင်ရသော ဘေးအန္တရယ်ဖြစ်နိုင်ချေများကိုဟောပြောခြင်းများအပါအ၀င် အွန်လိုင်းတွင် လုံခြုံစိတ်ချစွာ မည်သို့နေထိုင်နိုင်မည်ဆိုသော အချက်အလက်များပါ၀င်သည်။ တယ်လီနောအနေဖြင့် ၂၀၁၇ ခုနှစ်အတွင်း လူဦးရေ အနည်းဆုံး ၅၀,၀၀၀ ကို ‘ဘေးကင်းသည့် အင်တာနက် အသုံးပြုမှု’ နှင့်ပက်သက်မှုများအကြောင်း အသိပညာပေးနိုင်ရန် ရည်ရွယ်ထားသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor