Press Release

လူငယ်များအတွက် စီမံကိန်းစီမံခန့်ခွဲမှုသင်တန်းများ ယခုနှစ်အတွင်း ဆက်လက် ဖွင့်လှစ်မည်

19 April, 2018 - Yangon

  • ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံလူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိ စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်
  • ၁ လကြာ သင်တန်းအပတ်စဉ်သစ်ကို မေလ ၇ ရက်နေ့တွင် စတင်ဖွင့်လှစ်မည် ဖြစ်ပြီး အသက် ၂၀ မှ ၃၅ နှစ်အတွင်း ဘွဲ့ရလူငယ်များ လျှောက်ထားနိုင်
  • ကျေးလက်တွင် နေထိုင်သူများကို ဦးစားပေးရွေးချယ်မည်ဖြစ်ပြီး ထူးချွှန်သင်တန်းသားများ အတွက် အလုပ်ခွင်သင်တန်း ဆက်လက်ပေးအပ်သွားမည် 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ စုပေါင်းလုပ်အား အကူအညီပေးရေးအဖွဲ့ (NAG) နှင့် တယ်လီနောမြန်မာတို့၏ ပူးပေါင်းမှုဖြင့် ဒေသခံလူငယ်များအတွက် ဖွင့်လှစ်လျက်ရှိသော ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် စီမံကိန်းစီမံခန့်ခွဲမှုသင်တန်း အပတ်စဉ်အသစ်များ ကို ၂၀၁၈ ခုနှစ်တွင် ဆက်လက်ဖွင့်လှစ်သင်ကြားရန် စီစဉ်ထားပြီးဖြစ်သည်။ သင်တန်းအပတ်စဉ် ၅ ခု ကို ယခုနှစ်တွင် ဖွင့်လှစ်သွားမည် ဖြစ်ပြီး မေလ ၇ ရက်နေ့တွင် စတင်မည့် အပတ်စဉ် ၁၁ သင်တန်း အတွက် လျှောက်လွှာများကို စတင်လက်ခံနေပြီ ဖြစ်သည်။

“ဒီသင်တန်းရဲ့ အဓိကဦးတည်ချက်ကတော့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးပေးဖို့နဲ့ ဒေသခံလူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုပွင့်လန်းလာဖို့အတွက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကျေးလက်ဒေသဖွံဖြိုးတိုးတက်မှုအတွက် အကျိုးရှိမယ့် ကျွမ်းကျင်မှုရှိတဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ ဒီသင်တန်းကနေ မွေးထုတ်ပေးနိုင်မယ်လို့ အပြည့်အဝ ယုံကြည်ပါတယ်။ ဒီအစီအစဉ်ကို ဆောင်ရွက်ခြင်းဖြင့် တယ်လီနောအနေနဲ့ လူမှုပတ်ဝန်းကျင်မှာရှိတဲ့ လူတိုင်းရဲ့ ဘဝတွေ တိုးတက်ကောင်းမွန်လာဖို့အတွက် စွမ်းရည်မြှင့်တင်ပေးရာမှာ ပံ့ပိုးကူညီနိုင်မယ်လို့လည်း မျှော်မှန်းထား ပါတယ်” ဟု တယ်လီနောမြန်မာ၏ ရေရှည်တည်တံ့သော လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာကဏ္ဍ တာဝန်ခံ ဦးမင်းသူက ပြောကြားသည်။

သင်တန်းသားများအနေဖြင့် သင်တန်းကာလအတွင်း ဖွံ့ဖြိုးရေး သဘောတရားနှင့် အယူအဆများ၊ စီမံကိန်း စီမံခန့်ခွဲမှု ဘာသာရပ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဘာသာရပ်၊ သဘာဝ သယံဇာတစီမံခန့်ခွဲမှု ဘာသာရပ်၊ နိုင်ငံရေးဘောဂဗေဒ ဘာသာရပ်၊  ကျေးလက် အခြေခံ အဆောက်အအုံဆိုင်ရာ ဘာသာရပ်၊ သဘာဝဘေးဒဏ်လျော့ပါးရေးဆိုင်ရာ ဘာသာရပ်၊ ဒေသခံများ ကိုယ်တိုင် ပူးပေါင်းပါဝင်နိုင်သော နည်းလမ်းများ၊ ဖွံဖြိုးရေးဆိုင်ရာ ပြန်ကြားဆက်သွယ်ရေး ဘာသာရပ် နှင့် ဖွံဖြိုးရေးဆိုင်ရာအခြေခံမူများ (ကျား/မ ပူးပေါင်းပါဝင်မှု၊ မခွဲခြားရေး) စသည့်ကဏ္ဍများကို လေ့လာ သင်ယူခွင့်ရရှိမည် ဖြစ်သည်။

သင်တန်ုးကာလ တစ်လကြာမြင့်မည့် အဆိုပါအချိန်ပြည့်သင်တန်းကို တက်ရောက်ရန်အတွက် အသက် ၂၀ မှ ၃၅ နှစ်အတွင်းရှိ ဘွဲ့ရလူငယ် မည်သူမဆို လျှောက်ထားနိုင်သည်။ သင်တန်းကြေးမှာ ငွေကျပ် ၁ သိန်းကျသင့်မည် ဖြစ်သော်လည်း အရည်အချင်းပြည့်မီသော သင်တန်းသားအားလုံး အတွက် ပညာတော်သင်ဆုငွေ ၅ သောင်းကျပ်နှင့် နေထိုင်စားရိတ်ကို ပေးအပ်သွားမည် ဖြစ်သည်။ ထို့အပြင် သင်တန်းကာလပြီးဆုံးပါက ထူးချွန်သော သင်တန်းသားများအတွက် အခကြေးငွေရရှိမည့် ၆ လ ကြာ အလုပ်သင်အခွင့်အလမ်းလည်း ရှိသည်။

တယ်လီနောမြန်မာ၏ ၂ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ငွေကျပ်သန်း ၁၇၀ ကျော်ကို သုံးစွဲသူများ ကိုယ်စား တယ်လီနောက ပရဟိတအဖွဲ့အစည်း ၃ ခု သို့ လှူဒါန်းခဲ့ရာတွင် NAG လည်း အပါအဝင် ဖြစ်ပြီး နောက်ဆက်တွဲအဖြစ် ဤသင်တန်းများကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ခဲ့ခြင်းဖြစ်သည်။ ယခုအချိန်အထိ သင်တန်း အပတ်စဉ် ၁၀ ခု ပြီးမြောက်ခဲ့ပြီး သင်တန်းသား ၃၀၀ နီးပါးကို ပို့ချခဲ့ပြီး ဖြစ်သည်။ ထိုမှ သင်တန်းသား ၇၅ ဦးကို အလုပ်သင် အခွင့်အလမ်းပေးအပ်ခဲ့ပြီး ၄၄ ဦးကို NAG က ဝန်ထမ်းအဖြစ် ခန့်အပ်ခဲ့သည်။

လျှောက်ထားရန်
စိတ်ဝင်စားသူများသည် ကိုယ်ရေးအကျဉ်းနှင့် လိုအပ်သော စာရွက်စာတမ်းများကို အွန်လိုင်း သို့မဟုတ် လူကိုယ်တိုင် NAG ရုံးသို့ ဧပြီလ ၂၄ ရက်မတိုင်မီ လာရောက် လျှောက်ထားနိုင်သည်။ အသေးစိတ် အချက်အလက်များကို သိရှိလိုပါက NAG Facebook စာမျက်နှာ သို့မဟုတ် nagmyanmar.pcm@gmail.com သို့ အီးမေးလ်ပို့၍ စုံစမ်းနိုင်သည်။

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : nyinyi.aung@telenor.com.mm

 

Yangon
My Telenor