Press Release

ရေဘေးသင့် ပြည်သူများ ကနဦး ပြန်လည်ထူထောင်ရေးအတွက် တယ်လီနောမြန်မာက ငွေကျပ် သိန်း ၅၅၀ အား လွှဲပြောင်းပေးအပ်

24 August, 2018 - Yangon

  • ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး ရေဘေးဒဏ်သင့် ပြည်သူ ၃၇,၀၀၀ ကျော်အတွက် ကနဦး ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရေနှင့် သန့်ရှင်းရေးဆိုင်ရာ အထောက်အကူပြုပစ္စည်း များ၊ သောက်ရေသန့်နှင့် စိုက်ပျိုးရေး သွင်းအားစုများ ထောက်ပံ့သွားမည်

သြဂုတ်လ ၂၄ ရက်၊ ၂၀၁၈ ခုနှစ်၊ ရန်ကုန် - ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ ရေဘေးသင့် ပြည်သူ ၃၇,၀၀၀ ကျော်အတွက် ကနဦး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် အလှူငွေကျပ် သိန်း ၅၅၀ ကျော်အား တယ်လီနောမြန်မာက ၎င်း၏ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Network Activities Group (NAG) ထံ ယနေ့ လွှဲပြောင်းပေးအပ်ခဲ့သည်။ အဆိုပါ ထောက်ပ့ံငွေများဖြင့် ရေဘေးသင့် အိမ်ထောင်စုများအတွက် ရေနှင့် သန့်ရှင်းရေးဆိုင်ရာ အထောက်အပ့ံများ၊ ကျေးရွာများ၏ ရေအရင်းအမြစ်ပြန်လည်ရရှိရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရန်အတွက် သွင်းအားစုများ ထောက်ပံ့ ပေးအပ်သွားမည် ဖြစ်သည်။ 

၂၀၁၈ ခုနှစ် မိုးရာသီကြောင့် ဇူလိုင်လမှ စတင်၍ မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းဒေသများ၌ ဆိုးရွားလှသော ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့သည်။ ထောင်ပေါင်းများစွာသော ပြည်သူများမှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး နောက်ဆက်တွဲ ပြဿနာများအဖြစ် ပြည်သူများသည် အစားအစာ၊ သောက်ရေသန့်၊ တကိုယ်ရေ ကျန်းမာရေးနှင့် သန့်ရှင်းရေးပစ္စည်း များ၊ အသက်မွေးမှုလုပ်ငန်းများနှင့် ပတ်သက်ပြီး စိန်ခေါ်မှုများ ကြုံတွေ့နေရသည်။ NAG ၏ ကနဦး လေ့လာ ဆန်းစစ်ချက်အရ ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်မှ ကျေးရွာ ပေါင်း ၃၂ ရွာ၊ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှ ကျေးရွာပေါင်း ၁၉ ရွာတို့ရှိ ရေဘေးသင့်ပြည်သူများကို အထောက်အပံ့ပေးအပ်နိုင်ရန်  တယ်လီနောမြန်မာက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

“ဒီသဘာဝဘေးအန္တရာယ်ကြောင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသက ပြည်သူတွေ ဆိုးဆိုးရွားရွား ထိခိုက်ခံစားခဲ့ရ ပြီး ပြန်လည်ထူထောင်ရေးနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတယ်လို့ သိရတဲ့အတွက် အလွန်ပဲ စိတ်မကောင်းဖြစ်မိပါတယ်။ သဘာဝဘေးအန္တရာယ် တစ်ခုကျရောက် တဲ့အခါ အရေးပေါ်အခြေအနေဖြစ်နေတုန်းအချိန်မှာ လူတွေရဲ့ အာရုံစူးစိုက်မှုကို တော်တော်များများ ရလေ့ရှိပေမယ့် တကယ်တမ်း ရေရှည်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကတော့ ပိုပြီး နက်နဲခက်ခဲလေ့ရှိပါတယ်။ ဒီလုပ်ငန်းတွေကို ထိရောက်ပြီး ရှေရှည်တည်တံ့စေဖို့ သေသေချာချာ အစီအစဉ်ရေးဆွဲဖို့ လိုအပ်တာကို သိရှိပြီး ဖြစ်တဲ့အတွက်ကြောင့် ရေဘေးသင့်ပြည်သူတွေရဲ့ အိုးအိမ်တွေပြန်လည်ထူထောင်ဖို့၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပြန်လည်စတင်ဖို့ နဲ့ နောက်ဆက်တွဲ ခံနိုင်ရည်စွမ်း မြှင့်တင်ပေးနိုင်ဖို့ ကျွန်တော်တို့အနေနဲ့ ကူညီထောက်ပ့ံပေးသွားမှာ ဖြစ်ပါတယ်။ ဘေးဒုက္ခကြုံတွေ့ခဲ့ရပြီး ပြန်လည်ထူထောင်နိုင်ဖို့ ကြိုးပမ်းနေသူတွေ၊ ပုံမှန်ဘဝကို ပြန်လည်တည်ဆောက်သွားဖို့ အားစိုက်ဆောင်ရွက်နေသူတွေအတွက် ကျွန်တော်တို့ရဲ့ကူညီမှုက အထောက်အကူဖြစ်မယ်လို့ ယုံကြည်ပါတယ်” ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Sharad Mehrotra က ပြောကြားသည်။

ယနေ့လွှဲပြောင်းပေးအပ်ခဲ့သော ကူညီထောက်ပံ့မှုများမတိုင်မီကလည်း တယ်လီနောအနေဖြင့် ရေဘေးသင့်မြို့နယ် ၂၃ ခုရှိ တယ်လီနောသုံးစွဲသူများ ၎င်းတို့၏ မိတ်ဆွေများ၊ မိသားစုများနှင့် ပိုမိုလွယ်ကူစွာ ဆက်သွယ်နိုင်စေရန်အတွက် ၃၅ မိနစ်ကြာ ဖုန်းခေါ်ဆိုခွင့်နှင့် ၇၅ မဂ္ဂါဘိုက်ပမာဏရှိ အင်တာနက်ဒေတာ အသုံးပြုခွင့်များအား အခမဲ့ပေးအပ်ခဲ့ သည်။ ထို့အပြင် ရေဘေးဒဏ်သင့်ဒေသများရှိ တယ်လီနော၏ ဝန်ထမ်းများကလည်း အကူအညီ အဓိကလိုအပ် လျက်ရှိသော နေရာများတွင် ငွေအား၊ လူအားဖြင့် အားတက်သရော ကူညီဆောင်ရွက်ပေးလျက် ရှိသည်။

ကုလသမဂ္ဂ၏ လူသားချင်း စာနာထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ ဖော်ပြချက်အရ မြန်မာနိုင်ငံ သည် သဘာဝဘေးအန္တရာယ်ကျရောက်မှုနှုန်း မြင့်မားသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး တယ်လီနောမြန်မာသည် တာဝန်သိ အဖွဲ့အစည်းတစ်ခု ဖြစ်သည်နှင့်အညီ ၂၀၁၅ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံတစ်ဝန်းရှိ ရေဘေးသင့်ဒေသများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီများကို ပေးအပ်ခဲ့သည်။ လက်ရှိအချိန်ထိ တယ်လီနော သည် မြန်မာနိုင်ငံ အတွင်းရှိ ရေဘေးဒဏ်သင့်ဒေသများထံသို့ မြန်မာကျပ်ငွေ သန်းပေါင်း ၈၄၀ ကျော်၊ လူဦးရေ ၁၄၅,၀၀၀ ကျော်အား ကူညီ ထောက်ပံ့ပေးခဲ့ပြီးဖြစ်သည်။

လူမှုအကျိုးပြု ကူညီထောက်ပံ့မှုအစီအစဉ်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် တယ်လီနောသည် မြန်မာနိုင်ငံ အတွင်းရှိ ရေဘေးဒဏ်သင့် ဒေသများအား ကူညီထောက်ပံ့မှုများ အပါအဝင် သဘာဝဘေးအန္တရာယ်များ ခံစားနေရသည့် ပြည်သူလူထုအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား ပေးအပ်လျက် ရှိသည်။ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများအား လုပ်ဆောင်နေသည့် ၎င်း၏ မိတ်ဖက် ပြည်တွင်း အဖွဲ့အစည်းတစ်ခု ဖြစ်သော NAG နှင့် ပူးပေါင်း၍ တယ်လီနောသည် အကူအညီများ လိုအပ်နေသည့် နေရာဒေသများထံ အထောက်အပံ့များ သေချာစွာ ရောက်ရှိစေရေးကို အလေးထားဆောင်ရွက်လျက်ရှိသည်။ 

မီဒီယာများဆက်သွယ်ရန်

ရွှေယင်းမာဦး 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : shweyinn.maroo@telenor.com.mm

Yangon
My Telenor