Press Release

ရေဘေးသင့်ပြည်သူများအတွက် အထောက်အပံ့များ တယ်လီနောမြန်မာ လွှဲပြောင်း ပေးအပ်ပြီးစီး

17 September, 2018 - ရန်ကုန်

  • ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးရှိ ရေဘေးဒဏ်သင့် ပြည်သူ ၃၇,၀၀၀ ကျော်အတွက် ကနဦးပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရေနှင့် သန့်ရှင်းရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ၊ သောက်ရေသန့် နှင့် စိုက်ပျိုးရေး သွင်းအားစုများ ထောက်ပံ့ခဲ့
  • တယ်လီနောမြန်မာ၏ ဝန်ထမ်းများကလည်း ထပ်ဆောင်းအလှူငွေ ၇ .၂ သန်းကျော်အား ထည့်ဝင်လှူဒါန်းခဲ့သည့်အပြင် ကူညီထောက်ပံ့ရေးလုပ်ငန်းများတွင်လည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကူညီခဲ့

တယ်လီနောမြန်မာနှင့် ၎င်း၏ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Network Activities Group (NAG) တို့သည် ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်နှင့် ကရင်ပြည်နယ် လှိုင်းဘွဲ့ မြို့နယ်တို့မှ ရေဘေးသင့်အိမ်ထောင်စုများ ပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့မှုများ အောင်မြင်စွာ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်သည်။ ကနဦး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အတွက် ငွေကျပ် သိန်း ၅၅၀ ကျော်အား တယ်လီနောမြန်မာက NAG ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည့် သြဂုတ်လ နောက်ဆုံးရက်သတ္တပတ်မှ စတင်၍ အဆိုပါ ကူညီထောက်ပံ့မှုများအား လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ကျေးရွာပေါင်း ၅၁ ရွာရှိ ရေဘေးသင့်ပြည်သူ ၃၇,၀၀၀ ကျော်အား ကူညီ ထောက်ပံ့မှုများ ပေးအပ်နိုင်ခဲ့သည်။

အဆိုပါကူညီထောက်ပံ့မှုများအပြင် ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်ရှိ တယ်လီနောမြန်မာဝန်ထမ်းများကလည်း ရေဘေးသင့်ဒေသများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်၍ ရေဘေးသင့်ပြည်သူများအတွက် ထပ်ဆောင်း ကူညီ ထောက်ပံ့မှုအဖြစ် ငွေကျပ် ၇.၂ သန်းနှင့် အိမ်ထောင်စုများအတွက် လိုအပ်သောပစ္စည်းများ ထပ်မံ လှူဒါန်းခဲ့သည်။

“NAG ရဲ့ အကူအညီနဲ့အတူ တယ်လီနောအနေနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေနဲ့ သန့်ရှင်းရေးဆိုင်ရာ အထောက်အပံ့တွေ၊ ရေအရင်းအမြစ် ပြန်လည်ရရှိရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းတွေနဲ့ လယ်ယာ စိုက်ပျိုးရေး အတွက် သွင်းအားစုတွေ အပါအဝင် အဓိကလိုအပ်နေတဲ့ ကူညီထောက်ပံ့မှုတွေကို ပေးအပ်နိုင်ခဲ့ပြီး တယ်လီနော မြန်မာရဲ့ ‘အမြဲအတူရှိသော တယ်လီနော’ ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ အသုံးပြုသူတွေနဲ့ တစ်သားတည်းရှိနေတယ်ဆိုတဲ့ အချက်ကို လက်တွေ့ပြသလိုက်တာပဲ ဖြစ်ပါတယ်။ ဒီလိုကူညီထောက်ပံ့ရာမှာ ငွေကြေးနဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အကူ အညီတွေသာမက တယ်လီနောဝန်ထမ်းတွေကလည်း အထောက်အပံ့ပစ္စည်းတွေ ပေးဝေတဲ့နေရာမှာ ကိုယ်တိုင် ကိုယ်ကျ ဝင်ရောက်ကူညီခဲ့ပါတယ်။ တယ်လီနောမြန်မာနဲ့ ဝန်ထမ်းတွေရဲ့ အားပေးကူညီမှုတွေက သဘာဝဘေး အန္တရာယ် ကြုံတွေ့ခဲ့ရတဲ့ ရေဘေးသင့်ပြည်သူတွေ အိုးအိမ်ပြန်လည်ထူထောင်ဖို့၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း တွေ ပြန်လည်စတင်ဖို့နဲ့ ဘေးအန္တရာယ်ခံနိုင်ရည်စွမ်း မြှင့်တင်ပေးနိုင်ဖို့အတွက် အများကြီး အထောက်အကူဖြစ် မယ်လို့ ယုံကြည်ပါတယ်” ဟု တယ်လီနောမြန်မာ၏ ရေရှည်တည်တံ့သော လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာကဏ္ဍ တာဝန်ခံ ဦးမင်းသူက ပြောကြားသည်။

ယင်းသို့သော ကူညီထောက်ပံ့မှုများသာမက ရေဘေးသင့်မြို့နယ်များရှိ တယ်လီနောသုံးစွဲသူများ ၎င်းတို့၏ မိတ်ဆွေ များ၊ မိသားစုများနှင့် ပိုမိုလွယ်ကူစွာ ဆက်သွယ်နိုင်စေရန်အတွက် အခမဲ့ ဖုန်းခေါ်ဆိုခွင့်နှင့် အင်တာနက်ဒေတာ အသုံးပြုခွင့်များအား ပေးအပ်ခဲ့သည်။

လူမှုအကျိုးပြု ကူညီထောက်ပံ့မှု အစီအစဉ်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် တယ်လီနောသည် မြန်မာနိုင်ငံအတွင်းရှိ ရေဘေးဒဏ်သင့်ဒေသများအား ကူညီထောက်ပံ့မှုများအပါအဝင် သဘာဝဘေးအန္တရာယ်များ ခံစားနေရသည့် ပြည်သူ လူထုအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်လျက်ရှိသည်။ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများအား လုပ်ဆောင်နေသည့် ၎င်း၏မိတ်ဖက် ပြည်တွင်းအဖွဲ့အစည်း တစ်ခု ဖြစ်သော NAG နှင့် ပူးပေါင်း၍ အကူအညီများ လိုအပ်နေသည့် နေရာဒေသများထံ အထောက်အပံ့များ သေချာစွာ ရောက်ရှိစေရေးကို တယ်လီနောက အလေးထား ဆောင်ရွက်လျက် ရှိသည်။ လက်ရှိအချိန်ထိ တယ်လီနောသည် မြန်မာနိုင်ငံအတွင်းရှိ ရေဘေးဒဏ်သင့် ဒေသများထံသို့ မြန်မာကျပ်ငွေ သန်းပေါင်း ၈၄၀ ကျော်၊ လူဦးရေ ၁၄၅,၀၀၀ ကျော်အား ကူညီ ထောက်ပံ့ပေးခဲ့ပြီး ဖြစ်သည်။

မီဒီယာများဆက်သွယ်ရန်

ရွှေယင်းမာဦး 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : shweyinn.maroo@telenor.com.mm

ရန်ကုန်
My Telenor