Press Release

မြန်မာ့ ကျေးလက်ဒေသများတွင် ဒစ်ဂျစ်တယ်နည်းပညာတတ်ကျွမ်းမှု ပိုမိုမြင့်မားလာစေရေးအထောက်အကူအဖြစ် ရခိုင်ပြည်နယ်၏ ပထမဆုံးတယ်လီနောအလင်းအိမ်စင်တာဖွင့်လှစ်

21 March, 2017 - Yangon

  • တယ်လီနောအလင်းအိမ်စင်တာများကို ပြည်နယ်နှင့်တိုင်းဒေသကြီး၁၂ခု၊ နေပြည်တော်တို့တွင် ဖွင့်လှစ်ပြီး ဖြစ်
  • ၂၀၁၈ ခုနှစ် မကုန်မီအလင်းအိမ် စင်တာ၂၀၀ ဖွင့်လှစ်ရန် ရည်မှန်း 

 

တယ်လီနော မြန်မာလိမိတက် (တယ်လီနော)၏ ၆၄ခုမြောက် အလင်းအိမ် အိုင်စီတီနည်းပညာဖွံ့ဖြိုးရေးစင်တာရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါသည်။ ကျေးလက်နှင့်မြို့ပြ ဒစ်ဂျစ်တယ်နည်းပညာအသုံးချမှု ကွာဟချက်ကိုလျှော့ချနိုင်စေရေးအထောက်အကူပြုရန် တယ်လီနော၏ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် ရခိုင်ပြည်နယ်၏ ပထမဆုံးအလင်းအိမ်စင်တာကိုဖွင့်လှစ်ခြင်း ဖြစ်ပါသည်။

“မြန်မာနိုင်ငံအနေနဲ့စမတ်ဖုန်းခေတ်ကိုခုန်ပျံကျော်လွှားရောက်ရှိလာတာဖြစ်လို့ နိုင်ငံတွင်းကစမတ်ဖုန်းသုံးစွဲသူအများစုဟာစီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနဲ့ ပတ်ဝန်းကျင်ဆိုင်ရာတိုးတက်မှုတွေအတွက် စမတ်ဖုန်းတွေရဲ့ လုပ်ဆောင်နိုင်စွမ်းအားကိုအပြည့်အ၀ကိုအသုံးမချနိုင်ကြသေးဘူးဆိုတာကိုအထောက်အထားများစွာကညွှန်ပြနေပါတယ်။ တယ်လီနောရဲ့ အလင်းအိမ် ဒစ်ဂျစ်တယ်နည်းပညာဖွံ့ဖြိုးမှု အစီအစဉ်အနေနဲ့ အခွင့်အလမ်းနည်းပါးတဲ့ ကျေးလက်နေပြည်သူတွေအတွက်စမတ်ဖုန်းအခြေပြု ဒီဂျစ်တယ်နည်းပညာတွေကိုစင်တာမှာသင်ကြားပေးမှုအပြင် ကျေးလက်ဒေသတွေကိုကွင်းဆင်းသွားရောက်တာ၊ အွန်လိုင်းသင်ခန်းစာတွေကတစ်ဆင့် သင်ကြားပေးတာစတာတွေကိုစဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်”ဟုတယ်လီနောမြန်မာရေရှည်တည်တံ့သောလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ တာ၀န်ခံ ဦးမင်းသူကပြောကြားသည်။

တယ်လီနော၏ အလင်းအိမ်စင်တာများသည် နိုင်ငံတစ်ှမ်းရှိ မြို့ပြနှင့်ကျေးလက် လူမှုအသိုက်အ၀န်းများကို စီးပွားရေးနှင့် လူမှုရေးအတွက် အကျိုး ဖြစ်ထွန်းစေမည့် သတင်းအချက်အလက်များရရှိအသုံးချစေနိုင်ရေးအသိပညာပေးမည့် လူမှုအကျိုးပြုလုပ်ငန်းအဖွဲ့အစည်းများ ဖြစ်ပါသည်။ လက်ရှိတွင် တယ်လီနောအလင်းအိမ်များသည် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၂ခုနှင့် နေပြည်တော်တို့တွင် လူမှုအကျိုးပြုဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၈ ခုနှစ် မကုန်မီအလင်းအိမ်ပေါင်း ၂၀၀ ခုထိ ဖွင့်လှစ်သွားရန်လည်းရည်မှန်းထားပါသည်။ တယ်လီနောသည် မြန်မာနိုင်ငံတွင် အလင်းအိမ်များကိုဖွင့်လှစ်တည်ထောင်ရန်အတွက် ဖွံ့ဖြိုးမှုအတွက် အိုင်စီတီအဖွဲ့(MIDO)နှင့် ပူးပေါင်းဆောင်ရွက်နေပါသည်။

အလင်းအိမ်စင်တာများကိုဒေသခံလုပ်ငန်းရှင်များကဦးစီးဆောင်ရွက်ပြီးပြည်သူများအတွက် အကျိုးရှိစေမည့် အချက်အလက် ဝန်ဆောင်မှုများနှင့် ဒစ်ဂျစ်တယ် ကျွမ်းကျင်တတ်မြောက်ရေးသင်တန်းများကိုပေးအပ်နိုင်သည့် လူမှု စီးပွားရေးလုပ်ငန်းတစ်ခုကိုမည်သို့ မည်ပုံလည်ပတ်အောင် ဆောင်ရွက်နိုင်မည်ကိုဒေသခံလုပ်ငန်းရှင်များအားတယ်လီနောနှင့် MIDO တို့ကလေ့ကျင့်သင်ကြားပေးပါသည်။

“ကျွန်တော်တို့ ဒေသမှာ အင်တာနက်ရဲ့ အကျိုးကျေးဇူးနဲ့ဘယ်လိုဘေးကင်းလုံခြုံအောင် အသုံးပြုရမလဲဆိုတာကိုမသိတဲ့ သူများပါတယ်။ ကျွန်တော့်အနေနဲ့ ဒေသမှာရှိတဲ့ သူတွေအားလုံးကိုအင်တာနက်ရဲ့ကောင်းကျိုးတွေကိုဖုန်းတွေပေါ်ကသာမကကွန်ပျူတာပေါ်ကပါ ဘယ်လိုလေ့လာဆည်းပူးရမလဲဆိုတာကိုသင်ပေးချင်တယ်၊ ဒီဂျစ်တယ်နည်းပညာတွေကိုတတ်စေချင်ပါတယ်။အဲဒါကြောင့်လဲအလင်းအိမ်စင်တာကိုဖွင့်ခဲ့တာပါ။ အမြန်ဆုံး နည်းပညာ ပြန့်ပွားဖို့အတွက် ပထမဆုံးအနေနဲ့ ဆရာ/ဆရာမတွေကိုအရင်သင်တန်းပေးဖို့ ရည်ရွယ်ထားပါတယ်။သူတို့တွေကတစ်ဆင့်ကျောင်းသားတွေအများကြီးကို ပြန်ပြီးလက်ဆင့်ကမ်းနိုင်တယ်လေ။ တဖြည်းဖြည်းချင်းနဲ့တော့ ကိုယ့်ဒေသကလူတွေအားလုံးကိုဒီဂျစ်တယ်နည်းပညာတွေတက်ကျွမ်းသွားအောင် ကူညီသွားမှာပါ။ သူတို့ ဒီလိုတတ်မြောက်လာကြရင် မြို့ပြက ပြည်သူတွေနည်းတူအခွင့်အလမ်းတွေ ရလာကြမယ်လို့ ယုံကြည်ပါတယ်။ ကျနော်အနေနဲ့လည်းဒီအလင်းအိမ်ကတစ်ဆင့် မိမိတတ်စွမ်းတဲ့ ပညာကို ဖြန့်ဖြူးနိုင်တဲ့အတွက် အရမ်;၀မ်းသာမိပါတယ်”ဟု ရသေ့တောင်မြို့နယ် အလင်းအိမ်စင်တာ တာ၀န်ခံ ဦးမြတ်ထွန်း က ပြောကြားသည်။

အလင်းအိမ်စင်တာများမှာတယ်လီနောက မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသောလူမှုအကျိုးပြုဆောင်ရွက်ချက်များ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။အခြားဆောင်ရွက်ချက်များမှာမိခင်နှင့်ကလေးကျန်းမာရေးအချက်အလက်များကိုရယူနိုင်သည့် mHealthမိုဘိုင်းအပလီကေးရှင်း၊လူအများအင်တာနက်ကိုဘေးကင်းလုံခြုံစွာအသုံးပြုနိုင်စေရေးအတွက် ‘အားလုံးအတွက် ဘေးကင်းသည့် အင်တာနက်အသုံးပြုမှု’ အစီအစဉ်၊ အခွင့်အလမ်းနည်းပါးသောလူငယ်များအတွက် ကျောင်းသင်ခန်းစာပြင်ပပညာရေးသင်ကြားပေးနေသော မြန်မာရွှေ့လျားပညာသင်ကြားရေးစီမံကိန်း၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်နစ်နာသူများကိုလူသားခြင်းစာနာမှုနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာအကူအညီများထောက်ပံ့ပေးအပ်သည့် အစီအစဉ်နှင့် လူမှုအကျိုးစီးပွားဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများကိုထောက်ပံ့လှုဒါန်းရန် အထောက်အကူဖြစ်စေသည့် အထူးနံပါတ်လေလံပွဲများကျင်းပပြုလုပ်လျက် အကျိုးအမြတ်များကိုလှုဒါန်းပေး ခြင်းစသည်တို့ပါ၀င်ပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor