Press Release

မြန်မာ့ဆန်စပါးကဏ္ဍကို အကျိုးပြုနိုင်မည့် မိုဘိုင်းဝန်ဆောင်မှုအသစ်ကို ဖန်တီးခဲ့ သည့် လူငယ်အဖွဲ့ တယ်လီနောလူငယ်ဖိုရမ်တွင် အနိုင်ရရှိ

31 May, 2019 - Yangon

  • မြန်မာနိုင်ငံရှိ တောင်သူများနှင့် ကုန်သည်များအကြား geolocation စနစ်နှင့် ချိတ်ဆက်ပေးသွားနိုင်စွမ်းရှိသည့် ဆန်းသစ်သော မိုဘိုင်းအက်ပလီကေးရှင်းဖြင့် AgriMatch’ အမည်ရ လူငယ်အဖွဲ့က ၆ ကြိမ်မြောက် တယ်လီနော လူငယ်ဖိုရမ်တွင် အနိုင်ရရှိခဲ့သည်။
  • နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်က အဓိကဝင်ငွေအတွက် စိုက်ပျိုးရေးကဏ္ဍအား မှီခိုနေရသည့် မြန်မာနိုင်ငံတွင် အဆိုပါ ရှေ့ပြေးစီမံချက်ကို AgriMatch က လုပ်ဆောင်သွားရန် ရည်မှန်းထား

တယ်လီနော လူငယ်ဖိုရမ် ပြိုင်ပွဲဝင် ‘AgriMatch’ အဖွဲ့သည် စိုက်ပျိုးရေးကဏ္ဍအတွင်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းစဉ် (supply chain) သာတူညီမျှရှိစေရန်နှင့် ကြွေးမြီပြဿနာများ၊ ဆင်းရဲမွဲတေမှုများနှင့် ရင်ဆိုင်နေရသည့် တောင်သူများအတွက် အကူအညီဖြစ်စေမည့် မိုဘိုင်းဝန်ဆောင်မှု အားရည်ရွယ်ဒီဇိုင်းရေးဆွဲကာ ခြောက်လကြာ စမ်းသပ်ပြင်ဆင်ပြီးသည့်နောက် (၆) ကြိမ် မြောက် တယ်လီနောလူငယ်ဖိုရမ်တွင် အနိုင်ရရှိခဲ့သည်။ အဆိုပါအဖွဲ့သည် လုပ်ငန်းဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ထုတ်ပြန်ခဲ့သည့် ၂၀၁၉ ခုနှစ် အစီရင်ခံစာအရ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် အဓိကဝင်ငွေအတွက် စိုက်ပျိုးရေးကဏ္ဍအား မှီခိုနေရသည့် မြန်မာနိုင်ငံတွင် ရှေ့ပြေးစီမံချက်တစ်ခုကို AgriMatch က လုပ်ဆောင်သွားရန် ရည်မှန်းထားကြောင်း သိရသည်။

  

 

အဆိုပါ အဖွဲ့သည် မြန်မာနိုင်ငံရှိ Network Activities Group (NAG)နှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူများနှင့် ပတ်ဝန်းကျင်အတွက် ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ် တစ်ခု ပေါ်ပေါက်လာစေရန် အထောက်အကူဖြစ်စေမည့် Good Agricultural Practices (GAP) စနစ် ပိုမိုကောင်းမွန်လာစေရန်အတွက် ကူညီဆောင်ရွက်သွားမည်ဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက ချမှတ်ထားသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် (၁၀) နှင့်အညီ ဤ မိုဘိုင်းအက်ပလီကေးရှင်း သည် အာရှတိုက်ရှိ ဆန်စပါးထုတ်လုပ်ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းစဉ်အတွင်း ကွာဟချက်များအား လျှော့ချ နိုင်ရန် ကူညီပေးမည် ဖြစ်သည်။

"ထူးချွန်ပြောင်မြောက်တဲ့ AgriMatch ရဲ့ စီမံကိန်းကိုကြည့်ရတာ အလွန်အားရစရာကောင်းပါတယ်။ သူတို့ရဲ့ စီမံကိန်းကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ ဆန်စပါးထုတ်လုပ်ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းစဉ်ကို အကျိုးပြုရုံ သာမက အာရှတခွင်ကိုပါ သိသိသာသာ ပြောင်းလဲသက်ရောက်မှုရှိနိုင်မယ်လို့ ယုံကြည်ပါတယ်။ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားတဲ့ တခြားစီမံကိန်းတွေကလည်း အရမ်းကောင်းနေတော့ ဂျူရီလူကြီးမင်းတွေလည်း အကောင်းဆုံးအဖွဲ့ကို ဆုပေးဖို့ တော်တော်ဆုံးဖြတ်ရခက် ခဲ့မှာပါ။ ဒါ့အပြင် တယ်လီနောလူငယ်ဖိုရမ်မှာ ဆုံးဖြတ်ချက်ခိုင်မာမှုနဲ့ စိတ်အားထက်သန်မှုတို့ကို ပြသနိုင်ခဲ့တဲ့ မြန်မာနိုင်ငံ ကိုယ်စားလှယ် ၂ ယောက်ဖြစ် တဲ့ ကိုသီဟနဲ့ မနန်းတို့အတွက်လည်း ဂုဏ်ယူမိပါတယ်။ ဒီနှစ်ဖိုရမ်မှာ အနိုင်မရရှိခဲ့ပေမယ့် ဒီမြန်မာ ကိုယ်စားလှယ် ၂ ယောက်က နိုင်ငံရဲ့ ဒစ်ဂျစ်တယ်အနာဂတ်ကို ပုံဖော်ရာမှာ အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်သွားနိုင်တယ်လို တထစ်ချ ယုံကြည်ထားပါတယ်” ဟု တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် Sharad Mehrotra က ပြောကြားသည်။

တယ်လီနောလူငယ်ဖိုရမ် ၂၀၁၈/၂၀၁၉ ၏ နောက်ဆုံးအဆင့်ပြိုင်ပွဲအား ဘန်ကောက်မြို့တွင် မေလ ၂၈ ရက်၌ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံပေါင်း ၈ နိုင်ငံ လူငယ်ခေါင်းဆောင် ၁၆ ယောက်က ၎င်းတို့၏ အဖွဲ့အလိုက် လုပ်ဆောင်ခဲ့သော ဒစ်ဂျစ်တယ်ဝန်ဆောင်မှု ၄ မျိုးကို တယ်လီနောလုပ်ငန်းစု၊ Plan International၊ ယူနီဆက်နှင့် နိုဘယ်ငြိမ်းချမ်းရေးစင်တာတို့မှ ကျွမ်းကျင်ပညာရှင်များ၏ ရှေ့မှောက်တွင် တင်ဆက်ပြသခဲ့ သည်။ ‘AgriMatch’ အဖွဲ့အတွက် ရွေးချယ်ပေးထားသည့် စိန်ခေါ်မှုမှာ စားနပ်ရိက္ခာ ထုတ်လုပ်ရာတွင် ရေရှည်တည်တံ့မှု ပိုမိုရရှိလာစေရန်နှင့် ထိုမှတဆင့် ကမ္ဘာတဝန်း ကျန်းမာရေးကဏ္ဍအတွင်း မညီမျှမှုများ လျော့နည်းလာစေရန် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ဖြေရှင်းချက်တစ်ခုအား ဒီဇိုင်းရေးဆွဲပေးရန် ဖြစ်သည်။ ယခုနှစ် တယ်လီနောလူငယ်ဖိုရမ်အား အနိုင်ရရှိခဲ့သည့်အတွင် ‘AgriMatch’ သည် အမေရိကန်ဒေါ်လာ ၁၅,၀၀၀ (နော်ဝေနိုင်ငံသုံး ငွေကြေး ခရိုနာ ၁ သိန်း) ရရှိမည် ဖြစ်ပြီး ၎င်းတို့၏ ဝန်ဆောင်မှု အား ဆက်လက်အကောင်အထည်ဖော်နိုင်ရန် အတွက် အသုံးပြုရမည်ဖြစ်သည်။

နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် ဂျူရီလူကြီးများထံ တင်ပြခဲ့သည့် အခြားသော ဝန်ဆောင်မှု အိုင်ဒီယာ ၃ မျိုးမှာ စိတ်ကျန်းမာရေးနှင့် ပတ်သက်၍ အထင်အမြင်လွဲမှားမှုများအား ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြု လျှော့ချ ခြင်း၊ သန့်ရှင်းသော သောက်သုံးရေ ရရှိနိုင်မှု ပိုမိုမြင့်မားလာစေရန် ဒစ်ဂျစ်တယ်နည်းလမ်း အသုံးပြုဆောင် ရွက်ခြင်းနှင့် သက်ကြီးရွယ်အိုများ၏ ကျွမ်းကျင်မှုများအား လူငယ်များထံ ပိုမိုလွယ်ကူစွာ မျှဝေပေးနိုင်မည့် ဒစ်ဂျစ်တယ် ပလက်ဖောင်းအစရှိသည်တို့ ဖြစ်ကြသည်။ ယခုနှစ် တယ်လီနောလူငယ်ဖိုရမ်အား မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် တက်ရောက်ရန် လျှောက်ထားသူပေါင်း ၂၀၀ ကျော် အနက်မှ သီဟဇော်နှင့် နန်းယဉ်ယဉ် ဝင်းနွယ်တို့အား ရွေးချယ်စေလွှတ်ခဲ့သည်။

မြန်မာနိုင်ငံကိုယ်စားပြု လူငယ်ကိုယ်စားလှယ်တစ်ဦးဖြစ်သော နန်းယဉ်ယဉ်ဝင်းနွယ်သည် ဘင်္ဂလားဒေ့ရှ်၊ ဆွီဒင်နှင့် ပါကစ္စတန်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် နည်းလမ်းများရှာဖွေရာတွင် ပါဝင်ခဲ့သည်။ ၎င်းတို့၏ အဖွဲ့သည် ဝင်ငွေနည်းပါးသော သို့မဟုတ် ကျေးလက် ဒေသများရှိ အိမ်ထောင်စုများအတွက် ရိုးရှင်းသော လုပ်ဆောင်ချက်များ ပါဝင်သည့် လက်ကိုင်ဖုန်းများမှ တဆင့် မသန့်ရှင်းသော သောက်သုံးရေဆိုင်ရာ ပြဿနာများအား အကြောင်းကြားနိုင်မည့် နည်းလမ်းအား တင်ပြခဲ့သည်။ ထို့နောက်တွင် ဝင်ငွေမြင့်မားသော စမတ်ဖုန်းအသုံးပြုသူများသည် သန့်ရှင်းသော သောက်သုံးရေမရရှိသည့် အိမ်ထောင်စုများထံသို့ အက်ပလီကေးရှင်းမှတဆင့် ဆက်သွယ်၍ လှူဒါန်းမှုများ ပြုလုပ်သွားနိုင်မည်ဖြစ်သည့်အပြင် ပိုမိုကောင်းမွန်သော ကူညီစောင့်ရှောက်မှုများ ပေးအပ်နိုင်မည့် အဖွဲ့ အစည်းများ၊ သက်ဆိုင်ရာ အာဏာပိုင်များနှင့်လည်း ချိတ်ဆက်ပေးသွားနိုင်မည် ဖြစ်သည်။

“အဖွဲ့လိုက်အလုပ်အတူတွဲလုပ်ခဲ့တဲ့ ၅ လကျော်ကာလအတွင်းမှာ စိတ်လှုပ်ရှားမှုတွေ၊ အမြင်ကွဲပြားမှုတွေ၊ စိတ်ရှုပ်ထွေးမှုတွေ၊ စိုးရိမ်မှုတွေနဲ့ ပျော်ရွှင်မှုတွေ မျိုးစုံကြုံတွေ့ခဲ့ရပါတယ်။ ကျွန်မတို့အားလုံး သူတေသနတွေ နဲ့အင်တာဗျူးတွေများစွာ ပြုလုပ်ခဲ့ပြီး အဖွဲ့အစည်းအမျိုးမျိုးနဲ့ မိတ်ဖက်တွေကိုလည်း ကျွန်တော်တို့ရဲ့ စီမံချက်အကြောင်းကို ပြောပြခဲ့ပါတယ်။ ဒီကာလက တစ်ကယ့်ကိုခက်ခဲခဲ့ပေမယ့် ကျွန်မတို့ အခု လက်ရှိ လုပ်ဆောင်နိုင်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ဂုဏ်ယူမိပါတယ်။ နောက်ပြီး ကျွန်မတို့ရဲ့ နောက်ဆုံးအဆင့် စီမံကိန်းအိုင်ဒီယာကို အားလုံးရဲ့ရှေ့မှောက်မှာ ဆွေးနွေးတင်ပြခွင့်ရခဲ့တဲ့အတွက်လည်း အရမ်းကို ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။ AgriMatch က တင်ပြသွားတဲ့ အိုင်ဒီယာကလည်း အရမ်းကို အံ့အားသင့်ဖို့ကောင်းပြီး သူတို့ရဲ့ အရမ်းကောင်းမွန်တဲ့ ဆောင်ရွက်ချက်အတွက် တစ်ကယ့်ကို ဂုဏ်ပြုလိုပါတယ်” ဟု မြန်မာနိုင်ငံ ကိုယ်စားလှယ် အသက် ၂၅ နှစ် အရွယ် နန်းယဉ်ယဉ်ဝင်းနွယ်က ပြောကြားသည်။

မြန်မာနိုင်ငံ ကိုယ်စားပြု လူငယ်ကိုယ်စားလှယ် နောက်တစ်ဦးဖြစ်သည့် သီဟဇော်သည်လည်း ဒိန်းမတ်၊ နော်ဝေနှင့် ထိုင်းနိုင်ငံတို့မှ လူငယ်ကိုယ်စားလှယ်များနှင့် လက်တွဲ၍ ကမ္ဘာတစ်ဝန်းရှိ တိုးပွားလာသော သက်ကြီးလူဦးရေအား ကူညီထောက်ပံ့ပေးနိုင်မည့် ဒစ်ဂျစ်တယ်နည်းလမ်းများအား ရှာဖွေသွားမည် ဖြစ်သည်။ အဆိုပါ သက်ကြီးပြည်သူတို့၏ ဘဝတစ်လျှောက်လုံးမှ ကျွမ်းကျင်မှုများ၊ အတွေ့အကြုံများအား အသုံးပြု၍ ငွေကြေးရှာဖွေနိုင်မည့် ဒစ်ဂျစ်တယ် ပလက်ဖောင်းတစ်ခုအား သီဟဇော်တို့အဖွဲ့က တင်ပြခဲ့သည်။ အဆိုပါ ပလက်ဖောင်းမှတဆင့် သက်ကြီးရွယ်အိုလူဦးရေအား ၎င်းတို့နေထိုင်ရာ လူ့အဖွဲ့အစည်းများနှင့် တစ်သားတည်းဖြစ်စေရန် ကူညီလုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး ၎င်းတို့၏ ကျွမ်းကျင်မှုများနှင့် အသိပညာ တို့အား ဘဏ္ဍာရေးဆိုင်ရာ အကျိုးအမြတ်ရှာဖွေရာတွင် အသုံးပြုသွားနိုင်မည် ဖြစ်သည်။

“အော်စလိုမှာ စတင်ပြင်ဆင်ကတည်းက အခုအချိန်ထိ ကျွန်တော်တို့ အများကြီး တိုးတက်လာတယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ရဲ့စီမံချက်က အကောင်းမွန်ဆုံးအခြေအနေကို မရောက်ရှိသေးပေမယ့် ကျွန်တော်တို့ ဂုဏ်ယူနိုင်မယ့် ဆောင်ရွက်ချက်တစ်ခုကို ဖန်တီးနိုင်ခဲ့တယ်ဆိုတာ အသေအချာပါပဲ။ ပြီးခဲ့တဲ့ ၅ လ ကျော်အတွင်းမှာ ကျွန်တော်တို့ သုတေသနတွေ၊ အွန်လိုင်းကနေ စစ်တမ်းကောက်ယူမှုတွေ ပြုလုပ်ခဲ့ တဲ့အပြင် စီမံကိန်းကိုလည်း ထိုင်းနိုင်ငံမှာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အားလုံးအတွက် မမေ့နိုင်စရာအတွေ့အကြုံတစ်ခုပါပဲ။ AgriMatch အဖွဲ့က တင်ပြသွားတဲ့ အိုင်ဒီယာက လည်း တစ်ကယ့်ကို ကောင်းမွန်ပြီး ကမ္ဘာတစ်ဝန်းမှာ ကောင်းမွန်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာစေမယ် ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်” ဟု အသက် ၂၅ နှစ်အရွယ်ရှိ သီဟဇော်က ပြောကြားသည်။

၂၀၁၇-၁၈ ခုနှစ် တယ်လီနောလူငယ်ဖိုရမ်တွင်လည်း မြန်မာနိုင်ငံမှ နန်းကံ့ကော်ယွက်ဆိုင်ပါဝင်သည့် AGNCY အမည်ရ အဖွဲ့က လုပ်သားများ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် ပတ်သက်၍ တင်ပြနိုင်မည့် လူထုအခြေပြု ပရောဂျက်ဖြင့် အနိုင်ရရှိခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ ဖိနှိပ်ခံလုပ်သားများ ခံစားနေရ သည့် မညီမျှမှုများအား လျှော့ချရာတွင် အထောက်အပံ့ ဖြစ်စေမည့် အဆိုပါ စီမံကိန်းအား ဆက်လက် အကောင်အထည်ဖော်ရန် အတွက် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁၅,၀၀၀ အား ရရှိခဲ့သည်။

တယ်လီနောလူငယ်ဖိုရမ်အကြောင်း

တယ်လီနောလူငယ်ဖိုရမ်သည် မညီမျှမှုများအား လျှော့ချရာတွင် ငယ်ရွယ်တက်ကြွသော၊ တီထွင်နိုင်စွမ်းရှိသော လူငယ်များ၏ အကြံဉာဏ်များကို ရယူအသုံးချနိုင်ရန် ဖန်တီးပေးထားသော နိုင်ငံတကာစင်မြင့် တစ်ခုဖြစ်သည်။ ထို့အပြင် ဤဖိုရမ်သည် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ (Sustainable Development Goals) နှင့်ဆက်စပ်နေသည့်  ကမ္ဘာလုံးဆိုင်ရာ လူမှုစိန်ခေါ်မှုပြဿနာများကို ဖြေရှင်းရန်အတွက် စကင်ဒီနေးဗီးယန်းနှင့် အာရှတိုက်ရှိ တယ်လီနော၏ ဈေးကွက် ၈ ခုမှ လူငယ် ခေါင်းဆောင်များအား အတူတကွ စုစည်းပေးသော ဖိုရမ်တစ်ခုလည်း ဖြစ်သည်။ ရွေးချယ်ခံရသော လူငယ်များသည် ၆ လတာ ကြာမြင့်ချိန်အတွင်း အော်စလိုနှင့် ဘန်ကောက်မြို့များတွင် နှစ်ကြိမ်စုစည်းတွေ့ဆုံရမည်ဖြစ်သည့်အပြင် ကမ္ဘာကြီးတိုးတက်ရေး အတွက် လူတိုင်းအနေဖြင့် စတင်ပါဝင်ကာ ပြောင်းလဲစေနိုင်ရန် တွန်းအားပေးသော အစီအစဉ်တစ်ရပ် ဖြစ်သည့် We Start Change အမည်ရ ပြပွဲအစရှိသည့် အစီအစဉ်များတွင်လည်း ပါဝင်ခွင့်ရရှိမည်ဖစ်သည်။ ဤ တယ်လီနောလူငယ်ဖိုရမ်အား နိုဘယ်ငြိမ်းချမ်းရေး စင်တာ (NPC) နှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။

ခင်နုယဉ်မြင့်
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
Khinnuyin.myint@telenor.com.mm
တယ်လီနောမြန်မာ

ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
shweyinn.maroo@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share