မြန်မာလူငယ် ကိုယ်စားလှယ် နှစ်ဦး ဘန်ကောက်ရှိ တယ်လီနောလူငယ်ဖိုရမ် အစီအစဉ်တွင် ပါ၀င် ဆင်နွှဲ

23 May, 2017 -

  • နိုင်ငံပေါင်းစုံပါ၀င်သော အဖွဲ့ ၅ ဖွဲ့သည် ကမ္ဘာ့လူငယ်များ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများအား ဖြေရှင်းနိုင်ရန် ရည်ရွယ် ဖန်တီးထားသည့် ဖြေရှင်းချက်များအား ရှင်းလင်း ပြသ
မြန်မာနိုင်ငံမှ ၂ ဦးအပါအဝင် တယ်လီနော၏ ဈေးကွက် ၁၃ ခုမှ လူငယ် ခေါင်းဆောင် ၂၃ ယောက်တို့သည် ၎င်းတို့ ပါဝင်လုပ်ဆောင်နေသည့် တစ်နှစ်ကြာမြင့်သော တယ်လီနောလူငယ်ဖိုရမ် (TYF) ၂၀၁၆ အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဘန်ကောက်မြို့တွင် မေလ ၂၄ ရက်နှင့် ၂၅ ရက်တို့၌ ၂ ရက်ကြာ တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်ပါသည်။ မနှင်းနှင်းနိုင်နှင့် ကိုဇော်သူးခေါင်တို့သည် TYF ၂၀၁၆ အတွက် မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်များ ဖြစ်ကြပါသည်။
 
အဆိုပါ တွေ့ဆုံဆွေးနွေးမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် TYF လူငယ်ကိုယ်စားလှယ်များသည် အုပ်စု ၅ ခု ခွဲကာ ရာသီဥတု ပြောင်းလဲမှု၊ ငယ်ရွယ်သော ဒုက္ခသည်များအတွက် ပညာရေး၊ စိတ်ကျန်းမာရေးဆိုင်ရာ အလေ့အထ အကန့်အသတ်များ၊ ကျား/မ သာတူညီမျှရှိရေးနှင့် အလုပ်လက်မဲ့ဆိုင်ရာ ပြဿနာများ စသည်တို့ ပါဝင်သည့် လူငယ်များနှင့် သက်ဆိုင်သော အဓိက ပြဿနာများအား စုပေါင်း အဖြေရှာခဲ့ကြပြီး ၎င်းတို့အနေနှင့် မည်သို့ ဖြေရှင်းရန် ဆောင်ရွက်ထားသည်များကို လည်း ရှင်းလင်းတင်ပြ သွားကြမည် ဖြစ်သည်။ အဆိုပါ TYF ကိုယ်စားလှယ်များ၏ ရှင်းလင်းတင်ပြမှုများအား ဘန်ကောက် မြို့ စံတော်ချိန် ၁၆:၀၀ နာရီမှ ၁၇:၀၀ နာရီအထိwww.facebook.com/telenoryouthforum တွင် မေလ ၂၄ ရက်နေ့၌ တိုက်ရိုက် ကြည့်ရှု နိုင်မည် ဖြစ်ပါသည်။
 
မနှင်းနှင်းနိုင်နှင့် ဆွီဒင်၊ အိန္ဒိယ၊ ဒိန်းမတ်နှင့် ဆားဘီးယားနိုင်ငံတို့မှ လူငယ်ကိုယ်စားလှယ်များသည် World Citizen အဖွဲ့၏ အဖွဲ့ဝင်များ ဖြစ်ကြပြီး ၎င်းတို့အနေနှင့် စိန်ခေါ်မှုများ၊ သင်ခန်းစာများနှင့် စကားထာများမှတဆင့် ပညာသင်ကြား ပေးနိုင်မည့် ဂိမ်းပုံစံ မိုဘိုင်းအက်ပလီကေးရှင်းတစ်ခုအား တီထွင်ပြုလုပ်ရမည် ဖြစ်သည်။ ထို့အတူ ကိုဇော်သူးခေါင်နှင့် ထိုင်း၊ နော်ဝေ၊ မွန်တီနီဂရိုး၊ ဘူဂေးလ်ရီးယားနှင့် ဟန်ဂေရီနိုင်ငံတို့မှ လူငယ်ကိုယ်စားလှယ်များသည် InterYou အဖွဲ့၏ အဖွဲ့ဝင်များ ဖြစ်ကြပြီး ၎င်းတို့အနေနှင့် အလုပ်အကိုင်ရှာဖွေနေသူများအား လူတွေ့ စစ်ဆေးမေးမြန်းမှုများအတွက် ကြိုတင် ပြင်ဆင်သွားနိုင်ရန် အလို့ဌာ ၎င်းအလုပ်အကိုင် ရှာဖွေသူများအား အတွေ့အကြုံရင့် လူတွေ့ စစ်ဆေးမေးမြန်းသူများနှင့် ချိတ်ဆက်ကူညီပေးနိုင်မည့် ဒစ်ဂျစ်တယ် ဖြေရှင်းချက်တစ်ခုအား တီထွင်ပြုလုပ်ရမည် ဖြစ်သည်။ နှစ်စဉ်ကျင်းပသည့် တယ်လီနောလူငယ်ဖိုရမ် စတင်ခြင်း အခမ်းအနား၏ တစ်စိတ်တစ်ပိုင်း အနေနှင့် ယမန်နှစ် ဒီဇင်ဘာ လတွင် အော်စလိုမြို့၌ ကျင်းပခဲ့သည့် နို်ဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်ခြင်း ရက်သတ္တပတ်မှစတင်၍ TYF ၂၀၁၆ အတွက် ရွေးချယ်ခံရသူများသည် လူငယ်များအတွက် အဓိကရည်ရွယ်သည့် လူမှုရေးဆိုင်ရာ စိန်ခေါ်မှုများအား ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ ဆန်းသစ်သော အဆိုပြုချက် အသစ်များအတွက် ၎င်းတို့၏ အသင်းအဖွဲ့များနှင့်အတူ ၅ လကြာ ပြုလုပ်ပြီး ဖြစ်သည်။ လူငယ်ကိုယ်စားလှယ်များအနေနှင့် ၎င်းတို့၏ တီထွင်ဖန်တီးမှုများအတွက် တင်ဆက်ပြသမှုများအား UNICEF၊ ကမ္ဘာ့ကြက်ခြေနီ၊ တယ်လီနောလုပ်ငန်းစု၊ Techfugees နှင့် InterBridge စသည်တို့မှ အဖွဲ့ဝင်များရှေ့တွင် ပြုလုပ်ရမည် ဖြစ်ပါသည်။
 
အဖွဲ့များ၏ ဒစ်ဂျစ်တယ် ဖြေရှင်းချက်များအား နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အမည်ကြေညာမှုအပြီး နောက်ရက်များတွင် ကျင်းပပြုလုပ်သွားမည့် ဒစ်ဂျစ်တယ်နည်းပညာ ခင်းကျင်းပြသမှု အခမ်းအနားတွင် ဖော်ထုတ်ပြသသွားမည် ဖြစ်ပြီး အနိုင်ရရှိသည့် အဖွဲ့အား အောက်တိုဘာလတွင် ကြေညာသွားမည် ဖြစ်သည်။ အဆိုပါ အနိုင်ရရှိသည့် အဖွဲ့သည် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် အော်စလိုမြို့သို့ ပြန်လည်လာရောက်ကာ နောက်တစ်ကြိမ် TYF အစီအစဉ်တွင် ပါဝင်ခွင့် ရရှိသူများအား ၎င်းတို့ဆောင်ရွက်ထားသည်များကို ရှင်းလင်းပြောကြားရမည် ဖြစ်သည်။
 
မြန်မာနိုင်ငံမှ လူငယ်ကိုယ်စားလှယ် ၆ ဦးသည် ၂၀၁၄၊ ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်များတွင် အော်စလိုမြို့၌ ကျင်းပသည့် TYF အစီအစဉ်များအား အသီးသီး တက်ရောက်ခဲ့ပြီးဖြစ်သည်။ သတင်းအချက်အလက်နည်းပညာဆိုင်ရာ အင်ဂျင်နီယာသိပ္ပံဘွဲ့ (Bachelor of Engineering in Information Technology) ရရှိထားသူ ကိုအာကာမင်းအောင်နှင့် မြန်မာနိုင်ငံအတွင်းမှ ကူးစက်ရောဂါများအကြောင်း အသိပညာပေးမှု မြှင့်တင်သူ ဒေါက်တာ ဝေယံမင်းဌေး တို့ ၂ ဦးသည် TYF အစီအစဉ်၌ ၂၀၁၄ ခုနှစ်တွင် ပါဝင်ခဲ့ကြသည်။ B.Com (Management and Marketing) ဘွဲ့အားကိုင်ဆောင်ထားသူတစ်ဦးဖြစ်သည့် မဆုဝေစိုးနှင့် နည်းပညာ တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သူ ကိုဖြိုးသူရဌေးတို့သည် TYF အစီအစဉ်အား ၂၀၁၅ ခုနှစ်တွင် ပါဝင်ခဲ့သည်။ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှ ဘွဲ့ရကာစ ကျောင်းသူတစ်ဦးဖြစ်သည့် မနှင်းနှင်းနိုင်နှင့် တရုတ်နိုင်ငံ Zhejiang တက္ကသိုလ်မှ ပြည့်သူ့ရေးရာ စီမံခန့်ခွဲမှုပညာ မဟာဘွဲ့ ရရှိထားသည့် ကိုဇော်သူးခေါင် တို့သည် ယမန်နှစ်အတွက် မြန်မာနိုင်ငံ ကိုယ်စားပြု TYF ကိုယ်စားလှယ်များ ဖြစ်ကြပါသည်။
 
တယ်လီနောအနေနှင့် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်မှ ၁၀ ရက်နေ့အထိ နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ကျင်းပမည့် တယ်လီနောလူငယ်ဖိုရမ် ၂၀၁၇ (TYF-2017) အတွက် လျှောက်လွှာများအားလည်း စတင်လက်ခံနေပြီဖြစ်ပြီး ဇူလိုင်လ ၁၆ ရက်နေ့အထိ လျှောက်ထားနိုင်မည် ဖြစ်သည်။
 

TYF လူငယ် ကိုယ်စားလှယ် လျှောက်ထားရန် လိုအပ်ချက်များ

 
  • ၂၀၁၇ ခုနှစ်တွင် အသက် ၂၀ မှ ၂၈ နှစ်အတွင်း ရှိရမည်။
  • အင်္ဂလိပ်စာ ကျွမ်းကျင်စွာ တတ်ကျွမ်းရမည်။
  • မြန်မာနိုင်ငံသား ဖြစ်ရမည်။
  • မိမိနေထိုင်ရာ လူမှုအဖွဲ့အစည်းအတွင်း လူမှုရေး၊ စီးပွားရေး နှင့်/သို့မဟုတ် ပတ်ဝန်းကျင်အတွက် ပြောင်းလဲမှု များ ပြုလုပ်ရန်လိုလားသူ ဖြစ်ရမည်။ (ခိုင်လုံသော အတွေ့အကြုံရှိသူ ဖြစ်ရမည်။)
  • တက္ကသိုလ်တက်ရောက်ဆဲ သို့မဟုတ် အဆင့်မြင့်ပညာရေး ပြီးဆုံးအောင်မြင်ပြီးသူ ဖြစ်ရမည်။
  • ကြီးမားသည့် အကြံဥဏ်ရှိသူဖြစ်ပြီး ပြောင်းလဲမှုများ လုပ်ဆောင်ရန် ဆန္ဒရှိသူဖြစ်ရမည်။
TYF ၂၀၁၇ အစီအစဉ်အကြောင်း ပိုမိုသိရှိလိုပါက အောက်ပါ ဝက်ဘ်ဆိုက်များတွင် ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်။
Apply now.

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

My Telenor