27 August, 2018 - Nay Pyi Taw
မွန်ပြည်နယ်ရှိ မွေး/သေ မှတ်ပုံတင်ခြင်းလုပ်ငန်းများအား ဆန်းသစ်သည့် မိုဘိုင်းနည်းပညာကို အသုံးပြုပြီး ဒစ်ဂျစ်တယ် အသွင်ပြောင်းခြင်းဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံတကာအသိအမှတ်ပြု အရှင်မွေးလက်မှတ် (Universal Birth Registration) အဆင့်မီရေး ဆောင်ရွက်မှုများအတွက် ကြီးမားစွာ အထောက်အကူပြုမည်
မြန်မာနိုင်ငံ အစိုးရ၏ ထောက်ခံအားပေးမှုဖြင့် ယူနီဆက်မြန်မာနှင့် တယ်လီနောလုပ်ငန်းစုတို့ ပူးပေါင်းကာ မိုဘိုင်းအသုံးပြု မွေး/သေစာရင်း မှတ်ပုံတင်ခြင်း ရှေ့ပြေးစီမံချက်ကို မွန်ပြည်နယ်တွင် စတင်အကောင်အထည်ဖော်လိုက်ပြီဖြစ်သည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် လက်မှတ်ရေးထိုးခြင်းကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂ ရက် နေ့က ပြုလုပ်ခဲ့ပြီးဖြစ်ကာ ယနေ့တွင် ယင်းစီမံချက် စတင် လိုက်ခြင်းကြောင့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးမှ မြို့နယ် ကျန်းမာရေးအရာရှိများအနေဖြင့် မွေးဖွားခြင်း ဆိုင်ရာ မှတ်ပုံတင်ခြင်းနှင့် မွေးစာရင်းထုတ်ပေးခြင်းတို့ကို ဒစ်ဂျစ်တယ် မိုဘိုင်းစနစ် အသုံးပြုကာ မှတ်တမ်းတင်နိုင်ပြီး မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် ဆောင်ရွက်နိုင်ခြင်းဖြစ်သည်။
ယနေ့ နေပြည်တော်တွင် ကျင်းပသည့် စီမံချက်စတင်ခြင်း အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က အဖွင့်အမှာစကားပြောကြားရာ၌ “မြန်မာနိုင်ငံတော် အစိုးရ အနေနဲ့ ၁၂ချက်ပါ စီးပွားရေးမူဝါဒမှာ e-government ဆိုတဲ့အချက်ကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။ ဒစ်ဂျစ်တယ်စီးပွားရေးဆိုင်ရာ ပထမအကြိမ်အစည်းအဝေးမှာ နိုင်ငံတော် အတိုင်ပင်ခံပြောကြားခဲ့တဲ့အတိုင်း ကျွန်တော်တို့အနေနဲ့ ပူးပေါင်းဆောင်ရွက်ရေး၊ ကျွမ်းကျင်မှုတွေနဲ့ နည်းပညာဆိုတဲ့ နယ်ပယ် ၃ခုမှာ အားသွန်ခွန်စိုက် ဆောင်ရွက်ဖို့ လိုပါတယ်။ မိုဘိုင်း မွေး/သေစာရင်းမှတ်ပုံတင်ခြင်းလုပ်ငန်းကို မွန်ပြည်နယ်မှာ အကောင်အထည်ဖော်နိုင် ဖို့အတွက် ယူနီဆက်နဲ့ တယ်လီနောတို့က ရန်ပုံငွေနဲ့ နည်းပညာဆိုင်ရာ အထောက်အပံ့တွေ ပေးအပ်ခဲ့တာဖြစ်လို့ ပူးပေါင်းဆောင်ရွက်မှုဟာ အထူးအရေးပါတယ်ဆိုတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးဆက်အောင်က “ဒီနေ့ စတင်လိုက်တဲ့ မိုဘိုင်း မွေး/သေစာရင်း မှတ်ပုံတင်ခြင်း စီမံချက်ဟာ မြန်မာနိုင်ငံအတွက် ထူးခြားလှတဲ့ ဆန်းသစ်တီထွင်မှုတစ်ခုဖြစ်သလို ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ ထုတ်ပြန်ခဲ့တဲ့ မွေးဖွားခြင်းနှင့် သေဆုံးခြင်းဆိုင်ရာ မှတ်ပုံတင်ခြင်း လုပ်ငန်း လမ်းညွှန်စာအုပ်ထဲမှာ ညွှန်းဆိုထားတဲ့အတိုင်း နိုင်ငံတကာအသိအမှတ်ပြု အရှင်မွေးလက်မှတ် အဆင့်မီရေး ဆောင်ရွက်မှုတွေ အရှိန်ရဖို့အတွက် အထောက်အကူ ပြုမှာပဲ ဖြစ်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်တွေမှာ မွေးဖွားခြင််းနှင့် သေဆုံးခြင်းဆိုင်ရာ e-platform ပေါ်ပေါက်လာစေရေး ဗဟိုစာရင်းအင်းအဖွဲ့ရဲ့ အားထုတ်ကြိုးပမ်းချက် တွေကို ဒီစီမံချက်က အားဖြည့်ပေးမှာပဲဖြစ်ပါတယ်။ ဒီစီမံချက်တစ်စိတ်တစ်ပိုင်းအဖြစ် မွန်ပြည်နယ်အတွင်းက မြို့နယ် တွေမှာ စာရွက်စာတမ်းတွေကို ဒစ်ဂျစ်တယ်စာရင်းကောက်ယူခြင်းဖြင့် အစားထိုးသွားမှာဖြစ်ပြီး မွေး/သေစာရင်း မှတ်ပုံတင်ခြင်း လုပ်ငန်းကို ပိုမိုချောမွေ့မြန်ဆန်စေမှာဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံတဝန်းလုံးမှာ မွေး/သေစာရင်း မှတ်ပုံခြင်းလုပ်ငန်းကို အောင်မြင်စွာနဲ့ ဒစ်ဂျစ်တယ် အသွင်ပြောင်းနိုင်ဖို့ အတွက် မူဝါဒပိုင်းဆိုင်ရာ အကြံပြုချက်တွေ ပြုလုပ်နိုင်ဖို့နဲ့ တိုးချဲ့ဆောင်ရွက်နိုင်ဖို့ကိစ္စတွေမှာ ဒီစီမံချက်ကနေ ရရှိလာတဲ့ ရလဒ်တွေက မရှိမဖြစ် အရေးပါမှာပဲ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
ယခု ရှေ့ပြေးစီမံချက်သည် မွေး/သေစာရင်း မှတ်ပုံတင်ခြင်းလုပ်ငန်း၏ လွှမ်းခြုံနိုင်စွမ်းကို တိုးမြှင့်နိုင်ရန်နှင့် သတင်း အချက်အလက် လျှို့ဝှက်မှုနှင့်လုံခြုံမှုကို ပိုမိုကောင်းမွန်စေရေး ဆောင်ရွက်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ စာရွက် စာတမ်း အသုံးပြုရခြင်းကို သိသာစွာ လျော့ချနိုင်ပြီး မိုဘိုင်း နည်းပညာအသုံးချမှုကို တိုးမြှင့်နိုင်ခြင်းဖြင့် အခြေခံ ကျန်းမာရေးဝန်ထမ်းများ၏ စွမ်းရည်အားကို တိုးတက်ဖြစ်ထွန်းစေမည်ဖြစ်သည်။
အဆိုပါ အခမ်းအနားတွင် တယ်လီနောမြန်မာ၏ ဥက္ကဋ္ဌနှင့် တယ်လီနောလုပ်ငန်းစု၏ အမှုဆောင် ဒုတိယဥက္ကဋ္ဌဖြစ်သူ Mr Petter Furberg က “နိုင်ငံအနှံ့အပြားကို လွှမ်းခြုံထားတဲ့ တယ်လီနောရဲ့ကွန်ရက်ကြောင့် ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့ မိုဘိုင်းကိုအသုံးပြုပြီး လိုအပ်တဲ့ အချက်အလက်တွေကို အချိန်နဲ့ တပြေးညီ မှတ်ပုံတင်ဖြည့်သွင်းနိုင်ပြီဖြစ်ပါ တယ်။ မြန်မာနိုင်ငံအတွက် အမြဲလက်တွဲဆောင်ရွက်လာခဲ့တာနဲ့အညီ မြန်မာပြည်သူတွေအတွက် အကျိုးဖြစ်ထွန်းနိုင် မယ့် e-Government ၀န်ဆောင်မှုတွေ ဖွံ့ဖြိုးတိုးတက်လာရေးမှာ တစ်တပ်တစ်အားပါ၀င်နိုင်သလို နိုင်ငံရဲ့ ဒစ်ဂျစ်တယ် လမ်းပြမြေပုံမှာလည်း တစ်ထောင့်တစ်နေရာက ပါ၀င်ကူညီခွင့်ရတဲ့အတွက် တယ်လီနောအနေနဲ့ များစွာဂုဏ်ယူ ၀မ်းမြောက်မိပါတယ်။ အခု စတင်မယ့် ရှေ့ပြေးစီမံကိန်းဟာ တကယ့်ကိုအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ မွေးစာရင်းဆိုတာဟာ မွေးကင်းစကလေးငယ် တစ်ယောက်ချင်းစီအတွက် လူ့အသိုက်အဝန်းထဲကို တရားဝင်မိတ်ဆက် ၀င်ရောက်ခြင်းဖြစ်သလို လူမှုရေးရာ ၀န်ဆောင်မှုတွေနဲ့ တရားဥပဒေဆိုင်ရာ အခွင့်အရေးတွေရဲ့ အကာအကွယ်ကို ရရှိနိုင်ဖို့အတွက်လည်း အရေးပါလှတဲ့ အချက်ဖြစ်ပါတယ်။ အခုဆို မိုဘိုင်းနည်းပညာကို အသုံးပြုပြီး မွေးစာရင်း မှတ်ပုံတင်ခြင်းကို သက်ဆိုင်ရာအားလုံးအတွက် ပိုပြီး အဆင်ပြေထိရောက်အောင် ဆောင်ရွက်နိုင်ခဲ့ပါပြီ။ တယ်လီနော လုပ်ငန်းစုအနေနဲ့ မညီမျှမှုတွေကို လျော့ချဖို့ အမြဲအလေးထားခဲ့သလို ဆန်းသစ်တဲ့ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုတွေကို အသုံးပြုပြီး e-government ရဲ့ အကျိုးကျေးဇူးတွေကို ပြည်သူလူထု လက်တွေ့သိရှိခံစားနိုင်အောင် ပြုလုပ်ပေးဖို့ ရည်မှန်းထားပါတယ်” ဟု ပြောကြားသည်။
ယခု ပူးပေါင်းဆောင်ရွက်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် တယ်လီနောလုပ်ငန်းစုက ရန်ပုံငွေထောက်ပံ့မှုအပြင် စီမံချက်၏ web-based platform အတွက် အင်တာနက်ဒေတာများ အခမဲ့ပေးသွားမည်ဖြစ်ပြီးသားဖွားဆရာမများကိုလည်းသတင်း အချက်အလက်များရေးသွင်းခြင်းနှင့် ဒစ်ဂျစ်တယ်စနစ်ကို အသုံးပြုခြင်းများအား သင်ကြားပြသပေးသွားမည်ဖြစ်သည်။
အခမ်းအနားတွင် ယူနီဆက်မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. June Kuguni က “ကလေးသူငယ်ပေါင်း ၁၃၀,၀၀၀ ကျော်အတွက် ကျောင်းတက်ရောက်နိုင်အောင်နဲ့ အခြား အခြေခံဝန်ဆောင်မှုတွေ ရရှိလာဖို့ တံခါးဖွင့်ပေး လိုက်တဲ့ မကြာမီက ကျင်းပသွားတဲ့ မွေးစာရင်းမှတ်ပုံတင်ခြင်း လှုပ်ရှားမှုရဲ့ ရလဒ်ကောင်းတွေနဲ့အတူ အခုလို မိတ်ဖက် လုပ်ငန်းတခုကို ကျွန်မတို့အနေနဲ့ စတင်လိုက်ပါတယ်။ ယူနီဆက်အနေနဲ့ မြန်မာနိုင်ငံတော်အစိုးရအား ပံ့ပိုးလုပ်ဆောင် လျှက်ရှိတဲ့ Digital Vital Statistics စနစ်ဖြင့် နိုင်ငံတကာ အသိအမှတ်ပြု အရှင်မွေးလက်မှတ် (Universal Birth Registration) အဆင့်မီစေရေးလုပ်ငန်းအတွက် တယ်လီနောအဖွဲ့ရဲ့ ပံ့ပိုးကူညီမှုဟာ အချိန်ကိုက်ဖြစ်ပြီး အသွင်ပြောင်း သွားစေမှာပဲ ဖြစ်ပါတယ်” ဟု ပြောသည်။
UNICEF အနေဖြင့် မြန်မာနိုင်ငံတွင် ၁၉၅၀ခုနှစ်ကတည်းက လုပ်ငန်းများ စတင်လုပ်ဆောင်နေသော အဖွဲ့ဖြစ် သည်။ UNICEF အနေဖြင့် အစိုးရနှင့်လူမှုအခြေစိုက်အဖွဲ့များဖြင့် မိတ်ဖွဲ့ကာ ကလေးသေဆုံးမှုနှုန်း လျော့ချ ရေး၊ ကလေးများ အရည်အသွေးပြည့်ဝသော ပညာရေးကို သင်ကြားနိုင်စေရေးနှင့် ကလေးများအား အကြမ်းဖက်မှုမှ ကာကွယ်ရေးစသည့် လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိသည်။ UNICEF နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက အောက်ပါလင့်ခ်များအတိုင်း လေ့လာနိုင်ပါသည် -
Website : https://www.unicef.org/myanmar/
Follow us on Facebook: https://www.facebook.com/unicefmyanmar
တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်စျေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများအား ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှ စတင်ပေးအပ်လျက်ရှိပြီး လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတဆင့် အကောင်းမွန်ဆုံးသော သုံးစွဲမှု အတွေ့အကြုံများအား ပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာသည် နိုင်ငံတဝန်းရှိ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၈,၀၀၀ ကျော်ဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူပေါင်း ၁၉ သန်းကျော်ထံသို့ ၎င်း၏ 3G နှင့် 4G ကွန်ရက်များဖြင့် ဝန်ဆောင်မှုများ ပေးအပ်လျက် ရှိသည်။ တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစု ဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးမားဆုံးသော မိုဘိုင်းအော်ပရေတာများအနက် တစ်ခုဖြစ်ပြီး စကင်ဒီနေးဗီးယန်းဒေသနှင့် အာရှတိုက်တဝန်းတွင် အသုံးပြုသူပေါင်း ၁၇၂ သန်းကျော်အား ပိုင်ဆိုင်ထားကာ စီးပွားရေးလုပ်ငန်းများ ကို တာဝန်သိစွာ ဆောင်ရွက်ရန် ရည်သန်ထားပြီး လူမှု ပတ်ဝန်းကျင် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဦးတည်ဆောင်ရွက်နေသည့် လုပ်ငန်းစု တစ်ခု ဖြစ်သည်။
တယ်လီနော လုပ်ငန်းစု အကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.comတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
တယ်လီနောမြန်မာ အကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com.mm/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်။
ထက်ထက်ဦး
Communication Officer, Advocacy, Partnerships and Communication Section, UNICEF Myanmar
09 25007 5238
hoo@unicef.org
Frehiwot Yilma
Communication Specialist, Advocacy, Partnerships and Communication Section, UNICEF Myanmar
09 42444 0391
fyilma@unicef.org
Alice Yu
Telenor Group Communications - Asia
+65 90 12 66 58
Alice.Yu@telenor.com
ရွှေယင်းမာဦး
Corporate Communications – Telenor Myanmar
+95 979 100 1095
shweyinn.maroo@telenor.com.mm