Press Release

မြန်မာနိုင်ငံ၏ ပြည်နယ်များတွင် ဒေတာ အသုံးပြုမှု မြင့်တက်လာ

28 May, 2018 - Yangon

တယ်လီနောမြန်မာ၏ လတ်တလော တိုင်းတာမှုများအရ ဒေတာ အသုံးပြုမှု အတိုးတက်ဆုံးသော မြို့နယ် ၁၅ ခုသည် မြန်မာနိုင်ငံ၏ ပြည်နယ်များမှ အများစုဖြစ်ကြောင်း တွေ့ရှိရသည်။ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် အဆ ရ၀၀ နီးပါး ဒေတာအသုံးပြုမှု ပမာဏ တိုးတက်မှုရှိခဲ့သည့် ချင်း ပြည်နယ်၏ တွန်းဇံမြို့နယ်သည် ၂၀၁၈ ခုနှစ် နှစ်စအတွင်း ဒေတာ အသုံးပြုမှု အတိုးတက်ဆုံး မြို့နယ် အဖြစ် အချက် အလက်များ အရ တွေ့ရှိရသည်။
တယ်လီနောသည် ဇန်နဝါရီလနှင့် ဧပြီလအတွင်း ဒေတာ အသုံးပြုမှုများကို နှိုင်းယှဉ်ပြီး အတိုးတက်ဆုံးသော မြို့နယ် များကို ဆန်းစစ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဆန်းစစ်မှုရလဒ်များအရ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များသည် ဒေတာအသုံးပြုမှု အတိုးတက်ဆုံး ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။


“မြန်မာနိုင်ငံတစ်နိုင်ငံလုံး နီးပါးဟာ မိုဘိုင်းကွန်ရက်နဲ့ အပြည့်အဝနီးပါး ချိတ်ဆက်မှု ရှိနေပြီ ဖြစ်ပြီး တယ်လီနော သုံးစွဲသူတွေ အနေနဲ့ဆိုရင် အာရှဒေသရဲ့ အကောင်းဆုံးနဲ့ ခေတ်အမီဆုံး မိုဘိုင်းကွန်ရက်တွေထဲက တစ်ခုအပါအဝင် ဖြစ်တဲ့ ကွန်ရက်ကို အသုံးပြုနိုင်နေတာပဲ ဖြစ်ပါတယ်။ အဓိကကျတဲ့ မြို့ကြီးတွေမှာ ဒေတာ အသုံးပြုမှုနှုန်းက မြင့်မား တဲ့ အခြေအနေမှာ ရှိပြီးသားဖြစ်တဲ့ အပြင် အခုတွေ့ရှိချက်အရ မြန်မာနိုင်ငံ အတွင်းက ပြည်နယ်တွေမှာလည်း အပြု သဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ တိုးလာတာကို တွေ့ကြုံနေရပါတယ်။ ကွန်ရက် အရည်အသွေး မြှင့်တင် တဲ့ လုပ်ငန်းကို တစ်စိုက်မတ်မတ် ဆောင်ရွက်ခဲ့မှု၊ မြန်နှုန်းမြင့် 4G ကွန်ရက် တိုးချဲ့မှုတွေရဲ့ ရလဒ်တွေကြောင့် အထူး သဖြင့် ကျေးလက်ဒေသ တွေမှာ ဒေတာအသုံးပြုမှု မြင့်တက်လာတာကို မြင်တွေ့ရတာကို ကျွန်တော်တို့ ဝမ်းမြောက် ဝမ်းသာ ဖြစ်မိပါတယ်” ဟု တယ်လီနောမြန်မာ၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ Lars Erik Tellmann က ပြောကြား သည်။


ဒေတာအသုံးပြုမှု အတိုးတက်ဆုံး ၁၅ မြို့နယ်အနက် ချင်းပြည်နယ်ရှိ တွန်းဇံမြို့နယ်သည် အဆပေါင်း ၆၉၅ ကျော် ဒေတာအသုံးပြုမှု တိုးတက်ခဲ့ပြီး ထိပ်ဆုံးနေရာ၌ ရပ်တည်ခဲ့သည်။ ၎င်းနောက်တွင် ရှမ်းပြည်နယ်ရှိ ဟိုပုန်းမြို့နယ် သည် ဒေတာအသုံးပြုမှု အဆပေါင်း ၂၀၁ ခန့်တိုးတက်ခဲ့ပြီး ဒုတိယတိုးတက်မှုအရှိဆုံးမြို့နယ်အဖြစ် လည်းကောင်း၊ ရှမ်းပြည်နယ်ရှိ မောက်မယ် မြို့နယ်က ၁၆ ဆဖြင့် တတိယနေရာနှင့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ၁၂ ဆဖြင့် စတုထ္တနေရာ အသီးသီး ရပ်တည်ခဲ့ကြသည်။ အခြားသော ဒေတာအသုံးပြုမှု အတိုးတက်ဆုံး မြို့နယ်များမှာ ချင်းပြည်နယ် အတွင်းရှိ ထန်တလန်မြို့နယ်၊ မတူပီမြို့နယ်နှင့် တီးတိန်မြို့နယ်၊ ရှမ်းပြည်နယ်အတွင်းရှိ ကွမ်းလုံ မြို့နယ်၊ ကျေးသီးမြို့နယ်၊ လင်းခေးမြို့နယ်နှင့် မိုးကောင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ဗန်းမောက် မြို့နယ်၊ ခန္တီးမြို့နယ်၊ ဟုမ္မလင်း မြို့နယ်နှင့် ကချင်ပြည်နယ်အတွင်းရှိ မချမ်းဘောမြို့နယ်များ ဖြစ်ကြသည်။


“အသုံးပြုသူတွေ အနေနဲ့ နေ့စဉ်ဘဝကို အကျိုးရှိစေမယ့် ဒစ်ဂျစ်တယ် ဝန်ဆောင်မှုတွေကို ပိုမိုရရှိလာမှာ ဖြစ်တဲ့ အတွက် ဒီပြည်နယ်တွေမှာ ဒေတာအသုံးပြုမှု မြင့်တက်လာတဲ့အချက်ဟာ အစကနဦးပဲ ရှိသေးတယ်လို့ ယုံကြည်ထား ပါတယ်။ ဒါ့အပြင် ကျေးလက်နဲ့ မြို့ပြ ဒစ်ဂျစ်တယ်ကွာဟမှုကို ပေါင်းကူးပေးနိုင်ပြီး ကျေးလက်ဒေသက ပြည်သူလူထု တွေကို စွမ်းရည်မြှင့်တင်ပေးမယ့် အလင်းအိမ် ဒစ်ဂျစ်တယ် တတ်မြောက်ရေး အစီအစဉ်နဲ့ နွေရာသီ ဒစ်ဂျစ်တယ် သင်တန်းတို့လို အစီအစဉ်များစွာကို တယ်လီနောက အကောင်အထည်ဖော်လျက်လည်း ရှိပါတယ်။ ကွန်ရက် လွှမ်းခြံုမှု ပိုမိုကျယ်ပြန့်လာမှုနဲ့ အရည်အသွေးကောင်းတွေ ပိုမို ကြွယ်ဝလာစေမှုတွေကနေတစ်ဆင့် မြန်မာ ပြည်သူ ပြည်သားတွေ အနေနဲ့ ဖွံ့ဖြိုး တိုးတက်မှု အသီးအပွင့်တွေကို ပိုမိုရရှိခံစားနိုင်ကြမယ်လို့ ခိုင်မာစွာ ယုံကြည် ထား ပါတယ်” ဟု Tellmann က ဖြည့်စွက် ပြောကြားသည်။


စစ်ဆေးတိုင်းတာချက်များအရ အနာဂတ်တွင် စမတ်ဖုန်းများမှတဆင့် ဒေတာအသုံးပြုမှု ပိုမိုမြင့်တက်လာနိုင်သည့် အပြင် မြန်မာနိုင်ငံအတွင်း ဒေတာဖြင့် အသုံးပြုရသည့် အက်ပလီကေးရှင်းများအား အသုံးပြုမှုသည်လည်း ပိုမို တိုးတက်လာသည့်အတွက် ဒေတာအသုံးပြုမှု ဆက်လက်မြင့်တက်လာနိုင်ခြေရှိကြောင်း ဖော်ပြထားသည်။ ယခုနှစ် ဧပြီလ အတွင်းတွင် အင်တာနက်မြန်နှုန်း တိုင်းတာသည့် ကမ္ဘာ့ထိပ်တန်း အဖွဲ့အစည်းတစ်ခု ဖြစ်သော Ookla ၏ ၂၀၁၇ ခုနှစ်အတွက် မြန်မာနိုင်ငံ၏ အမြန်ဆုံး အင်တာနက်ကွန်ရက်ဆုအား တယ်လီနောမြန်မာက ရရှိခဲ့သည်။ ၂၀၁၇ ခုနှစ်၏ တတိယနှင့် စတုထ္တ သုံးလပတ်ကာလများအတွင်း ရရှိသော အချက်အလက်များအရ အင်တာနက် ဝန်ဆောင်မှု ပေးအပ်နေသည့် အခြားသော ကုမ္ပဏီများထက် တယ်လီနောသည် ၎င်း၏ အသုံးပြုသူများအား ပိုမို လျှင်မြန်သော ပျှမ်းမျှအမြန်နှုန်းကို ပေးအပ်လျက် ရှိကြောင်း တွေ့ရှိရသည်။ 

မီဒီယာများဆက်သွယ်ရန်

ရွှေယင်းမာဦး 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : shweyinn.maroo@telenor.com.mm

Yangon
My Telenor