23 November, 2016 - Yangon
တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”) ၏ လုပ်ငန်းပါတနာဖြစ်ပြီး မြန်မာနိုင်ငံရှိ ကျောင်းပြင်ပ ပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေသော မြန်မာရွေ့လျားပညာသင်ကြားရေး စီမံကိန်း (myME) မှ နွမ်းပါး ကလေးများအတွက် အဆင့် (၃) သင်တန်းများကို ယခင်လက စတင်ဖွင့်လှစ်ခဲ့သည်။
ဤသင်တန်းများတွင် ကျောင်းသားများအလုပ်ခွင်တွင် နောက်တစ်ဆင့်တက်နိုင်ရန် ပြင်ဆင်ပေးမည့် ဒစ်ဂျစ်တယ် နည်းပညာဆိုင်ရာ တတ်မြောက်ရေးသင်တန်းများ၊ လူထုပညာရေး၊ အင်္ဂလိပ်စကားပြောသင်တန်းများနှင့် အသက်မွေးဝမ်း ကျောင်းပညာရေးတို့ကို သင်ကြားပေးမည် ဖြစ်သည်။ စက်တင်ဘာလတွင် myME ၏ အဆင့် (၂) သင်တန်းကို အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူ အယောက် ၃၀ သည် အဆင့်မြင့်သင်တန်းများသို့ ဝင်ရောက် သင်ကြားနိုင်မည် ဖြစ်သည်။ အဆင့် (၂) သင်တန်းများတွင် သမားရိုးကျမဟုတ်သော စာသင်ကြားရေးစနစ်ဖြင့် ကျောင်းသား၊ ကျောင်းသူများကို အင်္ဂလိပ်စာ၊ အသက်မွေးဝမ်းကျောင်းပညာရေး မိတ်ဆက်၊ အခြေခံ ကွန်ပြူတာ စသည့် ဘာသာရပ်များ သင်ကြားပေးခဲ့သည်။
“myME က ကျောင်းမတက်နိုင်တဲ့ ကလေးတွေကို တန်ဖိုးရှိလှတဲ့ ကျောင်းပြင်ပ ပညာရေး သင်ကြားမှုတွေကို ပေးအပ်နေ တာ ဖြစ်ပါတယ်။ ကလေးတွေအတွက် ဒီသင်ကြားမှုကနေပြီး ရေရှည်မှာ ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်ရရှိဖို့ အခွင့်အလမ်း တွေရလာနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ myME ရဲ့ ဆောင်ရွက်ချက်တွေအားလုံးအတွက် ဂုဏ်ယူ မိပါတယ်။” ဟု တယ်လီနောမြန်မာမှ Head of Business Sustainability ကိုမင်းသူက ပြောကြားခဲ့သည်။
myME ကို တည်ထောင်ခဲ့သူ Tim-Aye Hardy မှ “တယ်လီနောက myME ကို နိုဝင်ဘာ ၂၀၁၄ ကတည်းက ထောက်ပံ့ပေးခဲ့တာပါ။ အဲဒီအချိန်ကတည်းက ရန်ကုန်နဲ့ မန္တလေးမှာ တယ်လီနော Branded လုပ်ထားတဲ့ လက်ဖက်ရည်ဆိုင်တွေမှာ myME ရဲ့ ကျောင်းပြင်ပ ပညာရေး အစီအစဉ်ကို တယ်လီနောက စတင်လက်ခံ ဆောင်ရွက်ခဲ့ပါတယ်။ တယ်လီနောက myME ဝန်ထမ်းအားလုံးရဲ့ လစာတွေ၊ မိုဘိုင်းစာသင်ခန်း အဖြစ် အသုံးပြုတဲ့ ဘတ်စ် ကား တစ်စီး၊ ပြီးတော့ ကွန်ပျူတာ အစရှိတဲ့ ကျောင်းအတွက် လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း ပေးအပ်ခဲ့ပါတယ်။” ဟုပြောကြားခဲ့သည်။
myME သည် အသက်မွေးဝမ်းကျောင်းနှင့် ဆိုင်သော ကျောင်းပြင်ပ ပညာရေးကို မြန်မာနိုင်ငံရှိ မြို့များစွာမှ လက်ဖက်ရည်ဆိုင်များ၊ လမ်းဘေးစားသောက်ဆိုင်များ၊ ဘုန်းတော်ကြီး စာသင်ကျောင်းများနှင့် နွမ်းပါးသော အသိုင်းအဝိုင်းများရှိ ကလေးငယ် ၃၀၀၀ ကျော်ကို သင်ကြားပေးလျက်ရှိသည်။
“ကျွန်တော့်ဆိုင်က ကလေးတွေကို စာသင်ပေးနေတာ တစ်နှစ်ရှိသွားပြီ၊ အခုဆိုရင် သူတို့ ဧည့်သည်တွေနဲ့ ဆက်ဆံရေး ပြေပြစ်ကောင်းမွန်လာတာကို တွေ့ရတယ်။ ကလေးတွေ ပြုမူနေထိုင်တဲ့ ပုံစံပါ တိုးတက်လာတာနဲ့ နိုင်ငံခြားသား ဧည့်သည်တွေနဲ့ စကားပြောဆက်ဆံတာကို တွေ့ရတော့ ပိုဝမ်းသာမိပါတယ်။ ဒီမှာ အလုပ်လုပ်နေတဲ့ ကလေးတွေက တချိန်တော့ ထွက်သွားကျမှာပါ၊ ဒီတော့ သင်တန်းကနေရလာတဲ့ ကျွမ်းကျင်မှုနဲ့ အသိပညာတွေက ကိုယ့်ခြေထောက်ပေါ်ရပ်နိုင်ဖို့နဲ့ ဘဝတိုးတက်ဖို့အတွက် ကူညီနိုင်မယ်လို့ ယုံကြည်ပါတယ်။” ဟု myME စီမံကိန်းနှင့် ၂၀၁၅ ခုနှစ်တွင် ပူးပေါင်းခဲ့သည့် ဇလပ်နီ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးစိန်လင်းမှ ပြောကြားခဲ့သည်။
myME ၏ ရွေ့လျားစာသင်ခန်းသည် လက်ရှိအစီအစဉ်တွင် တက်ရောက်သင်ကြားသည့် ကလေးငယ်များအတွက် ဆရာဆရာမများ၊ အရည်အသွေးပြည့်ဝသော ပညာရေးနှင့် စာသင်အထောက်အကူပြုပစ္စည်းများစသည်တို့ကို အလွယ်တကူရယူသုံးစွဲ သင်ကြားခွင့် ရနိုင်ရန် စီစဉ်ထားပါသည်။ ကလေးငယ်တိုင်းအား တစ်ပတ်လျှင် ၆ နာရီကြာ သင်ခန်းစာများ သင်ကြားပေးမည်ဖြစ်သည်။ အခြေခံစာဖတ်စာရေး တတ်မြောက်မှု၊ သချင်္ာနှင့် ကွန်ပျူတာကျွမ်းကျင်မှုများ အပြင် ကျောင်းသားငယ်များအား သင်ကြားမှုတဆင့် အချက်ကျကျ တွေးခေါ်နိုင်စွမ်းနှင့် တစ်ကိုယ်ရေသန့်ရှင်းရေဆိုင်ရာ ဗဟုသုတများ သာမက ကာကွယ်တားဆီးနိုင်သောရောဂါများအကြောင်း နားလည်သဘောပေါက်လာရန်လည်း သင်ကြားပေးသည်။ myME စီမံကိန်းအကြောင်းကို ပိုမိုဖတ်ရှုလိုပါက myME Project တွင် တွေ့ရှိနိုင်သည်။
မီဒီယာများဆက်သွယ်ရန်
အဲလက်စ် ညီညီအောင်
ကော်ပိုရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊
တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm