Press Release

မြန်မာနိုင်ငံရှိမွန်ပြည်နယ်တွင် မိုဘိုင်းနည်းပညာအသုံးပြု၍ မွေးဖွားမှုနှင့် သေဆုံးမှုမှတ်ပုံတင်စာရင်းသွင်းခြင်းစနစ် စတင်ဆောင်ရွက်

03 October, 2019 - Mawlamyaing

  • ဤစီမံချက်သည် ဖွားသေမှတ်ပုံတင်စာရင်းကိုဒစ်ဂျစ်တယ်အထောက်အထားဖြင့် ထုတ်ပေးပြီးနိုင်ငံအဆင့် အီလက်ထရွန်းနစ် platform အားအရှိန်မြှင့်တိုးတက်စေသည်

မြန်မာနိုင်ငံအစိုးရ၊ ယူနီဆက်နှင့် တယ်လီနောတို့ ပူးပေါင်းပြီးမွန်ပြည်နယ်တွင် မိုဘိုင်းနည်းပညာအသုံးပြု၍ မွေးဖွားမှုနှင့် သေဆုံးမှုမှတ်ပုံတင်စာရင်းသွင်းခြင်း (MBDR) စီမံချက်ကိုယနေ့စတင်ခဲ့ပါသည်။

ယူနီဆက်မြန်မာ၏ နည်းပညာပံ့ပိုးမှုဖြင့် ဗဟိုစာရင်းအင်းအဖွဲ့သည် ပြည်ထောင်စုနှင့် ပြည်နယ်/တိုင်းအဆင့် မွေးဖွားခြင်းနှင့် သေဆုံးခြင်းမှတ်တမ်းများကိုမှတ်တမ်းတင်သိမ်းဆည်းရန် အီလက်ထရွန်းနစ် platform တစ်ခုဖြစ်သည့် Vital Registration E-Platform (eVR) တစ်ခုဖန်တီးခဲ့ပါသည်။ MBDR စီမံချက်ဖြင့် မွန်ပြည်နယ်တွင် eVRတိုးချဲ့ဆောင်ရွက်မှုသည် မြို့နယ်ကျန်းမာရေးရုံးများအနေဖြင့် မိမိတို့၏ရပ်ကွက်/ကျေးရွာအုပ်စုများမှ ဖွားသေစာရင်းများကိုဒစ်ဂျစ်တယ်မှတ်တမ်းအဖြစ် ရယူနိုင်ပြီးမွေးစာရင်းများထုတ်ပေးစေနိုင်မည်ဖြစ်သည်။

“မိုဘိုင်းနည်းပညာသုံးဖွားသေမှတ်ပုံတင်စာရင်းသွင်းခြင်းကမြန်မာနိုင်ငံမှာအချိန်တိုအတွင်းထိရောက်ပြီးလျင်လျင်မြန်မြန် တုံ့ပြန်ဆောင်ရွက်နိုင်မယ့် ပြည်သူ့မှတ်ပုံတင်စနစ်တစ်ခုဖြစ်လာစေဖို့ အထောက်အကူပြုပါလိမ့်မယ်။ ပိုပြီးအရေးကြီးတာကစာရွက်စာတမ်းအသုံးပြုတာတွေကို လျှော့ချနိုင်တဲ့အတွက် အဆင့်အားလုံးမှာရှိတဲ့ အခြေခံကျန်းမာရေးဝန်ထမ်းတွေရဲ့ လုပ်နိုင်စွမ်းတွေကိုတိုးတက်လာစေမှာဖြစ်ပါတယ်” လို့ ပြည်ထောင်စုအစိုးရရုံးဒုတိယဝန်ကြီးဦးတင်မြင့်က ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် မြို့နယ်အဆင့် မွေးဖွားမှုမှတ်ပုံတင်ခြင်းနှင့် လက်မှတ်ထုတ်ပေးခြင်းများကိုအခြေခံကျန်းမာရေးဝန်ထမ်းများကစာရွက်စာတမ်းများဖြင့် ပြုလုပ်ပေးလျက်ရှိပါသည်။ MBDR စီမံချက်သည် မွေးဖွားမှုနှင့်သေဆုံးမှုဆိုင်ရာမှတ်တမ်းများကောက်ယူခြင်း၊ မှတ်ပုံတင်ခြင်းနှင့် သိမ်းဆည်းခြင်းတို့ကို ၁၀၀ ရာနှုန်းပြည့် ဒစ်ဂျစ်တယ်စနစ်အသုံးပြုနိုင်ရန် ပံ့ပိုးသွားမည်ဖြစ်သည်။

“မညီမျှမှုတွေလျှော့ချဖို့နဲ့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဘဝတွေမှာလုပ်ပိုင်ခွင့်တွေရရှိစေဖို့အတွက် ခိုင်မာပြီးအားလုံးပါဝင်တဲ့ ဒစ်ဂျစ်တယ် စီးပွားရေးစနစ်တစ်ခုတည်ဆောက်နိုင်ဖို့အရေးကြီးတယ်လို့ ကျွန်တော်တို့ယုံကြည်ထားတဲ့အတွက် မြန်မာ့ဒစ်ဂျစ်တယ်စနစ်တစ်ခုဖန်တီးတဲ့နေရာမှာလေးလေးနက်နက် အာရုံစိုက်ပေးတာကိုကြိုဆိုပါတယ်။ မြန်မာနိုင်ငံမှာအသုံးပြုနေပြီဖြစ်တဲ့ တယ်လီနောရဲ့ ထပ်တိုး4GSuperLTE+ ကွန်ရက်ကိုအသုံးပြုပြီးကျေးလက်ဒေသကကျန်းမာရေးတာဝန်ရှိသူတွေအနေနဲ့ အချိန်နဲ့တပြေးညီဒစ်ဂျစ်တယ်နည်းပညာသုံးပြီးမှတ်ပုံတင်စာရင်းသွင်းနိုင်မယ့် ကြီးမားတဲ့အခွင့်အရေးတစ်ခုရရှိမှာဖြစ်ပါတယ်။ တယ်လီနောဟာလူတွေကိုသူတို့ရဲ့အရေးကြီးဆုံးအရာတွေနဲ့ ချိတ်ဆက်ပေးလေ့ရှိပါတယ်။ ဒါကြောင့် ဒီနေ့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ဝန်ဆောင်မှုတွေကိုသုံးစွဲရင်းသုံးစွဲသူတွေရဲ့ဘဝအတွက် အရေးကြီးတဲ့အစိတ်အပိုင်းတစ်ရပ်မှာ ကျွန်တော်တို့ ပါဝင်ခွင့်ရတဲ့အတွက် အလွန်ပဲဝမ်းမြောက်ဂုဏ်ယူမိပါတယ်လို့” တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Sharad Mehrotra မှပြောကြားခဲ့ပါသည်။

“မွေးစာရင်းသွင်းတယ်ဆိုတာကလေးငယ်တိုင်းရဲ့ ပထမဆုံးအခွင့်အရေးဖြစ်ပြီးကျန်းမာရေးရပိုင်ခွင့်၊ ပညာရေးရပိုင်ခွင့်နဲ့ အကာအကွယ်ရပိုင်ခွင့်တွေလိုတခြားရပိုင်ခွင့်တွေရရှိစေဖို့ အခြေခံကျတဲ့အခွင့်အလမ်းတစ်ခုပါ။ ဒီနေ့ ဒီထူးခြားဆန်းသစ်တဲ့ နည်းပညာကမွေးဖွားချိန်မှာမှတ်ပုံတင်စာရင်းသွင်းဖို့ အခြေခံကျပြီး ခြွင်းချက်မရှိတဲ့ အခွင့်အရေးတစ်ခုရရှိအောင် ဘယ်လိုကူညီပေးမလဲဆိုတာ ကျွန်မတို့တွေ့ခဲ့ကြပါတယ်” ဟုမြန်မာနိုင်ငံ၏ ယူနီဆက်ဌာနေကိုယ်စားလှယ် June Kunugiက ပြောကြားခဲ့ပါသည်။ “ဒါကမြန်မာနိုင်ငံအနေနဲ့ ကလေးသူငယ်ဆိုင်ရာအခွင့်အရေးများဥပဒေမှာပါတဲ့ ကလေးများအားလုံးအခမဲ့ မွေးစာရင်းမှတ်ပုံတင်ဖို့နဲ့ ကလေးသူငယ်အားလုံးအလွယ်တကူမှတ်ပုံတင်နိုင်ဖို့ဆိုတဲ့ အားထုတ်ကြိုးပမ်းမှုကိုလက်တွေ့အကောင်အထည်ဖော်နိုင်အောင်လည်းအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။”

မြန်မာနိုင်ငံရှိယူနီဆက်အကြောင်း

ယူနီဆက်မြန်မာသည် ၁၉၅၀ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံအစိုးရ၊ ပြည်သူများနှင့် လက်တွဲဆောင်ရွက်ခဲ့ပါသည်။ အစိုးရ၊ ပြည်သူ့အဖွဲ့အစည်းများနှင့် ပူးပေါင်းလျက် ယူနီဆက်အဖွဲ့ကြီးသည် လက်ရှိအချိန်တွင် ကလေးသူငယ်သေဆုံးနှုန်းလျှော့ချရေး၊ အရည်အသွေးမီပညာရေးတိုးတက်ရရှိရေးနှင့် ကလေးသူငယ်များအားအကြမ်းဖက်မှု၊ ညှဉ်းပမ်းနှိပ်စက်မှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများမှ ကာကွယ်ပေးရန်အတွက် အလေးပေးလုပ်ဆောင်လျက်ရှိပါသည်။

ယူနီဆက်မြန်မာအကြောင်းပိုမိုသိရှိလိုပါကဝင်ရောက်ကြည့်ရှုရန် - https://www.unicef.org/myanmar

Facebook မှလည်းလေ့လာဖတ်ရှုနိုင်ပါသည် - https://www.facebook.com/unicefmyanmar

တယ်လီနောမြန်မာအကြောင်း

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်စျေးနှုန်းဖြင့် လွယ်ကူစွာရယူနိုင်သည့် မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများအား ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှ စတင်ပေးအပ်လျက်ရှိပြီးလက်ရှိတွင် နိုင်ငံတွင်းအကျယ်ပြန့်ဆုံးသောကွန်ရက်မှတဆင့် အကောင်းမွန်ဆုံးသောသုံးစွဲမှုအတွေ့အကြုံများအားပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာသည် နိုင်ငံတဝန်းရှိဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၈,၆၀၀ ကျော်ဖြင့် ပြည်နယ် နှင့်တိုင်းဒေသကြီးအားလုံးရှိအသုံးပြုသူပေါင်း ၁၉ သန်းကျော်ထံသို့ ၎င်း၏ 2G၊ 3G နှင့် 4G ကွန်ရက်များဖြင့် ဝန်ဆောင်မှုများပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သောတယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံးမိုဘိုင်းအော်ပရေတာများအနက်တစ်ခုဖြစ်ပြီးစကင်ဒီနေးဗီးယန်းဒေသနှင့် အာရှတိုက်တဝန်းတွင် အသုံးပြုသူပေါင်း ၁၈၂ သန်းကျော်အားပိုင်ဆိုင်ထားကာစီးပွားရေးလုပ်ငန်းများကိုတာဝန်သိစွာဆောင်ရွက်ရန် ရည်သန်ထားပြီးလူမှုပတ်ဝန်းကျင် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဦးတည်ဆောင်ရွက်နေသည့် လုပ်ငန်းစုဖြစ်သည်။ တယ်လီနောလုပ်ငန်းစုအကြောင်းပိုမိုသိရှိလိုပါကhttps://www.telenor.comတွင်ဝင်ရောက်ကြည့်ရှုနိုင်သည်။

မီဒီယာများဆက်သွယ်ရန်

ထက်ထက်ဦး
ဆက်သွယ်ပြန်ကြားရေးအရာရှိ
hoo@unicef.org
UNICEF Myanmar

ခင်နုယဉ်မြင့်
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
Khinnuyin.myint@telenor.com.mm
တယ်လီနောမြန်မာ

မေစန္ဒီအေး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
maysandy.aye@telenor.com.mm
တယ်လီနောမြန်မာ

Mawlamyaing
My Account
Live Chat
Share Share