Press Release

မင်္ဂလာပါ။ ကျွန်တော့်နာမည် ခင်မင်ပါ။ သုံးစွဲသူများအား ပိုမိုမြန်ဆန်ကောင်းမွန်စွာ ဝန်ဆောင်ပေး နိုင်မည့် Chatbot အား တယ်လီနောမိတ်ဆက်

05 February, 2019 - Yangon

ပိုမိုကောင်းမွန်သော အသုံးပြုမှု အတွေ့အကြုံများအား ၎င်း၏ သုံးစွဲသူ များထံ ပေးအပ်နိုင်ရန်နှင့် သုံးစွဲသူများ လိုအပ်သည့် အကူအညီများအား ပိုမိုထိရောက်စွာ ပေးအပ်နိုင်ရန်အတွက် ‘ခင်မင်’ ဟု အမည်ရသည့် Chatbot အား တယ်လီနောမြန်မာက စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။ ‘ခင်မင်’ သည် တယ်လီနောမြန်မာ၏ Facebook Messenger တွင် အသုံးပြုသူများ မေးမြန်းလာသမျှကို ပြန်လည်ဖြေကြားပေးနေပြီ ဖြစ်သည်။

‘ခင်မင်’ ဆိုသည်မှာ အသုံးပြုသူများ အွန်လိုင်းမှ ဆက်သွယ်မေးမြန်းမှုများအား ပြန်လည်ဖြေကြားနိုင်စွမ်းရှိသည့် မှတ်ဉာဏ်တု (artificial intelligence) အသုံးပြု ကွန်ပြူတာပရိုဂရမ်တစ်ခုဖြစ်သည်။ ဇန်နဝါရီလကုန်ပိုင်းမှစ၍ ‘ခင်မင်’ သည် တယ်လီနောမြန်မာထံသို့ Facebook Messenger မှတဆင့် ဆက်သွယ်ပြောကြားလာမှု မှန်သမျှအား ပြန်လည် ဖြေကြားလျက်ရှိသည်။ အသုံးပြုသူများက ‘Hi’ ဟု ပြောကြားလိုက်ရုံမျှဖြင့် ‘ခင်မင်’ သည် ဖုန်းဘေလ်စစ်ဆေးခြင်း၊ အစီအစဉ်များ ဝယ်ယူခြင်းနှင့် ပရိုမိုးရှင်းများအကြောင်း ရှင်းပြခြင်း အပါအဝင် လုပ်ဆောင်ချက်များစွာအတွက် သင့်လျော်သော အကူအညီများအား လမ်းညွှန်ပေးအပ်သွားမည် ဖြစ်သည်။ Chatbot မဖြေရှင်းပေးနိုင်သည့် ကိစ္စရပ် များကိုမူ သက်ဆိုင်ရာအသုံးပြုသူ ဝန်ဆောင်မှုပေးအပ်သည့် ဝန်ထမ်းများက လွှဲပြောင်းရယူ၍ ဆက်လက်ကိုင်တွယ် ဖြေရှင်းပေးသွားမည် ဖြစ်သည်။

“တယ်လီနော ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး အသုံးပြုသူတွေ မေးမြန်းလာသမျှကို ခင်မင်ရဲ့ အကူအညီကြောင့် ပိုမို မြန်ဆန်ထိရောက်စွာ ပြန်လည်ဖြေကြားသွားနိုင်တော့မှာဖြစ်ပါတယ်။ စမ်းသပ်ကာလရဲ့ ပထမပိုင်းရက်အနည်းငယ် အတွင်းမှာပဲ ‘ခင်မင်’ က သူရဲ့ လုပ်ဆောင်နိုင်စွမ်းကို သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ messenger ကနေ နေ့စဉ်ရရှိတဲ့ မေးမြန်းမှုတွေရဲ့ တစ်ဝက်လောက်ကို အောင်မြင်စွာ ပြန်လည်ဖြေကြားပေးနိုင်ခဲ့ပါတယ်။ ဒီခြေလှမ်းဟာ တယ်လီနောရဲ့ ဝန်ဆောင်မှုတွေကို ပိုမိုအဆင့်မြင့်စေရုံသာမက အသုံးပြုသူတွေကိုလည်း အဆင့်မြင့်ဒစ်ဂျစ်တယ် နည်းပညာတွေ နဲ့ ပိုပြီးရင်းနှီးကျွမ်းဝင်သွားစေမှာ ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံလို အလျင်အမြန် ဖွံ့ဖြိုးတိုးတက်နေတဲ့ နည်းပညာစျေးကွက်အတွင်းမှာ Chatbot ကိုသုံးစွဲသူတွေနဲ့ ဆက်သွယ်ပြောဆိုဖို့ အပြည့်အဝ အသုံးပြုနိုင်သလို Chatbot ကနေ ၀န်ထမ်းဆီကို ကူးပြောင်းပေးရာမှာလည်း အဆင်ပြေပြေ ချောချောမွေ့မွေ့ ဆောင်ရွက်နိုင်တဲ့ ဆက်သွယ်ရေးအော်ပရေတာတစ်ခုအဖြစ် အရမ်းကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်” ဟု တယ်လီနောမြန်မာ၏ ဒစ်ဂျစ်တယ်ဝန်ဆောင်မှု ပိုင်းဆိုင်ရာ တာဝန်ရှိသူ Chan May Ling က ပြောကြားသည်။

၂၀၁၉ ခုနှစ်အား ပုံသွင်းထုဆစ်သွားမည့် နည်းပညာ ၇ မျိုးအား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် တယ်လီနောလုပ်ငန်းစု ၏ သုတေသနဌာနက ထုတ်ပြန်ကြေညာခဲ့ပြီး အဆိုပါနည်းပညာများမှာ Deep Fake (သတင်းအတုအယောင် ဖန်တီး ခြင်း)၊ AI Ethics (မှတ်ဉာဏ်တုဆိုင်ရာ ကျင့်ဝတ်များ)၊ 5G နည်းပညာ၊ Internet of Things (အင်တာနက်နှင့် ချိတ်ဆက်ထားသော ပစ္စည်းများ)၊ Chatbots၊ Screen time (စကရင်ကြည့်ရှုသည့်ကြာချိန်) နှင့် Green tech (သဘာဝ ပတ်ဝန်းကျင် အကျိုးပြုနည်းပညာများ) တို့ ဖြစ်ကြသည်။ ယခုအချိန်တွင်မှု တယ်လီနောမြန်မာသည် ၎င်း၏ ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ဆက်သွယ်ပြန်ကြားရေးပလက်ဖောင်းတွင် Chatbot လုပ်ဆောင်ချက်အား ပထမဦးဆုံး အကြိမ် ထည့်သွင်းအသုံးပြုနိုင်ခဲ့ပြီဖြစ်သည်။ တယ်လီနောမြန်မာသည် ဤ Chatbot လုပ်ဆောင်မှုအား ဆက်လက် အဆင့်မြှင့်တင်သွားမည်ဖြစ်ပြီး ပိုမိုများပြားသော လုပ်ဆောင်ချက်များကိုလည်း အသစ်ထပ်မံထည့်သွင်းသွားနိုင်ရန် ကြိုးစားလုပ်ဆောင်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်စီးပွားရေးတစ်ရပ် အောင်မြင်စွာ ပေါ်ပေါက်လာစေရန် ဦးတည်ချက်ထား ကြိုးပမ်းလျက် ရှိသည့် အစိုးရ၏ လုပ်ဆောင်ချက်များအား ထောက်ပံ့ကူညီသွားရန် သံန္နိဋ္ဌာန်ချထားသည်နှင့်အညီ တယ်လီနောမြန်မာ သည် ‘REALISING DIGITAL MYANMAR’ အမည်ရှိ မြန်မာ့ပထမဆုံးသော ဒစ်ဂျစ်တယ်အစီရင်ခံစာတစ်စောင်အား ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထုတ်ပြန်ခဲ့ပြီး အဆိုပါအစီရင်ခံစာတွင် ၂၀၂၃ ခုနှစ်၌ ပြီးစီးသင့်သည့် မှတ်တိုင်များ၊ ရည်မှန်းချက်များ အောင်မြင်စွာ ရရှိနိုင်စေရန် လုပ်ဆောင်ရမည့် လမ်းစဉ်အသေးစိတ်ကိုလည်း ထည့်သွင်းဖော်ပြ ထားသည်။ ထို့အပြင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင်လည်း တယ်လီနောမြန်မာသည် Ericsson နှင့်ပူးပေါင်း၍ Narrow Band Internet of Things (NB-IoT) နည်းပညာ စမ်းသပ်မှုအား ၎င်း၏ ကိုယ်ပိုင် LTE ကွန်ရက်ကို အသုံးပြု၍ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည့် ပထမဦးဆုံး ဆက်သွယ်ရေး အော်ပရေတာ ဖြစ်လာခဲ့သည်။

မီဒီယာများ ဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
Khinnuyin.myint@telenor.com.mm
တယ်လီနောမြန်မာ

ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
shweyinn.maroo@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Telenor
Share Share