Press Release

မကွေးတိုင်းဒေသကြီး စလင်းရှိ လေပြင်းဒဏ်ခံမိသားစုများအား တယ်လီနောက ထောက်ပံ့

07 May, 2018 - Yangon

  • စလင်းမြို့နယ်ရှိ လေပြင်းဒဏ်ခံမိသားစုများအတွက် ငွေကျပ် သိန်း ၂၆ဝကျော်ကို ကူညီထောက်ပံ့
  • လေပြင်းတိုက်ခတ်ခံရပြီးနောက် ကွန်ရက်ကျွမ်းကျင်အဖွဲ့ကို ချက်ခြင်းစေလွှတ်ကာ ကွန်ရက်အခြေအနေကို စစ်ဆေးပြီး ခဲ့ပြီး အဆိုပါဒေသတွင် တယ်လီနောကွန်ရက်မှာ ပုံမှန်အတိုင်း အသုံးပြုနိုင်

ပြီးခဲ့သည့် ဧပြီလ နောက်ဆုံးပတ်က လေပြင်းတိုက်ခတ်မှုဒဏ်ကို ခံစားခဲ့ရသည့် မကွေးတိုင်း ဒေသကြီး၊ စလင်းမြို့နယ်ရှိ အိမ်ထောင်စုများအား စုပေါင်းလုပ်အား အကူအညီပေးရေးအဖွဲ့ (NAG) မှတဆင့် တယ်လီနောမြန်မာက ထောက်ပ့ံမှုများ ပေးအပ်ခဲ့သည်။

ဧပြီလ ၂၈ ရက်နေ့က တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် မကွေးတိုင်းဒေသကြီးရှိ စလင်း၊ ပွင့်ဖြူ၊ တောင်တွင်းကြီးနှင့် ရေနံချောင်းမြို့နယ်များရှိ နေအိမ်များနှင့် အများပြည်သူနှင့်သက်ဆိုင်သော အခြေခံ အဆောက်အအုံတစ်ချို့ ပျက်စီးခဲ့ခြင်းဖြစ်သည်။ စလင်းမြို့နယ်ရှိ လေပြင်းဒဏ်ခံ မိသားစုများအနေဖြင့် ပျက်စီးခဲ့ သော နေအိမ်အဆောက်အအုံများ ပြင်ဆင်ရန်နှင့် အရေးပေါ်သုံးပစ္စည်းကိရိယာများ အသုံးပြုနိုင်ရန်အတွက် တယ်လီနောနှင့် NAG တို့ စုပေါင်းပြီး ငွေကျပ် သိန်း ၂၆၀ ကျော် ထောက်ပံ့ပေးအပ်ခဲ့သည်။

“မကွေးမှာ နေအိမ်အဆောက်အအုံတွေ ပျက်စီးဆုံးရှုံးပြီး ဆက်သွယ်ရေးတာဝါတိုင်တစ်တိုင်လည်း ထိခိုက်ခဲ့ တယ်လို့ ကြားသိရတဲ့အတွက် ကျွန်တော်တို့ အင်မတန်မှ စိတ်မကောင်းဖြစ်ရပါတယ်။ လေပြင်းဒဏ်ခံ မိသားစု တွေကို ထောက်ပံ့ ကူညီပေးခဲ့သလိုပဲ မကွေးတိုင်းဒေသကြီးအတွင်းမှာ တယ်လီနော ကွန်ရက် ပုံမှန်အတိုင်း လည်ပတ်ပြီး ကျွန်တော်တို့ရဲ့ အကောင်းဆုံးဝန်ဆောင်မှုတွေကို သုံးစွဲသူတွေ အရင်လို ဆက်လက် အသုံးပြု နိုင်အောင်လည်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံတလွှားက တယ်လီနောအသုံးပြုသူအားလုံးအတွက် အကောင်းဆုံးသုံးစွဲမှု အတွေ့အကြုံတွေ ဖန်တီပေးနိုင်ဖို့ တာဝါကုမ္ပဏီတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ တစ်နိုင်ငံလုံးက ဆက်သွယ်ရေးတာဝါတိုင်တွေရဲ့ ဘေးကင်းမှုစံနှုန်းတွေကို အမြဲပုံမှန်စစ်ဆေးပြီး ထိန်းသိမ်း မွမ်းမံလျက် ရှိပါတယ်။ စစ်ဆေးမှုနဲ့ ထိန်းသိမ်းမွမ်းမံမှုဆိုတာတွေက တစ်ကြိမ်တစ်ခါသာ ပြုလုပ်ရတာမဟုတ်ဘဲ ပုံမှန်ပြုလုပ်နေရတာဖြစ်သလို ဆက်သွယ်ရေးတာဝါတိုင်တွေအားလုံး ပြင်းထန်တဲ့ ရာသီဥတုဒဏ်တွေကို ခံနိုင်ရည်ရှိပြီး ထိခိုက်မှု မရှိရအောင် ဆက်လက် ဆောင်ရွက်နေမှာလည်း ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ ရေရှည်တည်တံ့သော လုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာကဏ္ဍ တာဝန်ခံ ဦးမင်းသူက ပြောကြားသည်။

မကွေးတိုင်းဒေသကြီးတွင် ၂၀၁၅ ခုနှစ် ဇန်နဝါရီလကတည်းက တယ်လီနောကွန်ရက်ကို စတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်ပြီး ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၅၅၀ ကျော်ကို အသုံးပြုကာ မြို့နယ် ၂၅ မြို့နယ်စလုံးရှိ သုံးစွဲသူများအား ဝန်ဆောင်မှုပေးနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးတာဝါတိုင်များကို ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးကဲ့သို့ ဒေသများတွင် အနည်းဆုံး တစ်နာရီလျှင် ၁၃၀ ကီလိုမီတာ ပြင်းအားရှိ လေတိုက်နှုန်းကို ခံနိုင်စေရန် တည်ဆောက်ထားပြီး သဘာဝဘေးအန္တရာယ်အဖြစ်များသော ရခိုင်ပြည်နယ်ကဲ့သို့ ဒေသများတွင် တစ်နာရီလျှင် ၂၂၅ ကီလိုမီတာ ပြင်းအားအထိ ခံနိုင်စေရန် တည်ဆောက်ထားသည်။ ဧရာဝတီနှင့် ရန်ကုန်တိုင်းဒေသကြီးများ တွင်မူ တစ်နာရီလျှင် ၁၉၀ ကီလိုမီတာအထိ ခံနိုင်အောင် ဆောက်လုပ်ထားသည်။ ရေကြီးခြင်းနှင့် လေဆင် နှာမောင်းများကဲ့သို့သော သဘာဝဘေးဒဏ်များကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ဒေသအလိုက် ဖြစ်နိုင်ခြေ ရှိသည့် ရေကြီးမှုနှင့် မုန်တိုင်းဒဏ်တို့ကို အမြင့်ဆုံးခံနိုင်ရည်ရှိစေရန် အဆိုပါဒေသတွင်းရှိ ရေကြီးမှုနှင့် မုန်တိုင်း ဆိုင်ရာ အတွေ့အကြုံမှတ်တမ်း အချက်အလက်များကို အခြေခံကာ ဆက်သွယ်ရေးတာဝါတိုင်များအား တည်ဆောက်ထားခြင်းဖြစ်သည်။

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : nyinyi.aung@telenor.com.mm

Yangon
My Telenor