Press Release

ဘဏ်စာရင်းမရှိသူများအတွက် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်ရန် တယ်လီနောမြန်မာနှင့် Experian တို့ ပူးပေါင်း

07 December, 2018 - Yangon

  • တယ်လီနောသုံးစွဲသူများ ဒစ်ဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုများအား အသုံးပြုနိုင်ရန် ဤ ပူးပေါင်း ဆောင်ရွက်မှုက ကူညီပေးသွားမည်။
  • ဤ ပူးပေါင်းဆောင်ရွက်မှုသည် လူဦးရေ၏ ၂၆% သာ ဘဏ်ဝန်ဆောင်မှုများအား အသုံးပြုသည့် မြန်မာ နိုင်ငံတွင် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ ပိုမိုကျယ်ပြန့်စွာ အသုံးပြုလာစေရန် ကူညီပေးသွားနိုင်မည့် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်

မြန်မာနိုင်ငံတွင်းရှိ ဘဏ်စာရင်းမရှိသူ မိသားစုများနှင့် အသေးစား စီးပွားရေးလုပ်ငန်းများအတွက် သင့်လျော်သော ငွေကြေးဝန်ဆောင်မှုများကို လွယ်ကူသက်သာစွာ ရယူသုံးစွဲနိုင်ရန် ရည်ရွယ်ပြီး တယ်လီနောမြန်မာသည် ကမ္ဘာ့ထိပ်တန်း သတင်းအချက်အလက် ဝန်ဆောင်မှု အဖွဲ့အစည်းတစ်ခု ဖြစ်သည့် Experian နှင့် ပူးပေါင်းဆောင်ရွက်ထားကြောင်း ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း မိုဘိုင်းဖုန်းနှင့် အင်တာနက်အသုံးပြုမှုများသည် ၉၀% အထိ တိုးတက်လာခဲ့သည်။ မြန်မာနိုင်ငံရှိ လုပ်ငန်းကဏ္ဍမျိုးစုံအတွင်း ရေရှည်တည်တံ့သော လူမှုစီးပွားရေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုများ ပေါ်ပေါက်လာစေရန် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများအား ကျော်လွှားနိုင်ရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ဒစ်ဂျစ်တယ်နည်းပညာများအား အသုံးပြုလုပ်ဆောင်သင့် ကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ထုတ်ပြန်ခဲ့သည့် ဒစ်ဂျစ်တယ်မြန်မာအစီရင်ခံစာတွင် တယ်လီနောမြန်မာက အကြံပြုဖော်ပြခဲ့သည်။

ဘဏ်ချေးငွေများချေးယူရာတွင် ယခင်က ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ရယူအသုံးပြုဖူးသူများသာ ချေးငွေရယူ နိုင်သည့်အတွက် ဘဏ်စာရင်းမရှိသေးသူများလည်း ၎င်းတို့လိုအပ်သည့်ငွေကြေးဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန် အတွက် Experian ၏ ဂေဟစနစ်ကို အသုံးပြုကာ တယ်လီနောမြန်မာက ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ အိမ်ထောင်စုအသုံးစရိတ်အတွက်ဖြစ်စေ၊ စားဝတ်နေရေးအတွက်ဖြစ်စေ အသေးစားငွေကြေးချေးငှားခြင်း (အမေရိကန်ဒေါ်လာ ၁,၀၀၀ နှင့်ညီမျှသည့် မြန်မာကျပ်ငွေထက် မပိုသည့်ပမာဏအား အပေါင်ပစ္စည်းမလိုဘဲ ချေးငှား နိုင်ခြင်း) နှင့် အကြွေးဝယ်ကတ်များ (အမေရိကန်ဒေါ်လာ ၁,၀၀၀ နှင့် ညီမျှသည့် မြန်မာကျပ်ငွေထက် မပိုသည့် ပမာဏ) အား တယ်လီနောသုံးစွဲသူများအနေဖြင့် အခကြေးငွေ တစ်စုံတစ်ရာမလိုအပ်ဘဲ ရယူသွားနိုင်မည်ဖြစ်သည်။

“အခုဆိုမြန်မာနိုင်ငံက စမတ်ဖုန်းတွေ အများအပြားအသုံးပြုလာပြီး မိုဘိုင်း broadband ထိုးဖောက်မှု မြင့်မားတဲ့ နိုင်ငံ တစ်ခုဖြစ်လာတာနဲ့အညီ မြန်မာနိုင်ငံဟာ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုတွေ အသုံးပြုနိုင်ဖို့ ထူးခြားကောင်းမွန်တဲ့ ပတ်ဝန်းကျင်အခြေအနေတစ်ခု ဖြစ်ပါတယ်။ အခြေအနေကောင်းမွန်လာတဲ့အလျောက် အိမ်နီးနားချင်းနိုင်ငံတွေကို ခုန်ကျော်သွားနိုင်ဖို့ အလားအလာလည်း ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေအနေနဲ့ ကွန်ရက် ချိတ်ဆက်မှုရဲ့ အကျိုးကျေးဇူးတွေကို အပြည့်အဝခံစားနိုင်စေဖို့၊ ပြီးတော့ ဒစ်ဂျစ်တယ်ဆက်သွယ်ရေးရဲ့ စွမ်းရည်ကို ပေးအပ်သွားနိုင်ဖို့ တယ်လီနောက ရပ်တည်နေတာဖြစ်ပါတယ်။ လူနေမှုဘဝ တိုးတက်မြင့်မားလာအောင်၊ ပိုမို ကောင်းမွန်တဲ့ လူမှုပတ်ဝန်းကျင်တစ်ခုကို တည်ဆောက်သွားနိုင်အောင်နဲ့ အားလုံးအတွက် ကောင်းမွန်တဲ့ အနာဂတ် တစ်ခုရရှိအောင် တယ်လီနောအနေနဲ့ ကူညီဆောင်ရွက်ပေးနေပါတယ်။ အခုလို့ Experian နဲ့ ပူးပေါင်းဆောင်ရွက် နိုင်တဲ့အတွက် ဂုဏ်ယူမိသလို လုပ်ငန်းတွေ ဆောင်ရွက်ဖို့လည်း စိတ်လှုပ်ရှားမိပါတယ်။ အခု ပူးပေါင်း ဆောင်ရွက်မှုက မြန်မာနိုင်ငံမှာ ပထမဆုံးဖြစ်သလို နိုင်ငံအတွင်းက သန်းနဲ့ချီတဲ့ ဘဏ်ဝန်ဆောင်မှု အသုံးမပြုသူတွေ အတွက် ငွေကြေးဝန်ဆောင်မှုတွေ ရရှိသွားအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တယ်လီနော အသုံးပြုသူတွေ ထဲက ဘဏ်ဝန်ဆောင်မှု အသုံးမပြုသူတွေကို ရှာဖွေဖော်ထုတ်နိုင်တဲ့ Experian ရဲ့ နည်းပညာကို အသုံးပြုပြီး ငွေကြေးချေးငှားခြင်းနဲ့ အခြားငွေကြေးဆိုင်ရာ ဝန်ဆောင်မှုတွေကို ပေးအပ်သွားနိုင်မှာဖြစ်ပြီး တယ်လီနော အသုံးပြု သူတွေအတွက် အလွန်ခိုင်မာပြီး စွမ်းရည်မြှင့်တင်ပေးနိုင်မယ့် ဝန်ဆောင်မှုတစ်ခုကို စတင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ စျေးကွက်ဖော်ဆောင်ရေး အရာရှိချုပ် Amaresh Kumar က ပြောကြားသည်။

ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများနှင့် ငွေကြေးဆိုင်ရာ ထုတ်ကုန်များအား လူဦးရေ ၅၃ သန်းတွင် ၂၆% သာ အသုံးပြုနေသည့် မြန်မာနိုင်ငံတွင် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများအား မိတ်ဆက်ပေးသွားနိုင်မည် ဖြစ်သည့်အတွက် ယခုပူးပေါင်းမှုသည် Experian အတွက် အလွန်အရေးပါသော ခြေလှမ်းတစ်ရပ် ဖြစ်သည်။ ဘဏ်ဝန်ဆောင်မှုများအား အသုံးမပြုသူများတွင် အခက်အခဲကြုံတွေ့နေရသည့် အသေးစား စီးပွားရေး လုပ်ငန်း တည်ထောင်လိုသူများ၊ အကြွေးဝယ်ကဒ် ရယူလိုသူများ၊ သားသမီးများအတွက် ပညာရေးဆိုင်ရာ ချေးငွေ ရယူလိုသူများ ပါဝင်သည်။ အဆိုပါ လူဦးရေမှ လိုအပ်သည့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများအတွက် ဆက်သွယ်ရေး လုပ်ငန်းများ အတွက် ၎င်းတို့ ဖြည့်စွက်ထားသည့် အချက်အလက်များကို အသုံးပြုပြီး ဆန်းစစ်သွားနို်င်မည် ဖြစ်သည်။ ဤနည်းပညာကို အသုံးပြု၍ ဝန်ဆောင်မှု အသုံးပြုရန် လျှောက်ထားသူများကို လျင်မြန်စွာ ဆန်းစစ်နိုင်မည် ဖြစ်သည့်အတွက် လုပ်ဆောင်ရသည့် အဆင့်ဆင့် ဆောင်ရွက်ချက်များကိုလည်း ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်မည် ဖြစ်သည်။

Experian လုပ်ငန်းစု၏ အရှေ့တောင်အာရှနှင့် ဖွံ့ဖြိုးဆဲစျေးကွက်များဆိုင်ရာ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ Dev Dhiman က “Experian အနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်တဲ့နေရာမှာ လိုအပ်တဲ့ အချက်အလက်တွေ၊ သုံးသပ် ချက်တွေကို အသုံးပြုပြီး ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုတွေ ပေးအပ်သွားနိုင်ဖို့ ရည်ရွယ်လုပ်ဆောင်နေပါတယ်။ အခုလို တယ်လီနောမြန်မာနဲ့ ပူးပေါင်းလိုက်တဲ့အတွက် မြန်မာနိုင်ငံက သန်းပေါင်းများစွာသော ပြည်သူတွေအနေနဲ့ သူတို့ လိုအပ်တဲ့ ငွေကြေးဆိုင်ရာဝန်ဆောင်မှုတွေကို အလွယ်တကူရယူသွားနိုင်မှာ ဖြစ်ပါတယ်။ ဒီ ပူးပေါင်းဆောင်ရွက်မှု ဟာ ဘဏ်ဝန်ဆောင်မှုမရရှိသေးတဲ့ လူ့အဖွဲ့အစည်းတွေကို ကူညီပေးသွားနိုင်မှာဖြစ်ပြီး အလွန်လျင်မြန်တဲ့နှုန်းနဲ့ တိုးတက်နေတဲ့ မြန်မာ့လူမှုစီးပွားကဏ္ဍရဲ့ အသီးအပွင့်တွေကို အများပြည်သူ ပိုမိုခံစားနိုင်ဖို့ ပေးအပ်သွားနိုင်မှာဖြစ်ပါတယ်။ အရှေ့တောင်အာရှဒေသနဲ့ ကမ္ဘာတဝန်းမှာ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုတွေ ပိုမို ပေးအပ်သွားနိုင်ဖို့နဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ Experian ရဲ့ ရည်သန်ချက်တွေကို ဒီ ပူးပေါင်း ဆောင်ရွက်မှုက မီးမောင်းထိုး ပြသလိုက်တာလည်း ဖြစ်ပါတယ်။” ဟု ပြောကြားသည်။

တယ်လီနောအကြောင်း

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်စျေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများအား ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှ စတင်ပေးအပ်လျက်ရှိပြီး လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတဆင့် အကောင်းမွန်ဆုံးသော သုံးစွဲမှု အတွေ့အကြုံများအား ပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာသည် နိုင်ငံတဝန်းရှိ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၈,၂၀၀ ကျော်ဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူပေါင်း ၁၈ သန်းကျော်ထံသို့ ၎င်း၏ 2G၊ 3G နှင့် 4G ကွန်ရက်များဖြင့် ဝန်ဆောင်မှုများ ပေးအပ်လျက် ရှိသည်။ တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစု ဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေတာများအနက်တစ်ခု ဖြစ်ပြီး စကင်ဒီနေးဗီးယန်းဒေသနှင့် အာရှတိုက်တဝန်းတွင် အသုံးပြုသူပေါင်း ၁၇၂ သန်းကျော်အား ပိုင်ဆိုင်ထားကာ စီးပွားရေးလုပ်ငန်းများကို တာဝန်သိစွာ ဆောင်ရွက်ရန် ရည်သန်ထားပြီး လူမှု ပတ်ဝန်းကျင် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဦးတည် ဆောင်ရွက်နေသည့် လုပ်ငန်းစု တစ်ခု ဖြစ်သည်။

တယ်လီနောလုပ်ငန်းစုအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

Experian လုပ်ငန်းစု အကြောင်း

Experian သည် ကမ္ဘာ့ထိပ်တန်း သတင်းအချက်အလက် ဝန်ဆောင်မှု ကုမ္ပဏီတစ်ခု ဖြစ်သည်။ မည်သူမဆို နေအိမ်နှင့် မော်တော်ယာဉ်များ ဝယ်ယူခြင်း၊ မိမိတို့၏ ကလေးများအား ကောလိပ်ကျောင်းသို့ ပို့ဆောင်ခြင်း နှင့် ဝယ်ယူူသူအသစ်များနှင့် ချိတ်ဆက်၍ စီးပွားရေးလုပ်ငန်းတစ်ခု တည်ထောင်ခြင်းအစရှိသည့် ဘဝ၏ ကြီးမားသော အခိုက်အတန့်များတွင် ၎င်းတို့ ပိုင်ဆိုင်ထားသည့် အချက်အလက်များအား အကျိုးရှိရှိ အသုံးချနိုင်စေရန် Experian မှ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ လူတစ်ဦးတစ်ယောက်ချင်းစီ အနေဖြင့် ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုများအား ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်စေရန်နှင့် ငွေကြေးဝန်ဆောင်မှုများအား ပိုမိုလွယ်ကူစွာ ရယူနိုင်စေရန်၊ စီးပွားရေး လုပ်ငန်းများ အနေဖြင့် ပိုမိုမှန်ကန်ကောင်းမွန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်စေရန်နှင့် လုပ်ငန်းလည်ပတ်မှု ပိုမို ကောင်းမွန်စေရန်၊ ချေးငွေလုပ်ငန်းများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေစေရန်နှင့် အဖွဲ့အစည်း များအား လိမ်လည်မှုများ၊ မှုခင်းများ၏ ဘေးမှ ကင်းဝေးစေရန် Experian က ကူညီလုပ်ဆောင်ပေးလျက် ရှိသည်။

နိုင်ငံပေါင်း ၃၉ နိုင်ငံတွင် ဝန်ထမ်းဦးရေပေါင်း ၁၆,၅၀၀ ခန့်ဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် Experian ကုမ္ပဏီသည် ၎င်း၏ အလုပ်အပ်နှံသူများအား ကောင်းမွန်သော အခွင့်အလမ်းများ ပေးအပ်နိုင်ရန် လိုအပ်သည့် နည်းပညာအသစ်များ၊ အရည်အချင်းရှိသော ဝန်ထမ်းများနှင့် တီထွင်ဆန်းသစ်မှုများအတွက် အစဉ်မပြတ် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်လျက် ရှိသည်။ Experian သည် လန်ဒန်စတော့အိတ်ချိန်း (EXPN) စာရင်းဝင်ကုမ္ပဏီတစ်ခု ဖြစ်သည့် အပြင် FTSE 100 Index (လန်ဒန်စတော့အိတ်ချိန်း၏ စျေးကွက်တန်ဖိုး အမြင့်မားဆုံး ကုမ္ပဏီ ၁၀၀ စာရင်း) တွင် လည်း အပါအဝင်ဖြစ်သည်။

Experian ကုမ္ပဏီအကြောင်း ပိုမိုသိရှိလိုပါက http://www.experian.com.sg/တွင် ဝင်ရောက် ကြည့်ရှုနိုင်ပြီး လုပ်ငန်းစု၏ နောက်ဆုံးရ သတင်းများနှင့် သုံးသပ်ဆွေးနွေးမှုများအား သိရှိလိုပါက ကုမ္ပဏီ၏ ကမ္ဘာလုံး ဆိုင်ရာ သတင်း ဘလော့ http://www.experian.com/blogs/news တွင် ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်။

မီဒီယာများ ဆက်သွယ်ရန်

ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
shweyinn.maroo@telenor.com.mm
တယ်လီနောမြန်မာ

PRecious Communications for Experian
Clarence Lim / Priya Suraindran
(65) 6303 0567
experian@preciouscomms.com

Yangon
My Telenor