Press Release

ပြည်တွင်းမှ ကျောင်းသားကျောင်းသူ ၁၄ ဦးအား အလုပ်သင်ဝန်ထမ်းများအဖြစ် တယ်လီနော ရွေးချယ်

06 November, 2018 - Yangon

  • အစိုးရနှင့်ပုဂ္ဂလိကတက္ကသိုလ်များမှ ကျောင်းသားကျောင်းသူ ၁၄ ဦးအား အလုပ်သင် ဝန်ထမ်းများအဖြစ် တယ်လီနောမြန်မာမှ ရွေးချယ်
  • အောက်တိုဘာလမှ ဒီဇင်ဘာလအထိကြာမြင့်မည့် အလုပ်သင် အစီအစဉ် ပြီးဆုံးသည့်အချိန်တွင် ကျောင်းသား ကျောင်းသူများ အနေနှင့်အလုပ်သင် အစီအစဉ် ပြီးဆုံးကြောင်း အသိအမှတ်ပြု လက်မှတ်များရရှိမည်ဖြစ်

တယ်လီနောမြန်မာသည် ၎င်း၏ လေးကြိမ်မြောက် ၂ လကြာ အလုပ်သင်အစီအစဉ်အား စတင်ခဲ့ပြီး အဆိုပါ အစီအစဉ်အတွက် အစိုးရနှင့်ပုဂ္ဂလိက တက္ကသိုလ်များနှင့် ကောလိပ်များမှ ကျောင်းသားကျောင်းသူ ၁၄ ယောက် ရွေးချယ်ခံခဲ့ရသည်။ယခုနှစ်အတွက် တယ်လီနောမြန်မာ၏ အလုပ်သင် အစီအစဉ်သည် အောက်တိုဘာလတွင် စတင်ပြီး ဒီဇင်ဘာလတွင်ပြီးဆုံးမည် ဖြစ်သည်။

ယခုနှစ် အောက်တိုဘာလတွင် စတင်ခဲ့သော တယ်လီနောမြန်မာ၏ အလုပ်သင်အစီအစဉ်အတွက်တက္ကသိုလ် နှင့် ကောလိပ်ပေါင်း ၇ ခုမှ လျှောက်ထားသူ စုစုပေါင်း ၂၀၀ ကျော် ရှိခဲ့ပြီး၎င်းအနက် ကျောင်းသားကျောင်းသူ ၆၀ ဦးသည် လူတွေ့စစ်ဆေးခြင်း အစီအစဉ်အတွက် ဆန်ကာတင် ရွေးချယ်ခံခဲ့ရသည်။အဆိုပါ လူတွေ့စစ်ဆေးခြင်း အစီအစဉ် ပြီးဆုံးပြီးနောက်တွင် ကျောင်းသားကျောင်းသူပေါင်း၁၄ ဦးအား အလုပ်သင် အစီအစဉ်အတွက် ရွေးချယ်ခဲ့ပြီး ၎င်းတို့ သည် ဒစ်ဂျစ်တယ်စျေးကွက်ဖော်ဆောင်ရေး(digital marketing)၊ အခမ်းအနား စီမံခန့်ခွဲမှု (event management)၊ လူမှုအကျိုးပြုလုပ်ငန်းစဉ်များ(CSR)၊ သုံးစွဲသူဝန်ဆောင်မှု (customer care)၊ ကွန်ရက် အဓိက ဝန်ဆောင်မှု (corenetwork)၊ ကွန်ရက်ပိုင်းဆိုင်ရာ မဟာဗျူဟာ ချမှတ်မှု (network strategy)၊ fixed IT နှင့်PS core အစရှိသည့် ကုမ္ပဏီ၏ ဌာနအသီးသီးတွင် ဝင်ရောက်လုပ်ကိုင်ရမည် ဖြစ်သည်။ ထို့အပြင်အစီအစဉ်ကို အောင်မြင်စွာ ပြီးမြောက်သည့် အလုပ်သင်များကိုလည်း အလုပ်သင် အစီအစဉ် ပြီးဆုံးကြောင်း အသိအမှတ်ပြု လက်မှတ်များကို ပေးအပ်သွားမည်ဖြစ်သည်။

“တယ်လီနောဟာ ပူးပေါင်းဆောင်ရွက်မှုနဲ့ လုပ်ပိုင်ခွင့်ပေးအပ်မှုတွေကိုအားပေးထောက်ခံတဲ့ ကုမ္ပဏီတစ်ခု ဖြစ်တာနဲ့ အညီ ကျွန်မတို့ရဲ့ ဒီအလုပ်သင်အစီအစဉ် ကနေတဆင့်မြန်မာနိုင်ငံက လူငယ်တွေအတွက် အသိပညာ၊ ဗဟုသုတ အသစ်တွေ ပေးအပ်သွားနိုင်ပြီး တစ်ကယ့်လက်တွေ့လုပ်ငန်းခွင်တစ်ခုအတွက် အဆင်သင့်ဖြစ်နေစေဖို့ အများကြီး ကူညီ ပေးသွားနိုင်မယ်လို့ ယုံကြည်ပါတယ်။ရွေးချယ်ခံရတဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ တယ်လီနောရဲ့ အလုပ်သင် အစီအစဉ် တစ်လျှောက်လုံးမှာပြည်တွင်းနဲ့ ပြည်ပက အတွေ့အကြုံရင့်ဝန်ထမ်းတွေနဲ့ အတူ လက်တွဲ လုပ်ကိုင်နိုင်မှာ ဖြစ်ပြီးသင်ယူလေ့လာမှု အခွင့်အလမ်းတွေ၊ လက်တွေ့လုပ်ဆောင်မှုတွေ ဆောင်ရွက်ရာမှာလည်း အနီးကပ် ညွှန်ကြားပြသမှုတွေကိုရရှိနိုင်မှာ ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ Chief People Officer ဖြစ်သူ SelinaLomholdt က ပြောကြားသည်။

“ဒီတယ်လီနောရဲ့ အလုပ်သင်အစီအစဉ်ကို ညီမတို့ တက္ကသိုလ်မှာ ကျင်းပခဲ့တဲ့အလုပ်အကိုင်ပြပွဲ တစ်ခုကနေ လျှောက်ထားဖြစ်ခဲ့တာပါ။ အခုလက်ရှိမှာတော့ ညီမက တယ်လီနောမြန်မာရဲ့ဒစ်ဂျစ်တယ် စျေးကွက်ဖော်ဆောင်ရေး နဲ့ ကုန်အမှတ်တံဆိပ် မဟာဗျူဟာချမှတ်ရေး ဌာန(Digital Marketing and Brand Strategy department) မှာ အခြား စီနီယာလုပ်ဖော်ကိုင်ဖက်တွေ၊ကြီးကြပ်သူတွေရဲ့ လမ်းညွှန်ပြသမှုတွေနဲ့ အတူ လုပ်ကိုင်နေပါတယ်။ တယ်လီနောက ညီမရဲ့ လုပ်နိုင်စွမ်းပိုမိုကောင်းမွန်အောင်နဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အတွေ့အကြုံတွေ ပိုမို ရရှိလာအောင်အလွန် အသုံးဝင်တဲ့ အခွင့်အရေး တစ်ရပ်ကို ပေးအပ်ခဲ့တယ်လို့ ယုံကြည်ပါတယ်။ ဒီလို အခွင့်အရေးတစ်ရပ်ကို ရရှိခဲ့တဲ့အတွက်လည်း အရမ်းကို ဂုဏ်ယူမိပြီး လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ နည်းနာတွေနဲ့အဖွဲ့အစည်းရဲ့ အလေ့အထတွေ၊ ယဉ်ကျေးမှုတွေကို ပိုမိုသင်ယူသွားနိုင်ဖို့၊ လက်တွေ့လုပ်ဆောင်မှုပိုင်းဆိုင်ရာအတွေ့အကြုံတွေ ပိုမို ရရှိနိုင်ဖို့ ညီမအနေနဲ့ ကြိုးစားလုပ်ဆောင်သွားမှာပါ” ဟု တယ်လီနောမြန်မာ၏အလုပ်သင်အစီအစဉ်အတွက် ရွေးချယ်ခံခဲ့ရသူ အမျိုးသား စီမံခန့်ခွဲမှုပညာဒီဂရီ ကောလိပ်(National Management Degree College) မှ စီးပွားရေး စီမံခန့်ခွဲမှု အထူးပြု ကျောင်းသူတစ်ဦးဖြစ်သည့်အသက် ၁၉ နှစ်အရွယ် မ သင်းစန္ဒီသော် က ပြောကြားသည်။

တယ်လီနောမြန်မာတွင် လက်ရှိ အလုပ်လုပ်ကိုင်လျက်ရှိသော ဝန်ထမ်းဦးရေပေါင်း၈၀၀ ကျော်ရှိပြီး ကုမ္ပဏီ၏ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို ထောက်ပံ့မှု လုပ်ငန်းစဉ်(supply chain) အတွင်းတွင် ပြည်တွင်း၊ ပြည်ပမှ မိတ်ဖက် အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်ပါဝင်ဆောင်ရွက်လျက် ရှိသည်။ မြန်မာနိုင်ငံမှ လူငယ်များအား အားပေး ကူညီလိုပြီး ၎င်းတို့၏လုပ်ငန်းခွင် အရည်အချင်း တိုးတက်လာစေရန်နှင့် ပိုမိုကောင်းမွန်သော အလုပ်အကိုင် အခွင့်အလမ်းများရရှိပိုင်ဆိုင်နိုင်စေရန် ကူညီထောက်ပံ့ပေးသွားလိုသည့် ခိုင်မာသည့် ရည်သန်ချက်နှင့်အညီ တယ်လီနောမြန်မာသည် မြန်မာနိုင်ငံမှ အစိုးရနှင့် ပုဂ္ဂလိက တက္ကသိုလ်များ၊ ကောလိပ်များနှင့်ပူးပေါင်း၍ သင်ကြားလေ့လာမှုပိုင်းဆိုင်ရာ အခွင့်အလမ်းများစွာကို ဖော်ဆောင်ပေးအပ်လျက်ရှိသည်။ တယ်လီနော၏ အလုပ်သင် အစီအစဉ်ကိုလည်း အဆိုပါ ရည်သန်ချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ကျောင်းသား ကျောင်းသူများ အနေနှင့် အသိပညာ၊ဗဟုသုတများ ပိုမိုရရှိလာကာ လက်တွေ့ လုပ်ငန်းခွင် ဝင်ရောက်ရာတွင် အဆင်သင့်ဖြစ်နေစေရန်ရည်ရွယ်၍ ပေးအပ်နေခြင်း ဖြစ်သည်။ တယ်လီနောသည် ၎င်း၏ အလုပ်သင် အစီအစဉ်အား ၂၀၁၆ ခုနှစ်တွင်စတင်ခဲ့ပြီး လက်ရှိအချိန်ထိ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် တစ်ကြိမ်၊ ၂၀၁၇ ခုနှစ် ဇူလိုင်လတွင်တစ်ကြိမ်၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် တစ်ကြိမ် စုစုပေါင်း အပတ်စဉ် ၃ ကြိမ်အား အောင်မြင်စွာစီစဉ်ဆောင်ရွက်နိုင်ခဲ့သည်။

မီဒီယာများဆက်သွယ်ရန်

ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
shweyinn.maroo@telenor.com.mm

Yangon
My Telenor