Press Release

နိုင်ငံတဝန်းမှ ကျောင်းသား/သူပေါင်း ၁၀၀,၀၀၀ အထိကို အခမဲ့ လေ့ကျင့်သင်ကြားပေးသွားမည့် ဒစ်ဂျစ်တယ်နည်းပညာသင်တန်းအား တယ်လီနော စတင်ဖွင့်လှစ်

17 November, 2018 - Yangon

  • တစ်နှစ်ကြာမြင့်မည့် ဤ စီမံကိန်းအား မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် အနာဂတ်သို့ လျှောက်လှမ်းရာ လမ်းကြောင်းတွင် ပါဝင်ကူညီသွားရန် မျှော်မှန်းလုပ်ဆောင်ခြင်းဖြစ်

တစ်နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံတဝန်းရှိ ကျောင်းသား ကျောင်းသူပေါင်း ၁၀၀,၀၀၀ ခန့်အား ကွန်ပြူတာ အခြေခံ ကျွမ်းကျင်မှုနှင့် ဘေးကင်းလုံခြုံစွာ အင်တာနက်အသုံးပြုခြင်း ဆိုင်ရာ အချက်များအား သင်ကြားပေးသွားနိုင်ရန် ရည်ရွယ်ထားသည့် ဒစ်ဂျစ်တယ်နည်းပညာသင်တန်းများအား စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း တယ်လီနောမြန်မာက ယနေ့ကြေညာခဲ့သည်။ ဤအစီအစဉ်သည် ပြီးခဲ့သည့် မတ်လမှ မေလအတွင်း နိုင်ငံတဝန်းမှ ကျောင်းသားကျောင်းသူပေါင်း ၂၅,၀၀၀ ခန့်အား အောင်မြင်စွာ သင်ကြားပေး နိုင်ခဲ့သည့် နွေရာသီ ဒစ်ဂျစ်တယ်နည်းပညာသင်တန်းအား ပိုမိုကျယ်ပြန့်စွာ တိုးချဲ့ ဆောင်ရွက်လိုက်ခြင်း ဖြစ်သည်။ ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် KMD၊ Myan ICT for Development Organization (MIDO) နှင့် Irrawaddy Green Tower (IGT) တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်သည့် တယ်လီနော၏ ယခုဒစ်ဂျစ်တယ် နည်းပညာသင်တန်းစီမံကိန်းသည် ပညာရေးကဏ္ဍ တိုးတက်မြင့်မားလာစေရန်နှင့် နိုင်ငံတော်အား ဒစ်ဂျစ်တယ်အသွင် ပြောင်းခြင်းလမ်းစဉ်တို့အတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည့် မြန်မာနိုင်ငံ အစိုးရ၏ လုပ်ဆောင်ချက်များအား တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီသွားရန် ရည်ရွယ်လုပ်ဆောင်သွားမည် ဖြစ်သည်။

ယခုစီမံကိန်းအရ ကျောင်းသားကျောင်းသူများသည် နိုင်ငံတဝန်းရှိ KMD နှင့် တယ်လီနော အလင်းအိမ်စင်တာများရှိ ကွန်ပြူတာစာသင်ခန်း ၁၇၀ ခန့်တွင် ကျွမ်းကျင်သူများ လက်တွေ့ပို့ချသည့် ဒစ်ဂျစ်တယ်နည်းပညာသင်တန်းများအား အခမဲ့ စာရင်းပေးတက်ရောက်သင်ယူနိုင်မည် ဖြစ်သည်။ ထို့အပြင် သင်တန်းသားများအနေဖြင့် အခြေခံ Microsoft Word၊ Excel၊ Power Point၊ internet၊ email အသုံးပြုနည်းနှင့် အင်တာနက်အား ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင် မည့် နည်းလမ်းများကိုလည်း သင်ယူလေ့လာသွားနိုင်မည် ဖြစ်သည်။

“ဒစ်ဂျစ်တယ်မြန်မာ ပေါ်ပေါက်လာရေး အတူလက်တွဲဖော်ဆောင်ခြင်း - ပညာရေးကဏ္ဍတွင် မညီမျှမှုများအား လျော့နည်းစေရေး” ခေါင်းစဉ်နှင့်အတူ တယ်လီနောမြန်မာ၏ ဒစ်ဂျစ်တယ်နည်းပညာသင်တန်း စီမံကိန်း စတင်သည့် အခမ်းအနားအား နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်တွင် ယနေ့ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ယင်းနောက်တွင် မြန်မာနိုင်ငံ၏ဒစ်ဂျစ်တယ်အနာဂတ်သို့ လျှောက်လှမ်းရာတွင် အထောက်အကူပြုပေးနိုင်ရန် ကူညီ ဆောင်ရွက်သွားမည့် တယ်လီနော၏ ရည်မှန်းချက်များနှင့် ပတ်သက်ပြီး တယ်လီနော လုပ်ငန်းစု၏ အာရှဒေသဆိုင်ရာ ရေရှည်တည်တံ့မှုလုပ်ငန်းများ ချမှတ်ဆောင်ရွက်ရေးဌာန၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Ms Manisha Dogra က ရှင်းလင်း ပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားတွင် စကားဝိုင်းဆွေးနွေးပွဲတစ်ရပ်ကိုလည်း ပြုလုပ်ခဲ့ပြီး အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ တယ်လီနောမြန်မာ၏ ကော်ပိုရိတ်ရေးရာအရာရှိချုပ်ဖြစ်သူ Hans Martin Hoegh Henrichsen၊ KMD ၏ ဒါရိုက်တာ ဦးဘိုဘိုလွင်၊ ၂၀၁၇ ခုနှစ် တယ်လီနောလူငယ်ဖိုရမ် ကိုယ်စားလှယ် ရာသူ(လ်) ပရာဆတ်နှင့် အလင်းအိမ်စင်တာ စွန့်ဦးတီထွင်သူတစ်ဦးဖြစ်သည့် ဦးဇော်မင်းစိုးတို့က ဝင်ရောက်ဆွေးနွေးခဲ့ကြပြီး ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးမှုကော်မတီ၏ ပုဂ္ဂလိကအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးမြမိုးအောင်က ဦးဆောင် ဆွေးနွေးခဲ့ သည်။

telenor_myanmar_free_digital_school
telenor_myanmar_free_digital_school
telenor_myanmar_free_digital_school
telenor_myanmar_free_digital_school
telenor_myanmar_free_digital_school

“လူမှုကွန်ရက်အသုံးပြုမှု၊ ဆက်သွယ်ပြောဆိုမှုနဲ့ ဖျော်ဖြေရေးအစရှိတဲ့ကဏ္ဍတွေမှာ မြန်မာနိုင်ငံဟာ ဒေတာ အသုံးပြုမှု ပမာဏ အလွန်များပြားတာကို တွေ့ရှိရပါတယ်။ ဒါပေမဲ့ လူမှုရေးပိုင်းနဲ့ စီးပွားရေးပိုင်းဆိုင်ရာ အကျိုးရလဒ်တွေ ပိုမိုရရှိလာဖို့အတွက် ဒစ်ဂျစ်တယ်နားလည်တတ်ကျွမ်းမှုတွေက အထူးသဖြင့် ကျေးလက်ဒေသတွေမှာ ဒီထက် ဖွံ့ဖြိုးဖို့ လိုအပ်နေပါသေးတယ်။ အခု တယ်လီနောရဲ့ ဒစ်ဂျစ်တယ်နည်းပညာသင်တန်း အစီအစဉ်ဟာ ကျေးလက်ဒေသမှာ နေထိုင်သူတွေအတွက် အခြေခံ ဒစ်ဂျစ်တယ်နည်းပညာကျွမ်းကျင်မှုနဲ့ အင်တာနက်ကို ဘေးကင်းလုံခြုံအောင် ဘယ်လို အသုံးပြုရမလဲဆိုတဲ့ အချက်တွေကို သင်ကြားမျှဝေပေးသွားမှာ ဖြစ်တဲ့အတွက် မြို့ပြနဲ့ ကျေးလက်ကြားက ဒစ်ဂျစ်တယ်ကျွမ်းကျင်မှု ကွာဟချက်တွေကို လျှော့ချပေးသွားနိုင်မှာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ အများနည်းတူ တန်းတူ အခွင့်အရေးတွေကိုလည်း ရရှိသွားဖို့ ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ မကြာသေးခင်က ပြီးစီးခဲ့တဲ့ နွေရာသီ ဒစ်ဂျစ်တယ်နည်းပညာသင်တန်းရဲ့ အောင်မြင်မှုကလည်း ကျွန်တော်တို့တယ်လီနောနဲ့ အခြားမိတ်ဖက် အဖွဲ့အစည်း တွေအတွက် အားတက်စရာအချက်တစ်ချက် ဖြစ်စေခဲ့တဲ့အတွက် အခုလိုပိုမိုကျယ်ပြန့်တဲ့ အစီအစဉ်တစ်ရပ်ကို နိုင်ငံ တဝန်းမှာ ဆောင်ရွက်ခဲ့တာဖြစ်ပြီး ဒီအစီအစဉ်ကနေတဆင့် လာမယ့်နှစ်တွေမှာ ပိုမိုများပြားတဲ့ လူအရေအတွက်ကို လူမှုရေးပိုင်းနဲ့ စီးပွားရေးပိုင်းဆိုင်ရာ အကျိုးရလဒ်တွေ ယူဆောင်ပေးလာနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု တယ်လီနော၏ ကော်ပိုရိတ်ရေးရာ အရာရှိချုပ်ဖြစ်သူ Mr Hans Martin Hoegh Henrichsen က ပြောကြားသည်။

“တယ်လီနောလုပ်ငန်းစုအနေနဲ့ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ချိတ်ဆက်နိုင်မှုကနေ အကျိုးကျေးဇူးတွေ ပိုမိုရရှိလာနိုင်ဖို့ နဲ့ လူနေမှုအဆင့်အတန်းတွေ မြင့်မားလာစေဖို့ အဓိက ဦးတည်ဆောင်ရွက်နေပါတယ်။ ဒစ်ဂျစ်တယ် အနာဂတ်တစ်ခု ဖော်ဆောင်နိုင်ဖို့ သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်း၊ အထူးသဖြင့် ကလေးငယ်တွေနဲ့ လူငယ်တွေအနေနဲ့ လိုအပ်တဲ့ အရည်အချင်းတွေ ရရှိလာဖို့၊ နောက်ပြီး အွန်လိုင်းကို လုံခြုံမှုရှိရှိ အသုံးပြုနိုင်ဖို့က တစ်ကမ္ဘာလုံးအတွက် အထူးသဖြင့် မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲစျေးကွက်တွေအတွက် ကျွန်မတို့ ချမှတ်လုပ်ဆောင်နေတဲ့ အဓိက ရည်မှန်းချက် တစ်ရပ် ဖြစ်ပါတယ်။ ကုလသမဂ္ဂအဖွဲ့ကြီးက ချမှတ်ထားတဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင် အမှတ်စဉ် ၁၀ ဖြစ်တဲ့ မညီမျှမှုများ လျှော့ချရေးဆိုတဲ့ ရည်မှန်းချက်ကို ပြည့်မီဖို့အတွက် ကမ္ဘာတဝန်းမှာ ချမှတ်လုပ်ဆောင်နေတဲ့ ကျွန်မတို့ရဲ့ ရည်သန်ချက်တစ်စိတ်တစ်ပိုင်းအဖြစ် တယ်လီနောအနေနဲ့ ၂၀၂၀ ပြည့်နှစ်မှာ ကလေးငယ်ပေါင်း ၄ သန်း ကို အွန်လိုင်းအသုံးပြုရာမှာ ဘေးကင်းလုံခြုံစွာ အသုံးပြုတတ်အောင် သင်ကြားပေးသွားဖို့ ရည်ရွယ်လုပ်ဆောင် နေပါတယ်။ ဒီကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ဖို့အတွက်လည်း အခု တယ်လီနော မြန်မာရဲ့ ဒစ်ဂျစ်တယ်နည်းပညာသင်တန်းလိုမျိုး သက်ဆိုင်ရာအစိုးရအဖွဲ့နဲ့ ကျွမ်းကျင်အဖွဲ့အစည်းတွေ ပူးပေါင်းလုပ် ဆောင်တဲ့ စီမံကိန်းတွေဟာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်” ဟု Ms Manisha Dogra က ယနေ့ ကျင်းပပြုလုပ်သော အခမ်းအနားတွင် ပြောကြားသည်။

ထို့အပြင် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထုတ်ဝေခဲ့သည့် ၎င်း၏ ‘ဒစ်ဂျစ်တယ်မြန်မာ’ အစီရင်ခံစာတွင် တယ်လီနော သည် မြန်မာနိုင်ငံအနေနှင့် ဒစ်ဂျစ်တယ် အနာဂတ်သို့ လျှောက်လှမ်းရာတွင် ကျင့်သုံးသင့်သည့် လမ်းစဉ်တစ်ရပ်အား အကြံပြုခဲ့သည်။ အဆိုပါအစီရင်ခံစာတွင် မြန်မာနိုင်ငံရှိ ပြည်သူလူထုတစ်ရပ်လုံး၏ ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုအား မြင့်တင်ပေးရန် လိုအပ်သည့် အချက်အပါအဝင် အခြားသော နယ်ပယ် ၆ ခုအား မီးမောင်းထိုး ပြသခဲ့သည်။ (အစီရင်ခံစာအား https://bit.ly/2zbZJ4D တွင် ရယူဖတ်ရှုနိုင်မည် ဖြစ်သည်။)

မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အနာဂတ်အား ဖော်ဆောင်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် တယ်လီနော မြန်မာသည် အခြားသော စီမံကိန်းများစွာကိုလည်း ၎င်း၏ လူမှုအကျိုးပြု စီမံကိန်းများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြုလုပ်လျက်ရှိသည်။ ၎င်း၏ အလင်းအိမ်ဒစ်ဂျစ်တယ်နည်းပညာ ဖွံ့ဖြိုးရေးစင်တာများသည် လက်ရှိတွင် ကျောင်းသား ကျောင်းသူပေါင်း ၁၃၀,၀၀၀ ကျော်အား စမတ်ဖုန်းနှင့် ကွန်ပျူတာကျွမ်းကျင်မှုသင်တန်းများ သင်ကြားပေးခဲ့ပြီး ဖြစ်သည်။ ထို့အပြင် တယ်လီနော၏ ‘ဘေးကင်းသော အင်တာနက်’ အစီအစဉ်များမှတဆင့် အင်တာနက်အား အကျိုးရှိစွာနှင့် ဘေးကင်းစွာ မည်သို့ အသုံးပြုရမည်ဆိုသည့် အချက်များကို အစိုးရ ကျောင်းသားကျောင်းသူပေါင်း ၂၂၂,၀၀၀ ကျော်အား သင်ကြားပေးခဲ့ပြီး ဖြစ်သည်။ ထို့အပြင် Myanmar Metropolitan College နှင့် ပူးပေါင်း၍ မဟာဗျူဟာမြောက် အိုင်စီတီ စီမံခန့်ခွဲမှုဆိုင်ရာ စီးပွားရေး စီမံခန့်ခွဲမှု မဟာဘွဲ့ (MBA) အတွက် ပညာသင်ဆုများ ပေးအပ်သွားမည့် အစီအစဉ်တစ်ရပ်ကိုလည်း ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအတွင်းက လုပ်ဆောင်ခဲ့ပြီး လျှောက်ထားသူပေါင်း ၄၀၀ အနက်မှ ကျောင်းသား ကျောင်းသူ ၅ ဦးအား ပညာသင်ဆုများ ရွေးချယ်ချီးမြှင့်ခဲ့သည်။

မီဒီယာများ ဆက်သွယ်ရန်

ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
shweyinn.maroo@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Telenor