Press Release

ဒစ်ဂျစ်တယ်သုံးစွဲမှု ပြောင်းလဲလာခြင်း - တယ်လီနော ဒေတာသုံးစွဲမှု ပမာဏ နှစ်သစ်ကူးကာလတွင် သိသာထင်ရှားစွာ မြင့်တက်

03 January, 2019 - Yangon

  • နှစ်သစ်ကူးကာလအတွင်း တယ်လီနော ကွန်ရက်အတွင်း Facebook နှင့် Viber အသုံးပြုမှုပမာဏသည် ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ထင်ရှားစွာ မြင့်တက်လာပြီး နေ့စဉ်ပျှမ်းမျှ သုံးစွဲမှုပမာဏထက် သိသာစွာ မြင့်တက်
  • စာတိုပေးပို့လက်ခံမှု (SMS) အသုံးပြုမှု အရေအတွက် သည်လည်း နှစ်သစ်ကူးနေ့တွင် နေ့စဉ်ပျှမ်းမျှသုံးစွဲမှု ပမာဏထက် ၄၄၀ ရာခိုင်နှုန်းခန့် ပိုမိုမြင့်တက်ခဲ့

တယ်လီနော၏ ဆန်းစစ်လေ့လာချက်များအရ နှစ်သစ်ကူး ကာလဖြစ် သည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် ည ၉ နာရီမှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် မနက် ၂ နာရီ အတွင်း တယ်လီနောမြန်မာ ကွန်ရက်အတွင်း Facebook နှင့် Viber အသုံးပြုမှုဒေတာပမာဏသည် ယမန်နှစ် ၂၀၁၈ ခုနှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက သိသိသာသာ များပြားလာခဲ့သည်ဟု ဖော်ပြခဲ့သည်။ အဆိုပါအချိန်အတွင်း Facebook အသုံးပြုမှုနှုန်းသည် နေ့စဉ် ပျှမ်းမျှသုံးစွဲမှု ပမာဏထက် ၆၀ ရာခိုင်နှုန်းခန့်နှင့် Viber အသုံးပြုမှုနှုန်းသည် နေ့စဉ်ပျှမ်းမျှသုံးစွဲမှု ပမာဏထက် ၁၈၀ ရာခိုင်နှုန်းခန့်အထိ အသီးသီး ပိုမိုများပြားခဲ့ကြောင်း တွေ့ရှိရသည်။

ယမန်နှစ် ၂၀၁၈ ခုနှစ်၏ နှစ်သစ်ကူးကာလ လေ့လာချက်များအရ Facebook အသုံးပြုမှုနှုန်းသည် နေ့စဉ်ပျှမ်းမျှသုံးစွဲမှု ပမာဏထက် ၄၀ ရာခိုင်နှုန်းခန့်နှင့် Viber နှင့် Beetalk အသုံးပြုမှုနှုန်းသည် နေ့စဉ်ပျှမ်းမျှသုံးစွဲမှု ပမာဏထက် ၂၉ ရာခိုင်နှုန်းခန့်သာ ပိုမိုများပြားခဲ့သည်။ သို့ဖြစ်၍ ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက တယ်လီနော အသုံးပြုသူများသည် ယခုနှစ် အတွင်း အင်တာနက် အသုံးပြုခြင်း၊ ဗီဒီယိုများနှင့် သီချင်းများအား အွန်လိုင်းမှ ရယူနားထောင်ကြည့်ရှုခြင်း၊ Facebook နှင့် Viber အား အသုံးပြုခြင်းများ သိသိသာသာ ပိုမိုများပြားလာခဲ့သည်ကို တွေ့ရှိရသည်။

အလားတူပင် ယခုနှစ် နှစ်သစ်ကူးကာလ ည ၉ နာရီမှ မနက် ၂ နာရီအတွင်း တယ်လီနောကွန်ရက်အတွင်း စာတို ပေးပို့ လက်ခံမှု (SMS) အရေအတွက်သည် ၁ ဒသမ ၈၅ သန်းအထိရှိခဲ့ပြီး အဆိုပါ အရေအတွက်သည် ပုံမှန်နေ့စဉ် ပေးပို့မှုထက် ၄၄၀ ရာခိုင်နှုန်းအထိ ပိုမိုများပြားခဲ့ကာ ၂၀၁၈ ခုနှစ်အတွင်း စံချိန်တင်အရေအတွက် ဖြစ်ခဲ့သည်။

“အခု အချက်အလက်တွေကို ကြည့်မယ်ဆိုရင် နှစ်သစ်ကူးကာလမှာ တယ်လီနောရဲ့ ကွန်ရက်အတွင်း စာတိုပေးပို့မှုနဲ့ ဒေတာအသုံးပြုမှုတွေ သိသိသာသာ များပြားခဲ့တာကို တွေ့ရှိရပါတယ်။ တယ်လီနောသုံးစွဲသူတွေဟာ သူတို့ရဲ့ အရေးကြီးတဲ့ အချိန်တွေမှာ ချစ်ခင်ရသူတွေနဲ့ ဆက်သွယ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာတွေကို ပိုမို အသုံးပြုလာကြ တာကို တွေ့ရတဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားဝမ်းမြောက်မိပါတယ်။ ကြီးငယ်မရွေး သူတို့ရဲ့ မိုဘိုင်းဖုန်းတွေကို နှစ်သစ် ဆုတောင်းတွေ ပေးပို့ရာမှာ အသုံးပြုပြီး ချစ်ခြင်းမေတ္တာကို စာသားနဲ့သာမက ရုပ်ပုံတွေ၊ ဗီဒီယိုကလစ်ပ်တွေနဲ့ အမျိုးမျိုး မျှဝေခဲ့ကြပါတယ်။ ၂၀၁၉ ခုနှစ်မှာ မြန်မာလူထုက ဒစ်ဂျစ်တယ်နည်းပညာတွေကို ဒီထက်ပိုပြီး အသုံးပြုလာကြမယ်လို့ ကျွန်တော်တို့ ယုံကြည်သလို ဒီလို ဒစ်ဂျစ်တယ်ခေတ်ကို ကူးပြောင်းတဲ့နေရာမှာ တယ်လီနောရဲ့ နောက်ဆုံးပေါ် ခေတ်မီဝန်ဆောင်မှုတွေ၊ ထုတ်ကုန်တွေက တစ်ဖက်တစ်လမ်းက ဆက်လက် ကူညီပေးနေမှာပါ။ မြန်မာနိုင်ငံတဝန်းက အသုံးပြုသူတွေကို အကောင်းမွန်ဆုံး သုံးစွဲမှုအတွေ့အကြုံတွေ ဆက်လက်ပေးအပ်သွားနိုင်ဖို့နဲ့ နိုင်ငံတကာနဲ့ဆက်သွယ်ချိတ်ဆက်နိုင်ဖို့အတွက် တယ်လီနော အနေနဲ့ အကောင်းဆုံး ဆက်လက်ကြိုးစားသွားမှာဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ အမှုဆောင် အရာရှိချုပ် ဖြစ်သူ Sharad Mehrotra က ပြောကြားသည်။

တယ်လီနောမြန်မာသည် 4G/LTE ဝန်ဆောင်မှုများအား ၂၀၁၇ ခုနှစ်၊ ဇွန်လတွင် စတင်ပေးအပ်ခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံတဝန်းရှိ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ အသုံးပြုသူပေါင်း ၁၈ သန်းကျော်အား ၎င်း၏ 2G၊ 3G နှင့် 4G ကွန်ရက်များဖြင့် ဝန်ဆောင်မှုများ ပေးအပ်လျှက်ရှိသည်။ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်းတွင် တယ်လီနော မြန်မာ၏ 4G/LTE ကွန်ရက်သည် မြို့နယ်ပေါင်း ၃၀၀ ကျော် (တစ်နိုင်ငံလုံးရှိ မြို့နယ်အားလုံး၏ ၉၀ ရာခိုင်နှုန်း) အထိ လွှမ်းခြုံ ထားနိုင်ခဲ့သည်။ မကြာသေးမီကလည်း တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတွင် VoLTE ဝန်ဆောင်မှုအား စတင် ပေးအပ်ခဲ့ပြီး ၎င်း၏ 4G/LTE အသုံးပြုသူများအတွက် မည်သည့် အနေအထားတွင်မှ အရည်အသွေး လျော့ကျ မသွားနိုင်သည့် ကြည်လင်ပြတ်သားသော အရည်အသွေးမြင့် ဖုန်းခေါ်ဆိုမှုဝန်ဆောင်မှုများအား စတင်ပေးအပ်ခဲ့သည်။
 

မီဒီယာများ ဆက်သွယ်ရန်

ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
shweyinn.maroo@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share