Press Release

ဒစ်ဂျစ်တယ်နည်းပညာ သင်တန်းများ အခမဲ့ ပို့ချမည့် တယ်လီနော အလင်းအိမ်စင်တာများ ချင်းပြည်နယ်တွင် ပထမဆုံးဖွင့်လှစ်

30 April, 2018 - Yangon

  • မင်းတပ်၊ မတူပီနှင့် ကန်ပက်လက်ရှိ ဒေသနေ လူငယ်လူရွယ်များအတွက် အခမဲ့ ဒစ်ဂျစ်တယ်နည်းပညာ သင်တန်းများ ဖွင့်လှစ်သွားမည်
  • နိုင်ငံတစ်ဝှမ်း ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးတွင် တယ်လီနော၏ အလင်းအိမ်စင်တာများ ဖွင့်လှစ်ထားပြီး ဖြစ်ကာ ယခုနှစ်အတွင်း ကျောင်းသူ/သား လူငယ်လူရွယ် ၅၀,၀၀၀ ကို ထပ်မံ သင်ကြားပေးရန် ဦးတည်

တယ်လီနောမြန်မာ၏ အလင်းအိမ်စင်တာများကို ယခုရက်သတ္တပတ် အတွင်း ချင်းပြည်နယ်တွင် ပထမဆုံးဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သောကြောင့် ယခုအခါ မြန်မာနိုင်ငံအနှံ့ တိုင်းဒေသကြီး နှင့် ပြည်နယ်အားလုံးတွင် အလင်းအိမ်စင်တာများ ဖွင့်လှစ်ထားနိုင်ပြီဖြစ်သည်။ နောက်ဆုံးဖွင့်လှစ်လိုက်သည့် စင်တာများ အပါအဝင် အလင်းအိမ်စင်တာ စုစုပေါင်း ၆၂ ခုက နိုင်ငံတလွှား ဒစ်ဂျစ်တယ်တတ်မြောက်မှု တိုးတက်ရေး အတွက် သင်တန်းများ စီစဉ်ပို့ချပေးနေကြပြီဖြစ်သည်။

ချင်းပြည်နယ် မင်းတပ်နှင့် မတူပီမြို့များတွင် အလင်းအိမ်စင်တာ တစ်ခုစီကို ဧပြီလနောက်ဆုံးပတ်တွင် ဖွင့်လှစ်ခဲ့ ပြီး ကန်ပက်လက်မြို့တွင် မေလအတွင်း ဖွင့်လှစ်သွားရန် စီစဉ်ထားပြီးဖြစ်သည်။ အလင်းအိမ်ဒစ်ဂျစ်တယ် နည်းပညာအစီအစဉ် စတင်ခဲ့သည့် ၂၀၁၄ ခုနှစ်မှ ယနေ့အထိ ကျောင်းသားကျောင်းသူပေါင်း ၁၀၀,၀၀၀ ကို သင်တန်းပို့ချပေးခဲ့ပြီးဖြစ်ကာ ယခုနှစ် မကုန်ခင် နောက်ထပ် ၅၀,၀၀၀ ကို ထပ်မံသင်ကြားပေးနိုင်ရန် ရည်မှန်း ထားသည်။

“မြန်မာနိုင်ငံမှာ ကျေးလက်နဲ့မြို့ပြ နည်းပညာကွာဟချက်ကို လျော့ချနိုင်ဖို့ ရည်မှန်းပြီး အလင်းအိမ်ဒစ်ဂျစ်တယ် နည်းပညာ အစီအစဉ်ကို ရည်ရွယ်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ပြည်နယ်နဲ့တိုင်းဒေသကြီးအားလုံးအနက် လူဦးရေအကျဲပါးဆုံး ပြည်နယ်တွေထဲကတစ်ခုဖြစ်တဲ့ ချင်းပြည်နယ်မှာဆိုရင် ကျေးလက်လူဦးရေက ၈၀% နီးပါး ရှိတယ်လို့ သိရပါတယ်။ ဝေးလံခေါင်သီပြီး သွားလာရခက်ခဲတဲ့ ဒေသမှာ နေထိုင်တဲ့သူတွေ ဒစ်ဂျစ်တယ် တတ်ကျွမ်းမှုတွေ ပိုမိုတိုးတက်လာစေနိုင်ဖို့ အလင်းအိမ်အစီအစဉ်က အထောက်အကူပြုနိုင်ပြီဖြစ်လို့ တကယ်ကို ဝမ်းမြောက်မိပါတယ်။ ပိုမိုအားကောင်းတဲ့ ဆက်သွယ်ချိတ်ဆက်မှုနဲ့ နည်းပညာတတ်ကျွမ်းနားလည်မှုတွေက ချင်းပြည်နယ်နေ ပြည်သူတွေအတွက် အခုထက်ပိုတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်လိမ့်မယ်လို့ တယ်လီနောက ခိုင်ခိုင်မာမာ ယုံကြည်ထားပါတယ်” ဟု တယ်လီနောမြန်မာ၏ ရေရှည်တည်တံ့သော လုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာကဏ္ဍ တာဝန်ခံ ဦးမင်းသူက ပြောကြားသည်။

နိုင်ငံတလွှားရှိ ကျေးလက်နေ ပြည်သူလူထု၏ ဒစ်ဂျစ်တယ်နည်းပညာတတ်ကျွမ်းမှု တိုးတက်လာစေရန် ရည်ရွယ်ပြီး အခြေခံကွန်ပျူတာနှင့် စမတ်ဖုန်းအသုံးပြုနည်း နှင့် ဘေးကင်းသောအင်တာနက်အသုံးပြုနည်းတို့ကို သင်ကြားပေးရန်အတွက် ဖွံ့ဖြိုးမှုအတွက်မြန်မာအိုင်စီတီအဖွဲ့ (MIDO) ၏ ပူးပေါင်းမှုဖြင့် တယ်လီနောက အလင်းအိမ်ဒစ်ဂျစ်တယ်နည်းပညာအစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ တယ်လီနောအလင်းအိမ် စင်တာများမှာ လူမှုစီးပွားရေးလုပ်ငန်းများအဖြစ် ဒေသခံလူမှုစွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ကာ ဒစ်ဂျစ်တယ်နှင့် သတင်းအချက်အလက်ဆိုင်ရာ သင်တန်းများအဖြစ် အများလက်လှမ်းမီနိုင်ပြီး စီးပွားရေးအရ လည်း ရေရှည်တည်တံ့နိုင်စေရန် စီမံလည်ပတ်နေခြင်းဖြစ်သည်။
မင်းတပ်မြို့တွင် အသစ်ဖွင့်လှစ်လိုက်သည့် အလင်းအိမ်စင်တာကို စီမံခန့်ခွဲနေသူ ကိုတင်ထွန်းဦးက “အခုလို ဒစ်ဂျစ်တယ်ခေတ်မှာ နည်းပညာအသစ်တွေကို လက်လှမ်းမီနိုင်ဖို့ဆိုတာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သာမက မြို့နေပြည်သူတွေအနေနဲ့ အနာဂတ်အခွင့်အလမ်းတွေအတွက် ပြင်ဆင်နိုင်ဖို့အတွက်ပါ အဓိကကျပါ တယ်။ ဒါကြောင့် အခုလိုအလင်းအိမ်စင်တာသစ်ဖွင့်နိုင်တာဟာ ချင်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ ကျွန်တော်တို့ မြို့လေးအတွက် ကြီးမားလှတဲ့ ခြေလှမ်းတစ်ခုလို့ ပြောလို့ရပါတယ်” ဟု ပြောကြားသည်။

ယခုနှစ် ဖေဖော်ဝါရီလက ချင်းအမျိုးသားနေ့၏ မြို့တော်ဟားခါးတွင် တယ်လီနော 4G ကို စတင်မိတ်ဆက် ခဲ့ပြီးဖြစ်သည်။ ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပိုမိုလက်လှမ်းမီလာခြင်းသည် ဒေသခံပြည်သူများ၏ ဘဝကို အဆင့်မြှင့်တင်ရာတွင် အထောက်အကူပြုသည်ဟု ယုံကြည်ထားသည့်အလျောက် ချင်းပြည်နယ်ရှိ မြို့နယ် ၉ ခု စလုံးတွင် 2G နှင့် 3G ဝန်ဆောင်မှုများ ပေးအပ်ထားပြီးဖြစ်ကာ 4G ဝန်ဆောင်မှုကိုလည်း မြို့နယ်များ တိုးချဲ့ ပေးနိုင်ရန် တယ်လီနောအနေဖြင့် ကြိုးပမ်းလျက်ရှိသည်။

ထို့အပြင် တယ်လီနောက ထုတ်ပြန်ထားသော ဒစ်ဂျစ်တယ်မြန်မာအစီရင်ခံစာတွင်လည်း ဒစ်ဂျစ်တယ် တတ် ကျွမ်းမှုများသည် အောင်မြင်သော ဒစ်ဂျစ်တယ်စီးပွားရေးတစ်ခု ထူထောင်ရာတွင် အဓိကအုတ်မြစ်ဖြစ်ကြောင်း တင်ပြထားပြီးဖြစ်သည်။ ထို့ကြောင့် မြန်မာ့ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ရေရှည်တည်တံ့သောနည်း လမ်းများဖြင့် အထောက်အကူပြုနိုင်ရန် သံဓိဋ္ဌာန်ချထားပြီး ယင်းမျှော်မှန်းချက်ကို အကောင်အထည်ဖော်ရာတွင် ယခုဆောင်ရွက်နေသည့် အလင်းအိမ် ဒစ်ဂျစ်တယ်နည်းပညာအစီအစဉ်မှာ အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်နေပေသည်။
လက်ရှိတွင် မြန်မာ့အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတစ်ဆင့် သုံးစွဲသူပေါင်း ၁၉ သန်းကျော်ကို မိုဘိုင်း ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသော တယ်လီနော မြန်မာအနေဖြင့် နိုင်ငံတလွှားရှိ မြို့ကြီးများနှင့် မြို့နယ်ပေါင်း ၁၄၀ နီးပါးကို မြန်မာ့အမြန်ဆုံး

4G ကွန်ရက်ဖြင့် ဖြန့်ကျက်ထားပြီးဖြစ်သည်။
ဒစ်ဂျစ်တယ် မြန်မာ အစီရင်ခံစာကို တယ်လီနောမြန်မာ ဝက်ဆိုက်တွင် ရယူနိုင်သည်။

Digital Myanmar Report can be downloaded here.

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : nyinyi.aung@telenor.com.mm

Yangon
My Telenor