Press Release

ထူးချွန်မြန်မာလူငယ်လေးဦးကို တယ်လီနောမှ MBA ပညာသင်ဆုများ ချီးမြှင့်

05 September, 2019 - Yangon

  • လျှောက်ထားသူ၄၀၀ကျော်အနက်မှအရည်အချင်းပြည့်ဝသောမြန်မာလူငယ်၄ဦးကိုတယ်လီနောMBA ပညာသင်ဆုအတွက် ရွေးချယ်
  • ၂၀၁၉ အပတ်စဉ်အတွက် ထူးချွန်လူငယ်လေးဦးမှ မဟာဗျူဟာမြောက် ဆက်သွယ်ရေးနှင့် နည်းပညာ စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့ (MBA) ပညာရပ်များကို လေ့လာသင်ယူသွားမည်ဖြစ်

တယ်လီနောမြန်မာနှင့် ဆွစ်ဇာလန်နိုင်ငံ၏ University of Business and International Studies နှင့်ချိတ်ဆက်ထားသည့် Myanmar Metropolitan College (MMC) တို့ ပူးပေါင်းပေးအပ်သော ဒုတိယအကြိမ်မြောက် တယ်လီနော စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့ (MBA) ပညာသင်ဆု အစီအစဉ်တွင် လျှောက်ထားသူ ၄၀၀ ကျော်အနက်မှ ထူးချွန်လူငယ် ၄ ဦးကို ရွေးချယ်ချီးမြှင့်လိုက်ပြီဖြစ်သည်။ အဆိုပါ အောင်မြင်စွာ ရွေးချယ်ခံရသည့် ထူးချွန်ကျောင်းသား ၄ ဦးသည် တယ်လီနော၏ အပြည့်အစုံထောက်ပံ့မှုဖြင့် ပုံမှန်သင်ရိုးညွှန်းတမ်း MBA ဘာသာရပ်များအပြင် မဟာဗျူဟာမြောက်အိုင်စီတီစီမံခန့်ခွဲမှုဆိုင်ရာ စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့ဘာသာရပ်အတွက် အလုံးစုံပညာသင်ဆုများကို လက်ခံရရှိသွားမည်ဖြစ်သည်။

ဒုတိယအကြိမ်မြောက် တယ်လီနော MBA ပညာသင်ဆုကို ဆွတ်ခူးရရှိသူ ကိုပိုင်ရာဇာစိုး၊ မသဲသဲယုခိုင်၊ ကိုရဲသီဟ နှင့် ကိုရဲနိုင်ဦးတို့သည် အင်ဂျင်နီယာနှင့် စီးပွားရေးဆိုင်ရာဘာသာရပ်များကို လေ့လာသင်ယူခဲ့ကြသူများဖြစ်သည်။ ၎င်းတို့ ၄ ဦးတို့သည် လာမည့် စက်တင်ဘာလ ၇ ရက်နေ့မှစတင်၍ MBA သင်တန်းများအား စတင်တက်ရောက်သွားမည်ဖြစ်သည်။

"ပညာသင်ဆုရရှိသွားသူအားလုံးက တကယ်ကို ထိုက်တန်ပါတယ်။ သူတို့အနေနဲ့ ဒီအခွင့်အရေးကို သူတို့အတွက်သာမကဘဲ နိုင်ငံအတွက်ပါ အကျိုးရှိအောင် အသုံးချမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ တယ်လီ‌နောမြန်မာအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်ခရီးစဉ်မှာ ပိုမိုခရီးပေါက်အောင် စွမ်းစွမ်းတမံကူညီပေးသွားမှာပါ။ ဒီ MBA သင်တန်းသားတွေက မြန်မာ့လူမှုအသိုင်းအဝိုင်းအတွက် တကယ်ကိုအဖိုးထိုက်တန်တဲ့သူတွေ ဖြစ်လာမယ်ဆိုတာ ယုံကြည်မှုအပြည့်ရှိပါတယ်" ဟု တယ်လီနောမြန်မာ၏ အထူးပရောဂျက်များနှင့် ရေရှည်တည်တံ့သောလုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာကဏ္ဍတာဝန်ခံ ကိုမင်းသူမှ ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ်တွင် စတင်သော ပထမဆုံး အလုံးစုံ ထောက်ပံ့မှုအပြည့်အဝရရှိသည့် တယ်လီနော MBA အစီအစဉ်သည် မြန်မာ ကျောင်းသား၊ ကျောင်းသူများ ကွန်ဆက်သွယ်ရေးကဏ္ဍအပြင် ပင်ကိုစွမ်းရည်များ တိုးတက်မှုကို အထောက်အပံ့ ဖြစ်စေရန် မျက်မှောက်ခေတ် အသိပညာဗဟုသုတများနှင့် ကျွမ်းကျင်မှုများကို လက်တွေ့သင်ကြားပေးနိုင်ရန် ရည်ရွယ်သည်။ ထိုပညာရပ်များကို နိုင်ငံပေါင်းစုံ၊ စျေးကွက်ပေါင်းစုံတို့တွင် အတွေ့အကြုံများစွာရှိသော တယ်လီနော၏ ဝါရင့်ကျွမ်းကျင်ပညာရှင်များမှ လက်ဆင့်ကမ်းပညာအမွေအဖြစ် သင်ကြားပို့ချသွားမည်ဖြစ်သည်။ ၂၀၁၈ ခုနှစ် တယ်လီနော MBA ပညာသင်ဆု ရရှိထားသော ကျောင်းသားကျောင်းသူများသည် Myanmar Metropolitan College (MMC) တွင် ၎င်းတို့၏ ပထမစာသင်နှစ်အောင်မြင်စွာ သင်ယူလေ့လာမှုပြီးဆုံးသည့်အတွက်လည်း တယ်လီနောမြန်မာမှ ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ထုတ်ဖော်ပြောကြားခဲ့သည်။

တယ်လီနော MBA ပညာသင်ဆုအတွက် ရွေးချယ်ခံထားရသူ ထူးချွန်စက်မှုအင်ဂျင်နီယာလူငယ် ကိုပိုင်ရာဇာစိုးမှ “သာမန် MBA တစ်ခုကို တက်ဖို့ဆိုရင်တောင် ငွေရေးကြေးရေးပိုင်းဆိုင်ရာ အရမ်းများပါတယ်။ တယ်လီနောလို နိုင်ငံခြားဆက်သွယ်ရေးကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံကိုလာရောက်ပြီး လူငယ်တွေ အကျိုးရှိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပေးအပ်တဲ့ တယ်လီနော ပညာသင်ဆုကို ရတဲ့အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့ အိပ်မက်တွေ အကောင်အထည်ဖော်ခွင့်ရသွားပြီလို့ ပြောချင်ပါတယ်” ဟု ပြောကြားခဲ့ပါသည်

တယ်လီနောမြန်မာနှင့် Myanmar Metropolitan College (MMC) တို့သည် မြန်မာကျောင်းသူကျောင်းသားများအား MBA ပညာသင်ဆုများ ပေးအပ်နိုင်ရေး သဘောတူညီမှုစာချွန်လွှာကို ဇွန်လ၊ ၂၀၁၈ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ ပညာသင်ဆုအတွက် တက္ကသိုလ်တွင် ထူးချွန်ပြီး ရမှတ်ကောင်းများဖြင့် အိုင်စီတီနည်းပညာကို ရေရှည်နည်းလမ်းအဖြစ်အသုံးချကာ စီးပွားရေးလုပ်ငန်း၊ လူမှုရေးလုပ်ငန်းနှင့် အများနှင့်သက်ဆိုင်သော အဖွဲ့အစည်းများတည်ထောင်ရာတွင် ပါဝင်လိုစိတ်ပြင်းပြလျက် ပညာသင်အထောက်အပံ့လိုအပ်သူ မြန်မာနိုင်ငံသားမည်သူမဆို ပါဝင်လျှောက်ထားနိုင်မည်ဖြစ်သည်။

တယ်လီနောမြန်မာသည်လုပ်ငန်းစတင်ဆောင်ရွက်သည့် ၂၀၁၄ ခုနှစ် မှစ၍ လူမှုအကျိုးပြုစီမံကိန်း (၁၁) ခု အားလုပ်ကိုင်ပေးခဲ့ပြီးဖြစ်သည်။ ၎င်းတို့အနက် ဒစ်ဂျစ်တယ်နည်းပညာနှင့် ဘေးကင်းသော အင်တာနက်စီမံကိန်း အပါအဝင် အခြားလူမှုအကျိုးပြု စီမံကိန်းများလည်းပါဝင်ပြီး ထိုစီမံကိန်းများမှတဆင့် လူပေါင်း (၁) သန်းကျော်ကို ယနေ့အချိန်တွင် အကျိုးဖြစ်ထွန်းစေခဲ့ပြီး ဖြစ်သည်။ တယ်လီနောမြန်မာနှင့် Plan International တို့သည် မြန်မာ့ ပထမဦးဆုံး တစ်နိုင်ငံလုံးဆိုင်ရာ ဘက်စုံဘေးကင်းလုံခြုံသော စာသင်ကျောင်းများစီမံကိန်း၏ အစိတ်အပိုင်းအဖြစ် ဒစ်ဂျစ်တယ်နည်းပညာ၊ ဘေးကင်းသည့်အွန်လိုင်းအသုံးပြုမှုနှင့် ကျင်လည်မှုစီမံကိန်းကို ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အဆိုပါစီမံကိန်းမှ အသက် ၁၀ နှစ်မှ ၁၈ နှစ်ကြား မြန်မာလူငယ်ပေါင်း ၇၄၀,၀၀၀ အား အကျိုးသက်ရောက်စေမည်ဖြစ်သည်။

တယ်လီနောမြန်မာအကြောင်း

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်စျေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများအား ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှ စတင်ပေးအပ်လျက်ရှိပြီး လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတဆင့် အကောင်းမွန်ဆုံးသော သုံးစွဲမှု အတွေ့အကြုံများအား ပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာသည် နိုင်ငံတဝန်းရှိ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၈,၆၀၀ ကျော်ဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူပေါင်း ၁၉ သန်းကျော်ထံသို့ ၎င်း၏ 2G၊ 3G နှင့် 4G ကွန်ရက်များဖြင့် ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေတာများအနက်တစ်ခုဖြစ်ပြီး စကင်ဒီနေးဗီးယန်းဒေသနှင့် အာရှတိုက်တဝန်းတွင် အသုံးပြုသူပေါင်း ၁၇၈ သန်းကျော်အား ပိုင်ဆိုင်ထားကာ စီးပွားရေးလုပ်ငန်းများကို တာဝန်သိစွာ ဆောင်ရွက်ရန် ရည်သန်ထားပြီး လူမှုပတ်ဝန်းကျင် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဦးတည်ဆောင်ရွက်နေသည့် လုပ်ငန်းစုဖြစ်သည်။

တယ်လီနောလုပ်ငန်းစုအကြောင်းပိုမိုသိရှိလိုပါကhttps://www.telenor.comတွင်ဝင်ရောက်ကြည့်ရှုနိုင်သည်။

မီဒီယာများဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
Khinnuyin.myint@telenor.com.mm
တယ်လီနောမြန်မာ

မေစန္ဒီအေး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
maysandy.aye@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share