Press Release

တယ်လီနော 4G ကွန်ရက် နိုင်ငံ၏ ၇၅ ရာခိုင်နှုန်းကျော်ကို လွှမ်းခြုံထားနိုင်

19 September, 2018 - Yangon

  • လက်ရှိတွင် ဆုတံဆိပ်များ ဆွတ်ခူးရရှိထားသည့် တယ်လီနော၏ 4G/LTE ကွန်ရက်သည် ပဲခူး၊ ကရင်၊ ဧရာဝတီ၊ မွန်နှင့် တနင်္သာရီ ဒေသများရှိ မြို့နယ်များအပါအဝင် နိုင်ငံတဝန်းရှိ မြို့နယ်ပေါင်း ၂၅၅ မြို့နယ်အား လွှမ်းခြုံထား
  • ၂၀၁၈ ခုနှစ် နှစ်ကုန်တွင် မြို့နယ်ပေါင်း ၃၀၀ နီးပါးအား 4G/LTE ကွန်ရက်ဖြင့် လွှမ်းခြုံသွားနိုင်ရန် ရည်ရွယ်ကြိုးပမ်းနေ

ဆုတံဆိပ်များ ဆွတ်ခူးရရှိထားသော တယ်လီနောမြန်မာ၏ 4G/LTE ကွန်ရက်အား နိုင်ငံတစ်ဝန်း တိုးချဲ့ပေးအပ်နိုင်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် မြန်မာနိုင်ငံ၏ ၇၅ ရာခိုင်နှုန်းကျော်အထိ လွှမ်းခြုံထားနိုင်ခဲ့ပြီဖြစ်သည်။ တယ်လီနော၏ 4G/LTE ကွန်ရက်သည် လက်ရှိတွင် မြို့နယ်ပေါင်း ၂၅၅ မြို့နယ်ကို လွှမ်းခြုံထားပြီး ၂၀၁၈ ခုနှစ် နှစ်ကုန်တွင် မြို့နယ်ပေါင်း ၃၀၀ နီးပါးကို လွှမ်းခြုံ နိုင်ရန် ဆက်လက် ရည်ရွယ်လုပ်ဆောင်လျက် ရှိသည်။

တယ်လီနောမြန်မာ၏ 4G/LTE ကွန်ရက်အား ပဲခူးတိုင်းတွင် ဒိုက်ဦး၊ ကဝ၊ ကျောက်တံခါး၊ ညောင်လေးပင်၊ ရွှေကျင်၊ သနပ်ပင်၊ ဝေါ၊ ကျောက်ကြီး၊ ဖြူးနှင့် ရေတာရှည်၊ ကရင်ပြည်နယ်တွင် လှိုင်းဘွဲ့နှင့် သံတောင်ကြီး၊ ဧရာဝတီတိုင်းတွင် မအူပင်၊ ကျိုက်လတ်၊ ပန်းတနော်၊ ပုသိမ်၊ မြောင်းမြ၊ အိမ်မဲ၊ ငပုတော၊ သာပေါင်းနှင့် ဝါးခယ်မ၊ မွန်ပြည်နယ်တွင် ချောင်းဆုံ၊ တနင်္သာရီတိုင်းတွင် သရက်ချောင်း တို့တွင် မကြာသေးမီက အသီးသီး ထပ်မံတိုးချဲ့ လွှမ်းခြုံနိုင်ခဲ့သည့် အတွက် အဆိုပါဒေသများရှိ အသုံးပြုသူများအနေနှင့် တယ်လီနောမြန်မာ၏ စျေးနှုန်း အသက်သာဆုံးနှင့် ဆန်းသစ်မှု အရှိဆုံး 4G ဝန်ဆောင်မှုများအား ရရှိခံစားနိုင်တော့မည် ဖြစ်သည်။

“တယ်လီနောရဲ့ ကွန်ရက်ချဲ့ထွင်မှုကို အရှိန်အဟုန်မြှင့်လိုက်တဲ့နောက် ၂၀၁၈ ခုနှစ်အတွင်း မြို့နယ်ပေါင်း ၂၅၀ ကို အရည်အသွေးမြင့် 4G/LTE ကွန်ရက်လွှမ်းခြုံနိုင်ဖို့ဆိုတဲ့ ရည်မှန်းချက်က မျှော်မှန်းထားတာထက် ၃ လလောက် စောပြီး ပြည့်မီသွားခဲ့ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံက ပြည်သူတွေ အရည်အသွေးမြင့်အင်တာနက်ကို ပိုပြီး သုံးစွဲစေလိုတဲ့ ဆန္ဒနဲ့ ဒီနှစ်မှာ ကွန်ရက်ကို အမြန်ဆုံးတိုးချဲ့လွှမ်းခြုံဖို့ ဆုံးဖြတ်ပြီး လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံက တယ်လီနော အသုံးပြုသူတွေအနေနဲ့ 4G/LTE ကွန်ရက်ကို လက်လှမ်းမီလာပြီး တယ်လီနောရဲ့ ကမ္ဘာ့အဆင့်မီ ဝန်ဆောင်မှုတွေကို ရယူအသုံးပြုနိုင်တော့မှာဖြစ်လို့ ကျွန်တော့်အနေနဲ့ အရမ်းကို ဝမ်းမြောက်မိပါတယ်” ဟု တယ်လီနော မြန်မာ၏ စျေးကွက်ဖော်ဆောင်ရေးအရာရှိချုပ်ဖြစ်သူ Amaresh Kumar က ပြောကြားသည်။

ထိုသို့ နိုင်ငံတစ်ဝန်းတွင် 4G/LTE ကွန်ရက်တိုးချဲ့ ဖြန့်ကျက်မှုများအား အရှိန်အဟုန်မြင့် ဆောင်ရွက်နေသည့် နည်းတူ တစ်ဖက်တွင်လည်း ကွန်ရက်အရည်အသွေး ကောင်းမွန်မှု ရှိစေရန်အတွက် တယ်လီနောမြန်မာ၏ ကွန်ရက်ဆိုင်ရာ ကိုယ်စားလှယ်သည်လည်း နိုင်ငံတစ်ဝန်း လှည့်လည်သွားလာ၍ ကွန်ရက်အရည်အသွေး တိုင်းတာစစ်ဆေးခြင်း၊ အသုံးပြုသူများနှင့် တွေ့ဆုံခြင်းတို့အား ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်သည်။

“နိုင်ငံအနှံ့ ကွန်ရက်အရည်အသွေးတိုင်းတာစစ်ဆေးတဲ့ လုပ်ဆောင်ချက်ကို မြန်မာနိုင်ငံမှာဆို ပထမဆုံးနဲ့တစ်ဦးတည်း လုပ်ဆောင်နေခဲ့တာပါ။ ကွန်ရက်အရည်အသွေးကို တိုင်းတာစစ်ဆေးနိုင်မယ့် အဆင့်မြင့်နည်းပညာတွေနဲ့ ကိရိယာ တွေ အထူးတပ်ဆင်ထားတဲ့ကားနဲ့ နိုင်ငံအနှံ့ခရီးသွားပြီး တိုင်းတာတာလည်း ဖြစ်ပါတယ်။ ဒီနည်းအားဖြင့် ကွန်ရက် ချဲ့ထွင်ခြင်းနဲ့ တပြိုင်နက် ကွန်ရက်အရည်အသွေးက ဒီနိုင်ငံမှာ အကောင်းဆုံးဖြစ်နေအောင် ထိန်းသိမ်းထားသလို သုံးစွဲသူတွေနဲ့လည်း နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံနေပါတယ်” ဟု တယ်လီနောမြန်မာ၏ ကွန်ရက်ဆိုင်ရာ ကိုယ်စားလှယ် Leo မြတ်သူရက ပြောသည်။

တယ်လီနောမြန်မာသည် ၎င်း၏ 4G/LTE ဝန်ဆောင်မှုများအား ၂၀၁၇ ခုနှစ်၊ ဇွန်လတွင် စတင်ပေးအပ်ခဲ့ပြီး လက်ရှိ တွင် နိုင်ငံတွင်းအကျယ်ပြန့်ဆုံး 4G ကွန်ရက်မှတဆင့် အကောင်းမွန်ဆုံး သုံးစွဲမှု အတွေ့အကြုံများအား အသုံးပြုသူများ ထံ ပေးအပ်လျက်ရှိသည်။ ထို့အပြင် တယ်လီနောသည် လက်ရှိတွင် နိုင်ငံတစ်ဝန်း၌ ဆက်သွယ်ရေး တာဝါတိုင်ပေါင်း ၈,၀၀၀ ကျော်ပိုင်ဆိုင်ထားပြီး မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီး၌ အသုံးပြုသူပေါင်း ၁၉ သန်းကျော် ကို ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ ၂၀၁၇ ခုနှစ်၊ ဒုတိယနှစ်ဝက်၌ အသုံးပြုသူများကိုယ်တိုင် မိုဘိုင်းနှင့် ဝက်ဘ်ဆိုက်မှတဆင့် စမ်းသပ်ထားသည့် အမြန်နှုန်းစစ်ဆေးမှု အကြိမ်ရေ သန်းပေါင်းများစွာကို အခြေခံထားသော ရလဒ်များအရ Ookla က ပေးအပ်သော အမြန်ဆုံး 4G ကွန်ရက်ဆု Ookla’s Speedtest Award ကို တယ်လီနော မြန်မာက ၂၀၁၇ ခုနှစ်၊ ဧပြီလအတွင်း ဆွတ်ခူးရရှိခဲ့သည်။

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်စျေးနှုန်းဖြင့် လွယ်ကူစွာရယူနိုင်သည့် မိုဘိုင်း ဆက်သွယ် ရေး ဝန်ဆောင်မှုများအား ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှ စတင်ပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာ၏ မိခင် လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးမားဆုံးသော မိုဘိုင်းအော်ပရေတာများအနက် တစ်ခု ဖြစ်ပြီး စကင်ဒီနေးဗီးယားဒေသနှင့် အာရှတိုက်တစ်ဝန်းတွင် အသုံးပြုသူပေါင်း ၁၇၂ သန်းကျော် ပိုင်ဆိုင်ထားကာ စီးပွားရေးလုပ်ငန်းများကို တာဝန်သိစွာ ဆောင်ရွက်ရန် ရည်သန်ထားသည့်၊ လူမှုပတ်ဝန်းကျင် ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရန် ဦးတည်ဆောင်ရွက်နေသည့် လုပ်ငန်းစုတစ်ခု ဖြစ်သည်။

မီဒီယာများဆက်သွယ်ရန်

ရွှေယင်းမာဦး 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : shweyinn.maroo@telenor.com.mm

Yangon
My Telenor