Press Release

တယ်လီနော သုံးစွဲသူများ၏ လှုဒါန်းမှုများအား မြန်မာနိုင်ငံအတွင်းရှိ လူငယ်များအား အားပေး ကူညီ မှုများ ပြုလုပ်ရာတွင် အသုံးပြုသွားမည်

21 December, 2016 - Yangon

  • ဝေးလံခေါင်ဖျား ဒေသများမှ ဘွဲ့ရခါစ လူငယ် ၉၀၀ အား သင်တန်းပို့ချမှုများ ပြုလုပ်သွားရန် ရည်ရွယ် 

 

တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”)၊ ၎င်း၏ ပြည်တွင်း မိတ်ဘက် အဖွဲ့အစည်းတစ်ခု ဖြစ်သော Network Activities Group (NAG) နှင့် အစိုးရ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တို့ ပူးပေါင်းကာ မြန်မာနိုင်ငံ တစ်ဝန်းရှိ လူငယ်များအား အားပေးကူညီနိုင်ရန် ရည်ရွယ်သော စွမ်းဆောင်ရည်မြှင့် သင်တန်း များအား ဖွင့်လှစ်ပေးလျက် ရှိပါသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံကိန်း စီမံခန့်ခွဲမှုရေးရာများကို အဓိကဦးတည် သင်ကြားပေးသွားမည့် အဆိုပါ သင်တန်းများအနေနှင့် လူငယ်များအား ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်မှုများတွင် ပါ၀င်လုပ်ကိုင် ဆောင်ရွက် နိုင်စေရန် လိုအပ်သည့် အရည်အသွေးများကို အဆင်သင့် ဖြစ်နေစေရန် ကူညီသွားခြင်းဖြင့် မြန်မာနိုင်ငံ အတွင်းရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးကူညီသွားရန် ရည်ရွယ်ပါသည်။

ဒီဇင်ဘာလ ၂၇ ရက်တွင် ပြီးဆုံးမည်ဖြစ်သော တစ်လကြာမြင့်မည့် ပထမအသုတ် သင်တန်းတွင် လူငယ်ပေါင်း ၃၀ခန့် တက်ရောက်နေကြပြီ ဖြစ်သည်။ ဇန်န၀ါရီလတွင် စတင်မည့် ဒုတိယအသုတ် သင်တန်းအတွက် လျှောက်လွာများကို ယခု စတင်လက်ခံနေပြီ ဖြစ်သည်။ ၃နှစ်တာကာလအတွင်း သင်တန်း စုစုပေါင်း ၃၀ ကို ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်သည်။ အဆိုပါသင်တန်းတွင် သင်ကြားပေးမည့် အကြောင်းအရာများမှာ စီမံကိန်း စီမံခန့်ခွဲမှု၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သီအိုရီနှင့် အယူအဆများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုနှင့် စီမံခန့်ခွဲမှု၊ သဘာဝ သယံဇာတ ထိန်းသိမ်းစောင့်ရှောက်မှု၊ စီးပွားရေးပေါ် သက်ရောက်သော နိုင်ငံရေးရာများကို ဆန်းစစ်လေ့လာမှု၊ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု၊ သဘာ၀ ဘေးအန္တရာယ် လျှော့ချမှုနှင့် ပြန်လည်နေရာချထားမှု၊ ဆက်သွယ်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု များပါ၀င်သည်။

အဆိုပါ သင်တန်းပို့ချမှု အစီအစဉ်အား တယ်လီနောမြန်မာ၏ ၂ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် စက်တင်ဘာလ နှောင်း ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သော “stronger2gether” လှုုဒါန်းမှု အစီအစဉ်တွင် ပါဝင်ခဲ့ကြသည့် တယ်လီနော သုံးစွဲသူများ၏ လှုုဒါန်းမှု တစ်ချို့တစ်ဝက်ဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။ အောက်တိုဘာလအတွင်းတွင် သုံးစွဲသူများ၏ ကိုယ်စား တယ်လီနော သည် မြန်မာကျပ်သန်း ၁၇၀ ကျော် (တယ်လီနော သုံုးစွဲသူ ၁၇ သန်းမှ တစ်ဦးလျှင် ၁၀ ကျပ်) အား သတ်မှတ်ထားသော လူမှုအဖွဲ့အစည်းသုံးခုအား လှုဒါန်းပေးခဲ့သည်။

NAG သည် အဆိုပါ အဖွဲ့အစည်း သုံးခုတွင် တစ်ခု အပါအဝင်ဖြစ်ပြီး သုံးစွဲသူများ မဲပေးရွေးချယ်မှု အပေါ်မူတည်၍ လှုဒါန်းငွေ မြန်မာကျပ် ၂၂.၁ သန်း အား လက်ခံရရှိခဲ့သည်။ အခြားသော အဖွဲ့အစည်း နှစ်ခုမှာ ဆည်းဆာရိပ် ဂိလာန ဘိုးဘွားရိပ်သာနှင့် မန္တလေး တိုင်း ဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာန လက်အောက်ရှိ ကလေးပြုစုရေးဌာနနှင့် အမျိုးသမီး ကလေးများသင်တန်းကျောင်းတို့ ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ လှူဒါန်းမှုအစီအစဉ်ဟာဆိုရင် တယ်လီနော သုံးစွဲသူများကို ကျေးဇူးတင်တဲ့အနေနဲ့ လူထုအဖွဲ့အစည်းကို ပြန်လည်ပေးဆပ်ခြင်း ဖြစ်ပါတယ်။ တယ်လီနောသုံးစွဲသူတွေရဲ့ လှူဒါန်းမှု တစ်စိတ်တစ်ပိုင်းကို သုံးနှစ်တာကာလအတွင်း ဖွင့်လှစ်သင်ကြားပေးသွားမယ့် သင်တန်းတွေတက်ရောက်ဖို့ ကျေးလက်ဒေသမှာရှိတဲ့ လူငယ်ပေါင်း ၉၀၀ ခန့်အတွက် ပညာသင်ဆုတွေအဖြစ် ပေးအပ်သွားမှာ ဖြစ်ပါတယ်။ အခု ဖွင့်လှစ်သင်ကြားပေးသွားမယ့် သင်တန်း အစီအစဉ်တွေ ကနေတဆင့် လူငယ်တွေအတွက် ရေရှည် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုများပြားလာစေဖို့ အထောက်အကူ ဖြစ်အောင် ကျေးလက်ဒေသ ဖွံ့ဖြိုးမှုဆိုင်ရာ ဗဟုသုတတွေ၊ ညှိနှိုင်းစီမံဆောင်ရွက်မှုပုံစံတွေ၊ စီမံကိန်း စီမံခန့်ခွဲမှုတွေကို သင်ကြား ပေးသွားမှာ ဖြစ်ပါတယ်။“ ဟု တယ်လီနောမြန်မာမှ Head of Business Sustainability ဖြစ်သူ ဦးမင်းသူက ပြောကြားသည်။

တယ်လီနောနှင့် NAG တို့၏ ၂၀၁၆ ခုနှစ်အတွင်း အရေးပေါ် ကူညီကယ်ဆယ်မှုများ အတွက် ပူးပေါင်းဆောင်ရွက်မှု

တာဝန်သိ မိုဘိုင်းဆက်သွယ်ရေး လုပ်ငန်းတစ်ခုဖြစ်သည့် တယ်လီနောသည် သဘာဝဘေးဒဏ် ခံစားရသော ပြည်သူ များကို ရှေ့ဆုံးမှ ပါဝင်ကူညီထောက်ပံ့လျက်ရှိပြီး အဆိုပါ လူသားချင်း စာနာထောက်ထားမှု အကူအညီများအား NAG မှတစ်ဆင့် ပေးအပ်နေသည်။ ၂၀၁၆ ခုနှစ် ဂျူလိုင်လ အစောပိုင်းက စတင်၍ တယ်လီနောအနေနှင့် ရခိုင်ပြည်နယ် အတွင်းရှိ ရေဘေးသင့် ပြည်သူ ၂၇,၀၀၀ နီးပါးအတွက် အရေးပေါ်စားသောက်ကုန်များ၊ သောက်ရေနှင့် ငွေကြေး အထောက်အပံ့များအား ပေးအပ်ခဲ့သည်။ တယ်လီနောသည် ရခိုင်ပြည်နယ်အတွင်းရှိ ရေဘေးသင့်သူများ အတွက် မြန်မာကျပ် ၈၆.၄ သန်းအား ပေးအပ်ကူညီခဲ့ပြီး မင်းပြား၊ ကျောက်တော်နှင့် မြောက်ဦးမြို့နယ် များအတွင်းရှိ ကျေးရွာပေါင်း ၆၂ ရွာအတွက် ကူညီထောက်ပံ့မှုများအား NAG မှတဆင့် ပေးအပ်ခဲ့သည်။

၂၀၁၆ ခုနှစ် သြဂုတ်လတွင် တယ်လီနောအနေနှင့် မြစ်ရေကြီးမှုများကြောင့် ရေလွှမ်းမိုးမှုများ ကြုံတွေ့နေရသော မန္တလေး၊ မကွေး နှင့် ပဲခူးတိုင်း ဒေသကြီးများရှိ ရေဘေးသင့် ပြည်သူ အနည်းဆုံး ၃၀,၀၀၀ အတွက် ကူညီထောက်ပံ့ငွေ ကျပ် ၁၆၃.၄၉ သန်း အား ပေးအပ်ကူညီခဲ့သည်။ ယခုနှစ် မိုးဦးရာသီကာလတွင် ကြုံတွေ့ခဲ့ရသည့် ရေဘေးသင့်မှုများအတွက် ဒုတိယအကြိမ်မြောက် ကူညီထောက်ပံ့မှုများအား NAG မှတစ်ဆင့်ပင် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင်
ကော်ပိုရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ 
တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor