တယ်လီနော၏ Supply Chain တွင် လုပ်သားကျန်းမာရေးနှင့် လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှု အဆင့်အတန်းတိုးတက်၊ ကလေးအလုပ်သမားအသုံးပြုမှု သိသာစွာလျော့ကျ

30 December, 2016 - Yangon

 တယ်လီနောမြန်မာလီမိတက် (“တယ်လီနော) ၏ နှစ်ကုန်စိစစ်ချက်များအရ ၎င်း၏ မြန်မာနိုင်ငံအတွင်းရှိ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကိုထောက်ပံ့မှု လုပ်ငန်းစဉ် (Supply Chain) တစ်လျောက်တွင် ကလေးငယ်နှင့် အသက်မပြည့်မှီသေးသည့် အလုပ်သမား ခိုင်းစေမှု များလွန်စွာည နည်းပါးခဲ့ပြီး လုပ်သားကျန်းမာရေးနှင့် လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး ဆိုင်ရာ စံချိန်စံနှုန်းများ သိသိသာသာ တိုးတက် ကောင်းမွန်လာ ကြောင်းတွေ့ရှိခဲ့ရပါသည်။

“ကျွန်တော်တို့ကို ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေ ပေးအပ်တဲ့ လုပ်ငန်းတွေမှာ တယ်လီနောရဲ့သင်တန်းတွေကို တက်ရောက်ပြီးတဲ့ သူတွေ များလာတဲ့ အလျောက် တယ်လီနောရဲ့ လုပ်ငန်းခွင်ဆိုင်ရာ ကျန်းမာရေး၊ ဘေးကင်းရေး၊ ပတ်ဝန်းကျင်နဲ့ ကလေးလုပ်သား ခန့်အပ်မှု လိုအပ်ချက်တွေကို ပိုမို သိရှိ နားလည် လာကြတာမှမို့ သိသာထင်ရှားတဲ့ တိုးတက်မှုတွေကို ဒီနှစ်မှာ တွေ့ရှိရပါတယ်။ တယ်လီနောကို ပြည်တွင်း ကုန်ပစ္စည်း/၀န်ဆောင်မှု တင်သွင်းတဲ့ လုပ်ငန်းတွေက ကျွန်တော်တို့ရဲ့ စံချိန်စံညွှန်းတွေကို တင်းတင်းကြပ်ကြပ် လိုက်နာ ဆောင်ရွက် နေကြတဲ့ အတွက် အလွန်အားတက်မိပါတယ်။” ဟု တယ်လီနောမြန်မာ၏ Head of Business Sustainability ဖြစ်သူ ကိုမင်းသူက ပြောကြားသည်။

တယ်လီနောသည် ရှောင်တခင် စစ်ဆေးမှုများကို ၂၀၁၄ ခုနှစ် မေလကတည်းက စတင် လုပ်ဆောင်ခဲ့ပြီး ယခုအခါ စစ်ဆေးမှုပေါင်း ၁၀၀၀၀ ကြိမ်နီးပါးရှိခဲ့ပြီ ဖြစ်ပါသည်။ ယင်းသို့ စစ်ဆေးမှုများနှင့် သင်တန်းများ ပေးမှု၏ ရလဒ်အဖြစ် ဘေးကင်းလုံခြုံမှု အစီအမံမပါပဲ အမြင့်များတွင် အလုပ်လုပ်မှု၊ ဘေးမကင်းသည့် တူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်မှု၊ လုပ်ငန်းခွင်တစ်ခုတွင် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် တစ်ပြိုင်တည်း လုပ်ကိုင်ခွင့် မပြုသည့် တည်ဆောက်ရေး လုပ်ငန်းများကို ခွင့်မပြုပဲ လုပ်ကိုင်မှုနှင့် အသက်မပြည့်မီသေးသည့် အလုပ်သမားနှင့် ကလေးလုပ်သား ခိုင်းစေမှုများ သိသိသာ လျော့ကျလာခဲ့ပြီး သုံးလတစ်ကြိမ် နှိုင်းယှဉ်ချက်များအရ ၂၂% နှုန်းဖြင့် ပုံမှန် လျော့ကျလာခဲ့ပါသည်။ အဓိက ကုန်ပစ္စည်း/၀န်ဆောင်မှု တင်သွင်းသူများ၏ လုပ်ငန်းဆောင်ရွက်မှုများတွင်အထက်ပါ ရှာဖွေတွေ့ရှိမှုများကို လျော့နည်းသွားစေရန် အထူးအလေးပေး ဆောင်ရွက်မှုကြောင့်လည်း၂၀၁၅ မှ ၂၀၁၆ ခုနှစ်ကာလအတွင်း ယင်းလုပ်ငန်းများအကြား သတ်မှတ်ချက် များကို မလိုက်နာမှုနှုန်းမှာ ၅၇%အထိ လျော့ကျခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ကျန်းမာရေး၊ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး (HSSE) ဥပဒေမရှိသေးသည့်အတွက် တယ်လီနောအနေနှင့် ကုမ္ပဏီ၏ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကိုထောက်ပံ့မှု လုပ်ငန်းစဉ်များတွင် ကလေးငယ်နှင့် အသက်မပြည့်မှီသေးသောအလုပ်သမားများခိုင်းစေမှုများကိုလျော့နည်းပပျောက်စေရန်နှင့် နိုင်ငံတကာ HSSE စံချိန်စံနှုန်းများအတိုင်းလုပ်ကိုင်ဆောင်ရွက်ကာ မြန်မာနိုင်ငံအတွင်းအလုပ်ခွင်ဆိုင်ရာစံချိန်စံနှုန်းသတ်မှတ်မှုများအဆင့်မှီ မြင့်မားလာစေရန် အားပေးကူညီ ကြိုးပမ်းအားထုတ်လျက် ရှိပါသည်။ ယခုကဲ့သို့ HSSE စံချိန်စံနှုန်းများတိုးတက်ကောင်းမွန် လာမှု၏ အဓိကတွန်းအားမှာတယ်လီနောမြန်မာ၏ ကုန်ပစ္စည်း/၀န်ဆောင်မှုတင်သွင်းသူများနှင့် တစ်ဆင့်ခံကန်ထရိုက်လုပ်ငန်းများက နိုင်ငံတကာ HSSE နှင့် လုပ်သားဆိုင်ရာစံချိန်စံနှုန်းများအတိုင်းတက်စွမ်းသမျှ လိုက်နာဆောင်ရွက်ကြမှုကြောင့်ပင် ဖြစ်သည်။

“တယ်လီနောနဲ့ လက်တွဲဆောင်ရွက်တဲ့ ကုမ္ပဏီတစ်ခုအနေနဲ့ HSSE စံညွှန်းတွေကို သေချာလိုက်နာပါတယ်။ လုပ်သားအများအပြားဟာ စံချိန်စံညွှန်းတွေကို လိုက်နာမှုကြောင့် ရရှိမယ့် အကျိုးကျေးဇူးတွေကို သေချာမသိကြတာကြောင့် သူတို့ လိုက်နာလာအောင်လုပ်ရတာက ကြီးမားတဲ့ စိန်ခေါ်မှုတရပ်ပဲဖြစ်ပါတယ်။ အခုလို လုပ်ထုံးလုပ်နည်းတွေကို လိုက်နာဆောင်ရွက်လာကြတဲ့ ပြည်တွင်းကုမ္ပဏီတွေ အနေနဲ့လည်း အလုပ်ခွင် ဘေးကင်းလုံခြုံရေးဆိုင်ရာ နိုင်ငံတကာစံညွှန်းတွေနဲ့ အကျွမ်းတဝင်ရှိလာတာကြောင့် တခြားနိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေ ဝင်လာတဲ့အခါမှာ အဆင်သင့်ဖြစ်နေကြမှာ ဖြစ်ပါတယ်။ ပိုမိုပွင့်လင်းလာနေတဲ့ မြန်မာနိုင်ငံဈေးကွက်ကို နိုင်ငံတကာကရင်းနှီးမြှုပ်နှံသူတွေ ဆက်ဝင်လာဖို့ ကျွန်တော်တို့ မျှော်မှန်းထားပါတယ်” ဟု Eco Friendly Towers မှ HSSE မန်နေဂျာ ဒေါက်တာဖြိုးသက်နိုင်ကပြောကြားသည်။

ကုန်ပစ္စည်း နှင့် ၀န်ဆောင်မှုများကို ထောက်ပံ့မှုလုပ်ငန်းစဉ် (Supply Chain) တွင် ကလေးအလုပ်သမားခိုင်းစေမှုများလျော့ပါးစေရန် တယ်လီနော၏ အားထုတ်ကြိုးပမ်းမှုများ

တယ်လီနောက ယင်း၏ ကုန်ပစ္စည်း နှင့် ၀န်ဆောင်မှုများကို ထောက်ပံ့မှု လုပ်ငန်းစဉ်များတွင် ကလေးငယ်နှင့် အသက်ငယ်ရွယ် သေးသည့် အလုပ်သမားများ ခိုင်းစေမှုများကို လျော့နည်းပပျောက်စေရန် နှင့် မြန်မာနိုင်ငံတွင် အလုပ်ခွင်ဆိုင်ရာ စံနှုန်းသတ်မှတ်မှု မြင့်မား စေရေး ကြိုးပမ်းအားထုတ်မှုများကို တွန်းအားပေးရန် စူးစိုက် ဆောင်ရွက်မှု၏ တစ်စိတ်တစ်ဒေသအဖြစ် မြန်မာရွေ့လျားပညာရေး စီမံကိန်းဖြင့် ပူးပေါင်းကာ ရန်ကုန်နှင့် မန္တလေးမြို့များရှိ တယ်လီနောအမှတ်တံဆိပ် လက်ဘက်ရည်ဆိုင်များရှိ အသက်ငယ်ရွယ်သေး သည့် အလုပ်သမားများအတွက် ကျောင်းပြင်ပ ပညာရေး ပို့ချပေးမှုများကို ဆောင်ရွက်ပေးပါသည်။ မြန်မာနိုင်ငံဥပဒေက အလုပ်စတင် လုပ်နိုင်မည့် အသက်ကို ၁၄ နှစ်အဖြစ် သတ်မှတ်ထားရာ ယင်းသတ်မှတ်ထားသည့် အသက်အောက် ငယ်ရွယ်သူများကို တယ်လီနော အမှတ်တံဆိပ် လက်ဘက်ရည်ဆိုင်များအနေဖြင့် ခန့်အပ်ခိုင်းစေခြင်း မပြုရပါ။ ယင်း လက်ဘက်ရည်ဆိုင်များသည် တယ်လီနော၏ ၀န်ထမ်းအင်အား ၁၁ ဦးရှိသော Supply Chain Sustainability အဖွဲ့၏ ရှောင်တခင်စစ်ဆေးမှုများကို ခွင့်ပြုရန်လည်း သဘောတူထားကြပါသည်။

တယ်လီနောအတွက် ဆက်စပ်ပစ္စည်းနှင့် ၀န်ဆောင်မှုများကို ပေးအပ်သည့် လုပ်ငန်းများသည် Supplier Conduct Principles ကို လက်မှတ်ရေးထိုးထားရပြီး ယင်းတွင် တယ်လီနောနှင့် ဆက်စပ်လုပ်ငန်းများအတွက် တိုက်ရိုက်ဖြစ်စေ သွယ်၀ိုက်ဖြစ်စေ အသက် ၁၅ နှစ် အောက် ငယ်ရွယ်သူများကို ခန့်အပ်ခိုင်းစေမှု မပြုရန် တားမြစ်ထားသည်။ ယင်းအချက်သည် အိုင်အယ်လ်အို ကွန်ဗန်းရှင်း၏ သတ်မှတ်ချက် နှင့် အညီဖြစ်ပါသည်။ ထို့အပြင် တယ်လီနောအတွက် ဆောက်လုပ်သော တာ၀ါတိုင်လုပ်ငန်းများတွင် အသက် ၁၈ နှစ်နှင့် အထက်များကို ခန့်အပ်ရန် တယ်လီနောက သတ်မှတ် ထားပြီး ယင်းအချက်မှာလည်း အိုင်အယ်လ်အို ကွန်ဗန်းရှင်းနှင့် မြန်မာ နိုင်ငံ ဥပဒေတို့နှင့် အညီ ဆောင်ရွက်ချက် ဖြစ်ပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင်
ကော်ပိုရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ 
တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor