Press Release

တယ်လီနော၏ ၄ နှစ်ပြည့် အထိမ်းအမှတ်အား အသုံးပြုသူများနှင့်အတူ ဆင်နွှဲ

27 September, 2018 - Yangon

  • တယ်လီနောဝန်ထမ်း ၇၀၀ ကျော်က စျေးကွက်အတွင်းသို့ လှည့်လည်သွားလာ၍ စီးပွားရေး မိတ်ဖက်များ၊ အသုံးပြုသူများနှင့် တွေ့ဆုံ

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံ၌ လုပ်ငန်းစတင်လုပ်ဆောင်ခြင်း ၄ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် အသုံးပြုသူများနှင့် တိုကရိုက်တွေ့ဆုံသည့် အစီအစဉ်တစ်ရပ်အား အကြီးကျယ်ဆုံးသော အခမ်းအနားတစ်ခုအဖြစ် ယနေ့ လုပ်ဆောင်ခဲ့သည်။ ရန်ကုန်နှင့် မန္တလေးမြို့များရှိ တယ်လီနော ဝန်ထမ်း ၇၀၀ ကျော်သည် စျေးကွက်အတွင်းသို့ ထွက်၍ စီးပွားရေးမိတ်ဖက်များ၊ ဖြန့်ချိရောင်းချသူများနှင့် အသုံးပြုသူများ ကို ကိုယ်တိုင်ကိုယ်ကျ လိုက်လံတွေ့ဆုံကာ မိုဘိုင်းဝန်ဆောင်မှုများ၏ အကျိုးကျေးဇူးများကို အပြည့်အဝရရှိခံစားနိုင်စေရန် ကူညီဆောင်ရွက်ပေးခဲ့သည်။

တယ်လီနောမြန်မာ၏ ပထမဦးဆုံးသော ဆင်းမ်ကတ်အား မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှု တရားဝင် စတင် ပေးအပ်ခဲ့ သည့်အချိန် လွန်ခဲ့သည့် ၄ နှစ်က မန္တလေးမြို့၌ စတင်မိတ်ဆက်ရောင်းချခဲ့ခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင် တယ်လီနော သည် မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော 2G/3G/4G ကွန်ရက်ကို ပိုင်ဆိုင်ထားကာ နိုင်ငံတဝန်းတွင် ဆက်သွယ်ရေး တာဝါတိုင်ပေါင်း ၈,၀၀၀ ကျော်၊ အရောင်းဆိုင်ပေါင်း ၁၀၀,၀၀၀ ခန့်မှတဆင့် ပြည်နယ်နှင့်တိုင်း အားလုံးမှ အသုံးပြုသူ ပေါင်း ၁၉ သန်းအား ဝန်ဆောင်မှု ပေးအပ်လျက် ရှိသည်။ အကျိုးရလဒ်အားဖြင့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍသည် တစ်ဟုန်ထိုးတိုးတက်လာခဲ့ပြီး ဒေသတွင်း၌ မိုဘိုင်းအမြန်နှုန်းနှင့် လုပ်ဆောင်နိုင်မှုစွမ်းရည်ပိုင်းတွင် ထိပ်တန်းနိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်လာနိုင်ခဲ့သည်။

“မြန်မာနိုင်ငံက တယ်လီနော သုံးစွဲသူတွေဟာ အံ့အားသင့်စရာ ကောင်းပြီး သူတို့ရဲ့အားပေးကူညီမှုတွေသာ မရှိခဲ့ဘူး ဆိုရင် အခုလို ခမ်းနားကြီးကျယ်တဲ့ ခရီးတစ်ခုကို ကျွန်တော်တို့ လျှောက်လှမ်းနိုင်ခဲ့မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ တယ်လီနောမြန်မာရဲ့ ၄ နှစ်ပြည့် အခမ်းအနားကို သုံးစွဲသူတွေနဲ့အတူ ဖြတ်သန်းဖို့ အလေးထားစီစဉ််ခဲ့တာဖြစ်ပြီး တစ်ချိန် တည်းမှာပဲ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေကနေ အကျိုးကျေးဇူးတွေ ပိုမိုရရှိခံစားနိုင်ဖို့ ကူညီပေးသွားမှာ ဖြစ်ပါတယ်။ လူတွေအားလုံးက သူတို့ရဲ့ မွေးနေ့ကို မိသားစုတွေနဲ့ ဖြတ်သန်းနေကြဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ မွေးနေ့ကိုလည်း ချစ်ခင်ရတဲ့ အသုံးပြုသူတွေ၊ မိတ်ဖက်တွေနဲ့အတူ ဖြတ်သန်းသွားမှာ ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ Sharad Mehrotra ကပြောကြားသည်။

တယ်လီနောသည် အသုံးပြုသူများအတွက် အမြဲအသင့်ရှိနေခဲ့ပြီး ၎င်းတို့၏ နေ့စဉ်ဘဝများကို ပိုမိုအဆင်ပြေလွယ်ကူစွာ ဖြတ်သန်းနိုင်စေရန်အတွက် ဆန်းသစ်သော ဝန်ဆောင်မှုအစီအစဉ်အများအပြားကို ပေးအပ်ခဲ့သည်။ ယမန်နှစ်အတွင်းတွင် တယ်လီနောသည် FlexiPlan၊ ဒေတာတန်တန်/မြန်မြန် နှင့် လူကြိုက်များလှသော အိမ်သုံးကြိုးမဲ့အင်တာနက် ဝန်ဆောင်မှု များအား မိတ်ဆက်ခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံသည် စမတ်ဖုန်း အသုံးပြုမှုနှုန်း အလွန်မြင့်မားသော နိုင်ငံတစ်ခု ဖြစ်သည်ကို သိရှိနားလည်ထားသည်နှင့်အမျှ WowBox နှင့် WowPlay အစရှိသည့် ပြည်တွင်းနှင့် သက်ဆိုင်သော ဝန်ဆောင်မှုများကို မိတ်ဆက်ပေးခဲ့ပြီး အဆိုပါ ဝန်ဆောင်မှု ၂ မျိုးစလုံးသည် အချိန်တိုအတွင်းမှာပင် မြန်မာဘာသာ စကားသုံး ဝန်ဆောင်မှုများအနက် လူကြိုက်အများဆုံး ဖြစ်လာခဲ့သည်။ စစ်မှန်သော နိုင်ငံတကာအဆင့် အော်ပရေတာ တစ်ခုဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံအား ကမ္ဘာတစ်ဝန်းနှင့် ချိတ်ဆက်နိုင်စေရန်အတွက် စျေးနှုန်းအသက်သာဆုံးသော ဖုန်းခေါ်ဆိုမှုနှင့် အင်တာနက် အသုံးပြုနိုင်သည့် ဝန်ဆောင်မှုများကိုလည်း တယ်လီနောက ပေးအပ်ခဲ့သည်။ ယခု လက်ရှိတွင် တယ်လီနောအသုံးပြုသူများသည် ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၁၆ နိုင်ငံရှိ မည်သည့်မိုဘိုင်းဖုန်းနှင့် လိုင်းဖုန်းများကိုမဆို ပြည်တွင်းဖုန်းခေါ်ဆိုခနှုန်းထားဖြင့် ခေါ်ဆိုနေနိုင်ပြီ ဖြစ်ပြီး နိုင်ငံပေါင်း ၉ နိုင်ငံတွင် ပြည်တွင်း နှုန်းထားဖြင့် အင်တာနက် အသုံးပြုနိုင်ပြီ ဖြစ်သည်။

အကောင်းမွန်ဆုံး 2G/3G/4G ကွန်ရက်

ဧပြီလတွင် အင်တာနက်မြန်နှုန်း စစ်ဆေးမှုဆိုင်ရာ ထိပ်တန်းကုမ္ပဏီ တစ်ခုဖြစ်သည့် Ookla က ၂၀၁၇ ခုနှစ်အတွက် မြန်မာနိုင်ငံ၏ အမြန်ဆုံးမိုဘိုင်းကွန်ရက်အဖြစ် တယ်လီနောအား အသိအမှတ်ပြု ဆုချီးမြှင့်ပေးအပ်ခဲ့သည်။ အရည်အသွေး မြင့် မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုကို ပြည်သူလူထုအား ပေးအပ်နိုင်ရန်နှင့် ကွန်ရက်ချိတ်ဆက်မှု၏ အကျိုးကျေးဇူးများ ကို ခံစားရရှိစေနိုင်ရန် ရည်ညွန်း၍ တယ်လီနောသည် မြန်မာနိုင်ငံတွင် အကောင်းမွန်ဆုံးသော ကွန်ရက်ကို ပေးအပ်နိုင်ရန် အစဉ်အမြဲ ကြိုးပမ်းလျက်ရှိသည်။ လက်ရှိအချိန်တွင် နိုင်ငံလူဦးရေ၏ ၉၀% ကို ကွန်ရက်လွှမ်းခြုံနိုင်ခဲ့ပြီ ဖြစ်သည့် တယ်လီနောသည် ၎င်း၏ 4G/LTE ကွန်ရက်ကိုလည်း ပိုမိုကျယ်ပြန့်လာစေရန် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကာ ယခုဆိုလျှင် မြန်မာနိုင်ငံ၏ မြို့နယ်ပေါင်း ၂၅၅ မြို့နယ်ကို လွှမ်းခြုံ ပြီးဖြစ်သည်။

“မိုဘိုင်းတယ်လီဖုန်းအသုံးပြုခြင်းက မြန်မာနိုင်ငံမှာရှိတဲ့ လူတွေရဲ့ဘဝကို အပြုသဘောဆောင်ပြီး မယုံနိုင်လောက်စရာ အရှိန်အဟုန်နဲ့ လျင်လျင်မြန်မြန် အကျိုးသက်ရောက်မှု တွေရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် တယ်လီနော ဝန်ဆောင်မှု စတင်ခဲ့ ချိန်က မိုဘိုင်းဝန်ဆောင်မှုကို အလွန်လိုလားခဲ့ကြသလို အခုအချိန်မှာ ပိုပြီး အံ့သြစရာကောင်းတာက မြင့်မားတဲ့ မိုဘိုင်း ဒေတာ အသုံးပြုနှုန်းပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဖုန်းခေါ်ဆိုမှုကနေ ဒေတာအသုံးပြုမှုကို ပြောင်းလဲခဲ့တာ ဒေသ တွင်းမှာ အမြန်ဆုံးလို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့ရဲ့ 4G ကွန်ရက်မှာ ဒေတာအသုံးပြုမှုနှုန်းကို ယှဉ်ကြည့်ရင် ၃ ဆ လောက် တိုးမြင့်လာတာကို တွေ့ရပါတယ်။ အခု သုံးစွဲသူအားလုံး တစ်နေ့တာအသုံးပြုနေတဲ့ ဒေတာပမာဏက အရည် အသွေးမြင့် ဓာတ်ပုံ ၃ သန်းကို ကြည့်ရှုမှုနှင့် ညီမျှလောက်အောင် များနေပါပြီ။ ဒီဒေတာပမာဏက တစ်နေ့ထက်တစ်နေ့ ပိုမိုမြင့်တက်လာဖို့ပဲရှိပြီး တယ်လီနောအနေနဲ့လည်း ပိုမိုကောင်းမွန်တဲ့ 4G ကွန်ရက်ကို တခြားမြို့နယ်တွေမှာ ဖြန့်ကျက် သွားဦးမှာ ဖြစ်ပါတယ်။ တယ်လီနောအနေနဲ့ မြန်မာပြည်သူတွေကို အောင်မြင်စွာ ချိတ်ဆက်မှု ပေးနိုင်ခဲ့တယ် ဆိုတာကို ကျွန်တော်တို့ရဲ့ ဒီနှစ်ပတ်လည်နေ့မှာ ဂုဏ်ယူစွာနဲ့ ပြောကြားလိုပါတယ်” ဟု Sharad Mehrotra က ဆက်လက် ပြောကြားသည်။

ကမ္ဘာ့စံချိန်သစ်များနှင့် ပြည်တွင်းစံချိန်သစ်များ တင်နိုင်ခဲ့

မြန်မာနိုင်ငံတွင် ဝန်ဆောင်မှုပေးခဲ့သော လေးနှစ်အတွင်းတွင် များစွာသော မှတ်တိုင်များကို တယ်လီနောက စိုက်ထူနိုင် ခဲ့သည်။ ပြီးခဲ့သော ဖေဖော်ဝါရီလတွင် လူဖြင့်ပုံဖော်ထားသည့် ကမ္ဘာ့အကြီးဆုံး နိုင်ငံမြေပုံအား လူဦးရေ ၃၄၀၀ ကျော်ဖြင့် ပုံဖော်ကာ စံချိန်ချိုးနိုင်ရန် တယ်လီနောမြန်မာက ဦးဆောင်ကြိုးပမ်းခဲ့ပြီး တရားဝင် ကမ္ဘာ့ဂင်းနစ်စံချိန်တင်နိုင်ခဲ့ကြသည်။ ထို့အပြင် ဧပြီလတွင်လည်း Ericsson နှင့် လက်တွဲကာ ကွန်ရက်မြန်နှုန်းစမ်းသပ်ခဲ့ပြီး မြန်နှုန်းမြင့် 1 Gbps ဖြင့် မြန်မာနိုင်ငံ၏ အမြန်ဆုံး အင်တာနက်မြန်နှုန်းအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်။

စက်တင်ဘာလတွင်လည်း နောက်ထပ်မှတ်တိုင်တစ်ခုအနေဖြင့် တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတွင် Facebook ပရိတ်သတ် ၁၀ သန်းပြည့်မြောက်သော ပထမဆုံးကုန်အမှတ်တံဆိပ်ဖြစ်လာခဲ့သည်။ အသုံးပြုသူများအတွက် အစဉ်အမြဲ အသင့်ရှိနေခြင်းသည် ယင်းတို့၏လိုအပ်ချက်များကို သိရှိနားလည်စေသည့် အဓိကသော့ချက်ဖြစ်သည်ဟု ယုံကြည်ထား သည်နှင့်အညီ Facebook ကိုလည်း အသုံးပြုသူများနှင့် နေ့စဉ်ဆက်သွယ်သည့် နည်းလမ်းတစ်ခုအဖြစ် အသုံးပြုလျက်ရှိ သည်။ မြန်မာနိုင်ငံတွင် ၄ နှစ်ကြာ ဝန်ဆောင်မှုပေးပြီးနောက် ကုမ္ပဏီသည် မြန်မာနိုင်ငံရှိ Facebook စာမျက်နှာများအနက် လျင်မြန်စွာကြီးထွားလာသော ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်လာခဲ့ပြီး နေ့စဉ်နေ့တိုင်း ပရိတ်သတ်တိုးပွားလာမှု မြင့်မားလျက်ရှိ သည်။

ဒစ်ဂျစ်တယ် မြန်မာ ဖြစ်ထွန်းပေါ်ပေါက်လာရေး လက်တွဲ ဆောင်ရွက်ခဲ့

မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်ခဲ့သည့် အချိန်မှစပြီး တယ်လီနောက အမေရိကန်ဒေါ်လာ ၂ သန်းကျော် ရင်းနှီးမြှုပ်နှံခဲ့ပြီး အခွန်ငွေများလည်း နိုင်ငံတော်ကို ပေးဆောင်ခဲ့ပါသည်။ တယ်လီနောမြန်မာသည်၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် ဝင်ငွေခွန် အဖြစ် ကျပ်ငွေ ၂၄ ဘီလီယံကျော် ထမ်းဆောင်ခဲ့ပြီး ဝင်ငွေခွန် ပေးဆောင်မှု အများဆုံး နိုင်ငံတကာကုမ္ပဏီများ စာရင်းတွင် နံပါတ် ၅ နေရာရရှိခဲ့သည်။

ထို့အပြင် မြန်မာ့ဒစ်ဂျစ်တယ်စီးပွားရေးတစ်ရပ် အောင်မြင်စွာ ပေါ်ထွန်းလာရေးကို ကြိုးပမ်းထောက်ပံ့သွားရန် ရည်ရွယ်ထား သည် နှင့်အတူ ပထမဆုံး ဒစ်ဂျစ်တယ်မြန်မာအစီရင်ခံစာဖြစ်သော REALISING DIGITAL MYANMAR ကို ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့ကာ မြန်မာနိုင်ငံအတွက် ၂၀၂၃ ခုနှစ်အကုန်တွင် ဖော်ဆောင်နိုင်မည့် အထင်ကရ မှတ်တိုင်များနှင့် ရည်မှန်းချက်များကို စုစည်းတင်ပြ အကြံပေးထားသည်။ ထိုမျှသာမက ဒစ်ဂျစ်တယ်နိုင်ငံအဖြစ် ရှေ့ဆက်သွားနိုင်ရေးအတွက် တယ်လီနောမြန်မာက ၎င်း၏လူထုအကျိုးပြုလုပ်ငန်းအစီအစဉ်များစွာကိုလည်း အရှိန် အဟုန်မြင့် ဆောင်ရွက်နိုင်ခဲ့သည်။

တယ်လီနော၏ အလင်းအိမ်စင်တာ ဒစ်ဂျစ်တယ် နည်းပညာ တတ်ကျွမ်းမှုသင်တန်းများမှ လက်ရှိတွင် ကျောင်းသား ကျောင်းသူပေါင်း ၁၃၀,၀၀၀ ကျော်ကို စမတ်ဖုန်းနှင့် ကွန်ပြူတာ ကျွမ်းကျင်မှုများအား လေ့ကျင့်သင်ကြားပေးပြီးဖြစ်သည်။ ထို့အပြင် ၎င်း၏ဘေးကင်းသော အင်တာနက်အသုံးပြုနည်း သင်တန်းများတွင်လည်း အစိုးရကျောင်းမှ ကျောင်းသား ကျောင်းသူစုစုပေါင်း ၁၆၀,၀၀၀ ကိုလည်း ဘေးကင်းလုံခြုံစွာ အင်တာနက်အသုံးပြုမှုသင်တန်းများ ပို့ချပြီးဖြစ်သည်။ မကြာမီက ပြုလုပ်ခဲ့သည့် နွေရာသီ ဒစ်ဂျစ်တယ်သင်တန်းကျောင်း အစီအစဉ်မှလည်း နိုင်ငံတစ်ဝန်း ကျောင်းသား ကျောင်းသူ ၂၅,၀၀၀ ကျော်ကိုလည်း အခြေခံ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုများ သင်ကြားပေးနိုင်ခဲ့သည်။

တယ်လီနော၏ နောက်ထပ်ထင်ရှားသော ခြေလှမ်းတစ်ခုအနေဖြင့် SDG10 (မညီမျှမှုများကို လျှော့ချခြင်း) ရည်မှန်းချက် အား အားဖြည့်ကူညီသည့်အနေနှင့် သြဂုတ်လအတွင်း၌ မြန်မာနိုင်ငံအစိုးရ၏ ထောက်ခံအားပေးမှုဖြင့် ယူနီဆက်မြန်မာနှင့် တယ်လီနောလုပ်ငန်းစုတို့ ပူးပေါင်းကာ မိုဘိုင်းအသုံးပြု မွေး/သေစာရင်းမှတ်ပုံတင်ခြင်း ကနဦး စီမံချက်ကို မွန်ပြည်နယ် တွင် စတင်အကောင်အထည်ဖော်ခဲ့သည်။ ဤကနဦးစီမံချက်ကြောင့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးမှ မြို့နယ် ကျန်းမာရေးအရာရှိများသည် မွေးဖွားခြင်းဆိုင်ရာ မှတ်ပုံတင်ခြင်းနှင့် မွေးစာရင်းထုတ်ပေးခြင်းတို့ကို ဒစ်ဂျစ်တယ် မိုဘိုင်း စနစ်အသုံးပြုကာ မှတ်တမ်းတင်နိုင်ပြီး မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် ဆောင်ရွက်နိုင်ခဲ့သည်။

“ကျွန်တော်တို့ရဲ့ခရီးစဉ်ကို မြန်မာပြည်သူလူထုနဲ့အတူတကွ ဆက်လက်လျှောက်လှမ်းသွားဖို့ ရည်မှန်းထားပါတယ်။ ရှိနှင့်ပြီးသားဖြစ်တဲ့ အကောင်းမွန်ဆုံး အခြေခံအဆောက်အအုံတွေကို အသုံးချပြီး ခေတ်မီတဲ့ ဒစ်ဂျစ်တယ်နိုင်ငံတစ်ခု ဖော်ဆောင်တဲ့နေရာမှာ အကောင်းမွန်ဆုံး မိတ်ဖက်တစ်ဦးအဖြစ် ဆက်လက်ရပ်တည်နေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အမြဲပြောနေကြ စကားတစ်ခွန်းလိုပဲ ကျွန်တော်တို့ဟာ အားလုံးနဲ့ အမြဲအတူရှိနေမှာ ဖြစ်ပါတယ်” ဟု Sharad Mehrotra က ပြောကြားသည်။

မီဒီယာများဆက်သွယ်ရန်

ရွှေယင်းမာဦး 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : shweyinn.maroo@telenor.com.mm

Yangon
My Telenor