Press Release

တယ်လီနော၏ အိမ်သုံးကြိုးမဲ့ အင်တာနက်ကြောင့် နိုင်ငံအနှံ့ အင်တာနက်အသုံးပြုမှု သိသာစွာ မြင့်တက်

17 October, 2018 - Yangon

  • တယ်လီနော၏ အကန့်အသတ်မရှိသော အိမ်သုံးကြိုးမဲ့ အင်တာနက် ဝန်ဆောင်မှုသည် စတင်မိတ်ဆက်ပြီး ၃ လအတွင်း ပြည်နယ်၊ တိုင်းဒေသကြီးအားလုံးနှင့် ပြည်ထောင်စုနယ်မြေများတွင် အသုံးပြုသူအရေအတွက် အများအပြားကို ပိုင်ဆိုင် ထားနိုင်ခဲ့
  • အိမ်သုံးကြိုးမဲ့အင်တာနက် အသုံးပြုသူစုစုပေါင်း၏ ၆၁ ရာခိုင်နှုန်းသည် ရန်ကုန်နှင့် မန္တလေးမြို့ပြင်ပမှ ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနှံ့ရှိ ပြည်သူလူထု၏ ဒစ်ဂျစ်တယ်လူနေမှုဘဝအား ပိုမို အားကောင်းလာစေခဲ့ကြောင်း ပေါ်လွင်

တယ်လီနောမြန်မာအနေနဲ့ ၎င်း၏ အိမ်သုံးကြိုးမဲ့ အင်တာနက် ဝန်ဆောင်မှုအား မြန်မာနိုင်ငံတွင်းရှိ ပြည်နယ်နှင့်တိုင်းအားလုံးတွင် ရယူအသုံးပြုနေကြပြီ ဖြစ်ကြောင်း ဂုဏ်ယူစွာဖြင့် စတင်မိတ်ဆက်ပြီး သုံးလအကြာတွင် ကြေညာလိုက်သည်။ တယ်လီနောသည် မြန်မာနိုင်ငံတွင် အကန့်အသတ်မရှိ broadband အင်တာနက်ဝန်ဆောင်မှုအား ပေးအပ်နိုင်ခဲ့သည့် ပထမဦးဆုံး ဆက်သွယ်ရေး အော်ပရေတာဖြစ်ပြီး နိုင်ငံတွင်းရှိ ၎င်း၏ 4G ကွန်ရက်ဖြန့်ကျက်ထားသော မြို့နယ်ပေါင်း ၂၇၀ နီးပါးတွင် အဆိုပါ ဝန်ဆောင်မှုကို အသုံးပြုနိုင်ပြီဖြစ်သည်။

တယ်လီနောအနေနှင့် မြန်မာနိုင်ငံတွင် ဆန်းသစ်မှုရှိပြီး စျေးနှုန်းသက်သာသော ဆက်သွယ်ရေးဝန်ဆောင်မှုများအား ပေးအပ်နိုင်ရန် အစဉ်အမြဲကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဤအိမ်သုံးကြိုးမဲ့ အင်တာနက်ဝန်ဆောင်မှုသည် မြန်မာနိုင်ငံ ၏ ဒစ်ဂျစ်တယ် စီးပွားရေးစနစ် ဖော်ဆောင်ရာတွင် လိုအပ်သော အခြေခံကျောရိုးဖြစ်သည့် ဒစ်ဂျစ်တယ် အခြေခံ အဆောက်အအုံနှင့် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုတို့ကို ဖော်ဆောင်နိုင်မည့် ဝန်ဆောင်မှုတစ်ခုဖြစ်သည်။ ထို့အပြင် အဆိုပါ ဝန်ဆောင်မှုမှတဆင့် တယ်လီနောသည် မြန်မာနိုင်ငံကျေးလက်ဒေသများတွင် နည်းပညာအသုံးပြုမှု ပိုမို မြင့်မားလာ စေရန် မျှော်မှန်းထားပြီး ကျေးလက်နှင့် မြို့ပြ ဆက်သွယ်ရေး နည်းပညာ အသုံးပြုမှု ကွာဟချက်များကို လျှော့ချသွား နိုင်ရန် ကြိုးစားလုပ်ဆောင်သွားမည် ဖြစ်သည်။ 

လက်ရှိတွင် တယ်လီနော၏ အိမ်သုံးကြိုးမဲ့ အင်တာနက်ဝန်ဆောင်မှုအား ရယူအသုံးပြုသူ စုစုပေါင်းအရေအတွက်၏ ၆၁ ရာခိုင်နှုန်းသည် ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးများမှ မဟုတ်ဘဲ အခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၂ ခုနှင့် နေပြည်တော် ပြည်ထောင်စုနယ်မြေများအတွင်းမှ ဖြစ်သည်။ ထို့အပြင်   အိမ်သုံးကြိုးမဲ့   အင်တာနက် ဝန်ဆောင်မှုအား ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ရယူအသုံးပြုသူများသည် တစ်နိုင်ငံလုံးရှိ အသုံးပြုသူ စုစုပေါင်း၏ ၂၁ ရာခိုင်နှုန်းကျော် ပမာဏအထိရှိပြီး အဆိုပါ ပမာဏသည် မန္တလေးကဲ့သို့သော မြို့ကြီးများ၏ အသုံးပြုမှုထက်ပင် ပိုမိုများပြားသော ပမာဏ ဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ အဓိကမြို့ကြီးတွေမှာသာမက နိုင်ငံအနှံ့က တခြားမြို့ငယ်တွေမှာ နေထိုင်သူအများအပြားက တယ်လီနောရဲ့ အကန့်အသတ်မရှိ အိမ်သုံးကြိုးမဲ့ အင်တာနက် ဝန်ဆောင်မှုကို ရယူအသုံးပြုကြတယ်ဆိုတာ ကြားသိရတဲ့အတွက် အရမ်းကိုအားရကျေနပ်မိပါတယ်။ အခုခေတ် အွန်လိုင်းမှာ အကြောင်းအရာတွေကို အများအပြား ကို ကြည့်ရှုလေ့လာနိုင်ကြနေပါပြီ။ အဲ့ဒီအတွက် ကျွန်တော်တို့ရဲ့ အိမ်သုံးကြိုးမဲ့အင်တာနက်က အချိန်နဲ့ တပြေးညီ တစ်သမတ်တည်းသောနှုန်းထားနဲ့ဝန်ဆောင်မှုတွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အသုံးပြုသူတွေ အနေနဲ့ ဒီဝန်ဆောင်မှုကို အသုံးပြုပြီး ဂိမ်းကစားတာတွေ၊ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်လမ်းတွေ ကြည့်ရှုတာတွေစတဲ့ ဖျော်ဖြေရေးဝန်ဆောင်မှုတွေအပြင် အခြားသော အင်တာနက်ချိတ်ဆက်မှုက ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို အပြည့်အဝ ရယူအသုံးချနိုင်လိမ့်မယ်လို့ တယ်လီနောအနေနဲ့ မျှော်လင့်ပါတယ်။ ဒီ ဝန်ဆောင်မှုဟာ မြန်မာနိုင်ငံက ပြည်သူပြည်သားတွေအတွက် ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေကို သယ်ဆောင်လာနိုင်မှာ ဖြစ်ပြီး ဒစ်ဂျစ်တယ် လူနေမှုဘဝတစ်ခုကို ရောက်ရှိနိုင်အောင် အထောက်အကူပေးသွားနိုင်မှာ ဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု တယ်လီနော၏ စျေးကွက်ဖော်ဆောင်ရေးဆိုင်ရာ အရာရှိချုပ် ဖြစ်သူ Amaresh Kumar က ပြောကြားသည်။

အိမ်သုံးကြိုးမဲ့အင်တာနက် ဝန်ဆောင်မှုအား ပထမဆုံးအကြိမ် စတင်ရယူမည့် အသုံးပြုသူများသည် တစ်စက္ကန့်လျှင် 5 MB မြန်နှုန်းရှိ အကန့်အသတ်မဲ့ အင်တာနက် ဝန်ဆောင်မှုအား ငွေကျပ် ၇၅,၀၀၀ မျှဖြင့် ရယူ အသုံးပြုနိုင်မည် ဖြစ်သည်။ အဆိုပါ ရက် ၉၀ အစီအစဉ် ကုန်ဆုံးပြီးနောက်တွင် နောက်ထပ် ရက် ၉ဝအတွက်ကို  ၆၅,၀၀၀ ကျပ်မှ စတင်၍ ထပ်မံစာရင်းပေးသွင်းရယူနိုင်မည် ဖြစ်ပြီး ဤဝန်ဆောင်မှုအား အွန်လိုင်းမှတဆင့် ဖြစ်စေ၊ နိုင်ငံတဝန်းရှိ အရောင်းဆိုင်ကြီးများတွင်ဖြစ်စေ ဝယ်ယူရရှိနိုင်မည် ဖြစ်သည်။ တယ်လီနော၏ အိမ်သုံးကြိုးမဲ့အင်တာနက် ဝန်ဆောင်မှုနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များအား https://broadband.telenor.com.mm/ တွင် ဝင်ရောက် ကြည့်ရှုခြင်းဖြင့် ဖြစ်စေ၊ တယ်လီနော၏ Broadband Call Center ဖုန်းနံပါတ် ၀၉ ၇၉၇၉၉၈၈၈၈ သို့ ဖုန်းခေါ်ဆို၍ ဖြစ်စေ သိရှိနိုင်မည် ဖြစ်သည်။

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်စျေးနှုန်းဖြင့် လွယ်ကူစွာရယူနိုင်သည့် ဆက်သွယ်ရေး ဝန်ဆောင်မှုများအား ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှ စတင်ပေးအပ်လျက် ရှိပြီး လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံး သော ကွန်ရက်မှတဆင့် အကောင်းမွန်ဆုံးသော သုံးစွဲမှုအတွေ့အကြုံများအား ပေးအပ်လျက် ရှိသည်။ တယ်လီနော မြန်မာသည် နိုင်ငံတဝန်းရှိ ဆက်သွယ်ရေး တာဝါတိုင်ပေါင်း ၈,၀၀၀ ကျော်ဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူပေါင်း ၁၉ သန်းကျော်ထံသို့ ၎င်း၏ 3G နှင့် 4G ကွန်ရက်များဖြင့် ဝန်ဆောင်မှုများ ပေးအပ်လျက် ရှိသည်။

မီဒီယာများဆက်သွယ်ရန်

ရွှေယင်းမာဦး 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : shweyinn.maroo@telenor.com.mm

Yangon
My Telenor