Press Release

တယ်လီနော၏ ပလက်တီနမ် စတားအဆင့်ရ အသုံးပြုသူများ CB-Telenor Co-branded Visa အကြွေးဝယ်ကတ် လျှောက်ထားနိုင်ပြီ

08 May, 2019 - Yangon

  • ၂၀၁၉ ခုနှစ်၊ မေလ ၈ ရက်နေ့မှ စတင်၍ တယ်လီနော၏ Platinum စတား အဆင့်ရ အသုံးပြုသူများသည် CB-Telenor co-branded Visa credit cards များအား https://cardapp.cbbank.com.mm/telenor-star  မှ တဆင့် လျှောက်ထားရယူသွားနိုင်မည်
  • နှစ်စဉ်ကြေး အခမဲ့အပြင် ကတ်ထုတ်ပေးခ အပေါ်တွင် ၅၀% လျှော့ဈေးခံစားခွင့်နှင့် CB Reward Points ၂ ဆ ခံစားခွင့်များရရှိနိုင်
  • IPP (အရစ်ကျ ငွေပေးချေမှု စနစ်) အား အသုံးပြု၍ ၆ လ အရစ်ကျ ငွေပေးချေဝယ်ယူမှု အတွက် ဝ% အတိုးနှုန်း (တစ်နှစ်လျှင် ၅ ကြိမ် အထိ)

နိုင်ငံအတွင်း ငွေရေးကြေးရေး ဝန်ဆောင်မှုများ အသုံးပြုမှု ပိုမိုမြင့်မားလာ စေရန်နှင့် တယ်လီနော၏ Platinum စတား အဆင့်ရ အသုံးပြုသူများအတွက် ပိုမိုကောင်းမွန်သော အထူး အကျိုး ခံစားခွင့်များ ပေးအပ်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် တယ်လီနောမြန်မာသည် CB ဘဏ်၊ Visa တို့နှင့် ပူးပေါင်း၍ CB-Telenor Co-branded Visa အကြွေးဝယ်ကတ် (credit cards) များအား မြန်မာနိုင်ငံတွင် ပထမဦးဆုံး အကြိမ်အဖြစ် စတင်မိတ်ဆက်ခဲ့သည်။ မိတ်ဆက်ပွဲ အခမ်းအနားအား ရန်ကုန်မြို့ရှိ Lotte ဟိုတယ်၌ ယနေ့ကျင်းပ ပြုလုပ်ခဲ့ပြီး တယ်လီနောမြန်မာ၊ CB ဘဏ်နှင့် Visa တို့၏ တာဝန်ရှိသူအသီးသီးက ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီမှု စာချုပ်အား မီဒီယာများ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

ဤပူးပေါင်းဆောင်ရွက်မှုအရ အကျုံးဝင်သော တယ်လီနော၏ Platinum စတားအဆင့်ရ အသုံးပြုသူများသည် ထပ်ဆောင်းအထူး အကျိုးခံစားခွင့်များအဖြစ် CB-Telenor Co-branded Visa အကြွေးဝယ်ကတ်အား လျှောက်ထား ပါက ပထမ ၅ နှစ်အတွက် နှစ်စဉ်ကြေးအခမဲ့အပြင် ကတ်ထုတ်ပေးခအပေါ်တွင်လည်း ၅၀% လျှော့ဈေး ခံစားခွင့်များ အား ရရှိခံစားသွားနိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံရှိ ပြည်သူလူထုအများစုသည် ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများအား အကြွေးဖြင့်ဝယ်ယူနိုင်သည့် အခွင့်အလမ်းရရှိမှု သိသိသာသာနည်းပါးလျက်ရှိပြီး ယခုအချိန်တွင်မူ နိုင်ငံတွင်း၌ အလယ်အလတ်တန်းစား လူဦးရေပိုမိုများပြားလာပြီး နည်းပညာပိုင်းအရလည်း ပိုမိုမြင့်မားလာနေသည့်အတွက် ယခု ပူးပေါင်းဆောင်ရွက်မှုမှတဆင့် မြန်မာနိုင်ငံမှ လူဦးရေအများအပြားသည် ငွေရေးကြေးရေး ဝန်ဆောင်မှုများအား ပိုမို ရယူအသုံးပြုလာနိုင်မည် ဖြစ်သည်။

“တယ်လီနောအနေနဲ့ အသုံးပြုသူတွေကို သူတို့အတွက် အရေးအပါဆုံးအရာတွေနဲ့ ချိတ်ဆက်ပေးခြင်းအားဖြင့် လူ့ အဖွဲ့အစည်းကို ကူညီမြှင့်တင်ပေးသွားဖို့ ရည်ရွယ်ထားပြီး ဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ အတွက် အသုံးပြုသူတွေရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ဒစ်ဂျစ်တယ်နည်းပညာနဲ့ ပြောင်းလဲအသုံးပြုနိုင်အောင် ဆောင်ရွက်ပေးနိုင်ဖို့ကလည်း အဓိကကျတဲ့ အခန်းကဏ္ဍတစ်နေရာက ပါဝင်နေပါတယ်။ အခုလို CB ဘဏ်နဲ့ ပူးပေါင်းပြီး co-branded အကြွေးဝယ်ကတ်တွေကို ကျွန်တော်တို့ရဲ့စတားအဆင့်ရ အသုံးပြုသူတွေအတွက် စတင် မိတ်ဆက်ခဲ့ခြင်းဟာလည်း ဒီရည်ရွယ်ချက်အတွက်ပဲဖြစ်ပြီး ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေအနေနဲ့ အကြွေးဝယ် ကတ်တွေကို အွန်လိုင်းကဖြစ်စေ၊ CB ဘဏ်ရဲ့ ဘဏ်ခွဲတွေမှာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီးတော့ ဖြစ်စေ အလွယ်တကူ လျှောက်ထားရယူနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီဝန်ဆောင်မှုကို စတင် မိတ်ဆက်နိုင်ခဲ့တဲ့အတွက် မြန်မာနိုင်ငံမှာ ငွေသားမဲ့ငွေပေးချေမှုစနစ်တစ်ခု ပေါ်ပေါက်လာစေဖို့အတွက် တွန်းအားတစ်ရပ်ဖြစ်လာစေမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ တယ်လီနောမြန်မာအနေနဲ့ အသုံးပြုသူတွေအတွက် ဆက်သွယ်ရေးပိုင်းဆိုင်ရာ ဝန်ဆောင်မှုတွေကိုသာမက ဆက်သွယ်ချိတ်ဆက်နိုင်မှုကနေရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကို သူတို့ရဲ့ နေ့စဉ်ဘဝ တွေမှာ အပြည့်အဝရရှိနိုင်စေဖို့အတွက်လည်း အကောင်းဆုံး ကြိုးစားလုပ်ဆောင်နေပါတယ်” ဟု တယ်လီနောမြန်မာ ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Sharad Mehrotra က ပြောကြားသည်။ 

တယ်လီနောသည် ၎င်း၏ဝန်ဆောင်မှုများအား ပုံမှန်အသုံးပြုနေသူများအတွက် အထူးအခွင့်အရေးများ၊ အကျိုး ခံစားခွင့်များ ပြန်လည်ပေးအပ်လိုသည့် ရည်ရွယ်ချက်ဖြင့် တယ်လီနောစတားအစီအစဉ်အား စတင်ခဲ့ခြင်းဖြစ်သည်။ တယ်လီနော အသုံးပြုသူများသည် သတ်မှတ်ထားသော ငွေဖြည့်သွင်းမှုပမာဏနှင့် အသုံးပြုမှုကာလအပေါ် မူတည်၍ စတားအဆင့်ရ အသုံးပြုသူများအဖြစ် သတ်မှတ်ခံရမည်ဖြစ်ပြီး တယ်လီနော၏ မိတ်ဖက်ကုန်အမှတ်တံဆိပ်ပေါင်း ၃၀ဝ ကျော်မှ အထူးခံစားခွင့်များအား ရရှိနိုင်မည် ဖြစ်သည်။ ထို့အပြင် ပုံမှန်ထက် ၃ ဆ ပိုမိုသည့် ကြိုသုံးငွေ ဝန်ဆောင်မှုနှင့် အခြားသော ဦးစားပေး ဝန်ဆောင်မှုများကိုလည်း ရယူသွားနိုင်မည့်အပြင် သီးသန့် postpaid အစီအစဉ်သို့ ပြောင်းလဲ အသုံးပြုနိုင်မည့်အခွင့်အရေးကိုလည်း ရရှိသွားမည် ဖြစ်သည်။ တယ်လီနော စတားအဆင့်ရ သုံးစွဲသူတစ်ဦးချင်းစီအား ၎င်းတို့ တယ်လီနောဆင်းမ်ကတ် သုံးစွဲခဲ့သည့် သက်တမ်းကာလနှင့် လွန်ခဲ့သည့် သုံးလအတွင်း ပျှမ်းမျှသုံးစွဲခဲ့သည့် ပမာဏတို့အပေါ်မူတည်ကာ Silver အဆင့်၊ Gold အဆင့်နှင့် Platinum အဆင့်အသီးသီး သတ်မှတ်ပေးသွားမည် ဖြစ်သည်။ စတားအစီအစဉ်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များအား https://www.telenor.com.mm/my/personal/telenor-star တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

“ကျွန်တော်တို့အနေဖြင့် ယခု CB Bank၊ Telenor နှင့် VISA တို့ ပူးပေါင်း အကောင်ထည်ဖော်မှုအတွက် လှိုက်လှိုက်လှဲလှဲ ဝမ်းသာပါသည်။ ဤပူးပေါင်းမှုဟာ  ကျွန်တော်တို့ ပြည်သူများအားလုံး ပါဝင်နိုင်သည့်ငွေကြေးကဏ္ဍ ဖြစ်ထွန်းရေးကို များစွာ အထောက်အကူပြုပြီး ငွေသားသုံးစရာမလိုသည့် စနစ်ဖြစ်သော cashless society တစ်ခု ပေါ်ထွန်းရေးအတွက်လည်း  အထောက်အကူ ပြုပါမည်။ ယခုလို ပူးပေါင်းဆောင်ရွက်မှုသည် CB Bank နှင့် Telenor တို့ကြားမှ မဟာဗျူဟာကျသော လက်တွဲဆောင်ရွက်မှုတစ်ခုဖြစ်ပြီး နောက်တစ်ဆင့်သို့ ရောက်အောင် တက်လှမ်းနိုင် ရန် အတွက် များစွာ အရေးပါပါသည်” ဟု CB Bank ၏ အမှုဆောင်အရာရှိချုပ် ဦးကျော်လင်းက ပြောကြားသည်။

“အခုလို CB Bank, တယ်လီနောတို့နဲ့အတူ ပထမဆုံး Co-branded credit card ကို မြန်မာပြည်ရဲ့ ငွေပေးချေမှု လုပ်ငန်းမှာ မိတ်ဆက်ခွင့်ရတဲ့အတွက် အထူးပင် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်” လို့ Visa ရဲ့ Country Manager Lillian Wang က ပြောကြားခဲ့ပါတယ်။ “အခုဆိုရင် မြန်မာပြည်မှာ မိုဘိုင်းဖုန်းအသုံးပြုမှုဟာ ၁၀ဝ% နီးပါးအထိ တက်လာတာနဲ့အမျှ၊ ဆက်သွယ်ရေးလုပ်ငန်းတွေနဲ့ Visa ကဒ်တို့ ပူးပေါင်းလိုက်ခြင်းဟာအရမ်းကို ထိရောက်တဲ့ ပေါင်းစပ်မှုဖြစ်ပြီး အသုံးပြုသူတွေရဲ့ အတွေ့အကြုံကို အများကြီး မြင့်တက်လာနိုင်စေပါတယ်။ထို့အပြင် ဒီ Co-Branded ကဒ်က Visa ရဲ့ contactless နည်းပညာကိုသုံးထားတဲ့အတွက် ကဒ်အသုံးပြုသူတွေကို  ခေတ်မီစေပြီး လွယ်ကူလျှင်မြန် စိတ်ချလုံခြုံစွာငွေပေးချေစေနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီကဒ်ဟာ အီလက်ထရောနစ် ငွေပေးချေမှု ကို ပိုမိုတိုးတက်စေခြင်း၊ ဆက်သွယ်ရေးလုပ်ငန်းများနဲ့ ပူးပေါင်းမူကို မြင့်မားစေခြင်း credit card ဝန်ဆောင်မှုများကို မြှင့်တင်ပေးခြင်းတို့ကြောင့် မြန်မာနိုင်ငံအတွက် ငွေစက္ကူအသုံးပြုမှု နည်းပါးလာစေမယ်လို့ ယုံကြည်ပါတယ်။”

ဤ co-branded ကတ်များအား Visa မှ ထုတ်လုပ်ပေးထားသည့်အတွက် အသုံးပြုသူများသည် ကမ္ဘာတစ်ဝန်းရှိ ဈေးဝယ်နေရာပေါင်း ၅၃ သန်းကျော် တွင် အသုံးပြုသွားနိုင်မည်ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံတွင် Visa ကတ်အား လျှောက်ထားရယူအသုံးပြုသူများသည် နိုင်ငံတွင်းရှိ သတ်မှတ်ထားသော ဈေးဝယ်နေရာများမှ ပေးအပ်နေသည့် နိုင်ငံတကာသို့ ခရီးသွားလာခြင်း၊ အစားအသောက်၊ ဈေးဝယ်ယူမှုနှင့် အခြားသော အထူးပရိုမိုးရှင်း အစီအစဉ်များ အပါအဝင် များစွာသော အထူးအကျိုးခံစားခွင့်များကိုလည်း Visa ၏ ကိုယ်ပိုင် ပရီမီယမ်ပလက်ဖောင်းမှတဆင့် ရရှိခံစားသွားနိုင်မည် ဖြစ်သည်။

ထို့အပြင် အသုံးပြုသူများသည် အဆိုပါ co-branded visa ကတ်များအား ပြည်တွင်းတွင်ဖြစ်စေ၊ ပြည်ပတွင် ဖြစ်စေ အွန်လိုင်းမှတဆင့် ဈေးဝယ်ယူခြင်းနှင့် ဟိုတယ်ဘွတ်ကင်ပြုလုပ်ခြင်း စသည်တို့ အပါအဝင် များစွာသော ဝန်ဆောင်မှု များအား ရယူရာတွင် အသုံးပြုနိုင်မည်ဖြစ်သည်။ အလားတူပင် အဆိုပါ co-branded အကြွေးဝယ်ကတ်များအား ရယူအသုံးပြုသူများသည် အခြားများစွာသော အထူးအကျိုးခံစားခွင့်များနှင့် သီးသန့်အခွင့်အရေးများကိုလည်း ရရှိနိုင် မည် ဖြစ်သည်။

CB Telenor co-branded Visa အကြွေးဝယ်ကတ်များသည် မြန်မာနိုင်ငံတွင်ပြည်တွင်းဘဏ်တစ်ခုနှင့်ဆက်သွယ်ရေး အော်ပရေတာတစ်ခု အတူတကွ ပူးပေါင်းပေးအပ်သော ပထမဦးဆုံး ဝန်ဆောင်မှုဖြစ်သည်။ ကတ်များ အား လျှောက်ထားရယူသူ တစ်ဦးချင်းစီ၏ အများဆုံး အကြွေးဝယ်ယူနိုင်မည့် ပမာဏအတွက်မူ CB ဘဏ်သည် မြန်မာ နိုင်ငံတော် ဗဟိုဘဏ်မှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် အညီ ဆုံးဖြတ် ပေးအပ်မည်ဖြစ်သည်။

CB ဘဏ်နှင့် တယ်လီနောမြန်မာတို့အကြား လုပ်ငန်းပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေသည်မှာ ၄ နှစ် ကျော်ရှိခဲ့ပြီဖြစ်ပြီး CB ဘဏ်သည် မြန်မာနိုင်ငံတစ်ဝန်းရှိ တယ်လီနောမြန်မာ၏ ငွေကြေးစီမံခန့်ခွဲမှုလုပ်ငန်းဆောင်တာ အများစုအား တာဝန်ယူ ဆောင်ရွက်ပေးလျက် ရှိသည်။

CB ဘဏ်သည် မြန်မာနိုင်ငံတွင် အကြွေးဝယ်ကတ်များအား ပထမဆုံးစတင်မိတ်ဆက်ခဲ့သည့် ဘဏ်ဖြစ်ပြီး ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်၍ မိတ်ဆက်ခဲ့ခြင်း ဖြစ်ကာ ကတ်အသုံးပြုမှုပမာဏသည်လည်း နှစ်စဉ် မြင့်တက်လျက် ရှိသည်။ အသုံးပြုသူများသည် အကြွေးဝယ်ကတ်အား အသုံးပြု၍ ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများအတွက် ငွေပေးချေရာတွင် အကြွေးနှင့် ပေးချေနိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင်မှ ကျသင့်ငွေအား ပြန်လည် ပေးဆောင်နိုင်မည် ဖြစ်သည်။ ထို့အပြင် CB Bank အကြွေးဝယ်ကတ်အား ကိုင်ဆောင် အသုံးပြုသူများသည် သတ်မှတ်ထားသော ဈေးဝယ်နေရာများနှင့် ခရီးသွားလာရေး ဝန်ဆောင်မှု အေဂျင်စီများ တွင် Installment Payment Plan (IPP) အစီအစဉ်ဖြင့် အရစ်ကျငွေပေးချေမှုများကိုလည်း ဆောင်ရွက်သွားနိုင်မည် ဖြစ်သည်။

တယ်လီနောမြန်မာအကြောင်း

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်ဈေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများအား ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှ စတင်ပေးအပ်လျက်ရှိပြီး လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတဆင့် အကောင်းမွန်ဆုံးသော သုံးစွဲမှု အတွေ့အကြုံများအား ပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာသည် နိုင်ငံတဝန်းရှိ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၈,၃၀ဝ ကျော်ဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူပေါင်း ၁၈ သန်းကျော်ထံသို့ ၎င်း၏ 2G၊ 3G နှင့် 4G ကွန်ရက်များဖြင့် ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေတာများအနက်တစ်ခု ဖြစ်ပြီး စကင်ဒီ နေးဗီးယန်းဒေသနှင့် အာရှတိုက်တဝန်းတွင် အသုံးပြုသူပေါင်း ၁၇၆ သန်းကျော်အား ပိုင်ဆိုင်ထားကာ စီးပွားရေး လုပ်ငန်းများကို တာဝန်သိစွာ ဆောင်ရွက်ရန် ရည်သန်ထားပြီး လူမှုပတ်ဝန်းကျင် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဦးတည်ဆောင်ရွက်နေသည့် လုပ်ငန်းစုဖြစ်သည်။

တယ်လီနော လုပ်ငန်းစုအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com တွင်ဝင်ရောက်ကြည့်ရှုနိုင်သည်။ တယ်လီနော မြန်မာ အကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com.mm တွင်ဝင်ရောက်ကြည့်ရှုနိုင်သည်။

မီဒီယာများ ဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
Khinnuyin.myint@telenor.com.mm
တယ်လီနောမြန်မာ

ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
shweyinn.maroo@telenor.com.mm
တယ်လီနောမြန်မာ

 

CB Bank အကြောင်း

CB Bank သည် 1992 ခုနစ်တွင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံတွင် အကြီးဆုံးသော ပုဂ္ဂလိကဘဏ် များထဲမှ တစ်ဘဏ် ဖြစ်ပါသည်။ ဘဏ်ဝန်ဆောင်မှုလုပ်ငန်း၏ ဖောက်သည်များအပေါ် အကျိုးပြုမှုကိုပိုမိုထိရောက်လာစေရန် နည်းပညာများကိုအသုံးပြုပြီး လုပ်ဆောင်လျက်ရှိပါသည်။ 

  • ဘဏ်လုပ်ငန်းဆိုင်ရာ အဓိက အဆောက်အအုံများနှင့် နည်းပညာစနစ်များကို ကောင်းစွာ တည်ဆောက် ထားခြင်း 
  • ဒီဂျီတယ် ဘဏ်ဝန်ဆောင်မှုများ ကို ဖောက်သည်များအတွက် မိတ်ဆက်ခြင်း
  • ကုမ္ပဏီများ အခြားအဖွဲ ့အစည်းများနှင့် မဟာဗျူဟာကျသော လက်တွဲမှုများ လုပ်ဆောင်ခြင်း အစရှိသော လုပ်ဆောင်ချက်များ ပြုလုပ်ထားပါသည်။ 

(၂၆) နှစ်တာကာလ အတွင်း CB Bank သည် ဝန်ထမ်းပေါင်း (၃၀) ကျော်မှ ဝန်ထမ်းပေါင်း (၉၀ဝ၀) ခန့် အထိ တိုးချဲ့ ခန့်ထားနိုင်ခဲ့ပြီး ဘဏ်ခွဲပေါင်း ၂၂၀ ခန့်ကို ဖွင့်လှစ်ထားနိုင်ခဲ့ပါသည်။ customer များ၏ လိုအပ်ချက်များနှင့် အံဝင် ခွင်ကျဖြစ်အောင် စီမံထားသည့် ဘဏ်ဝန်ဆောင်မှုများကို ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် တစ်ဦးချင်း customer များအတွက် ဝန်ဆောင်မှုများကို အကောင်းဆုံး ပေးဆောင်နေပါ သည်။ 

မီဒီယာများ ဆက်သွယ်ရန်

ဦးမင်းသိန်း minthein@cbbank.com.mm 

Visa Inc အကြောင်း 

Visa Inc. (NYSE: V) သည် ကမ္ဘာတစ်ဝန်း ဒီဂျစ်တယ်ငွေပေးချေမှုလုပ်ငန်းနယ်ပယ်တွင် ဦးဆောင်နေသူတစ်ဦး ဖြစ်သည်။ Visa ၏ ရည်မှန်းချက်မှာ လူတစ်ဦးတစ်ယောက်ချင်း၊ စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေးနယ်ပယ်များ တိုးတက်အောင်မြင်လာစေရေးအတွက် ဆန်းသစ်၍ လုံခြုံစိတ်ချရဆုံးသော ငွေပေးချေမှုကွန်ရက်တစ်ခုကို ကမ္ဘာ တစ်ဝန်း ချိတ်ဆက်ပေးနိုင်ရန်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ခေတ်အမီဆုံးကွန်ရက်တစ်ခုဖြစ်သည့် VisaNet ကို အသုံးပြု၍ ကမ္ဘာတစ်ဝန်း လုံခြုံစိတ်ချစွာ ငွေပေးချေမှုများပြုလုပ်နိုင်သလို၊ သတင်းအချက်အလက်ပေါင်း ၆၅,ဝ၀ဝ ကျော်ကို တစ်စက္ကန့်အတွင်း လွှဲပြောင်းပေးပို့နိုင်ပါသည်။ Visa ကုမ္ပဏီအနေဖြင့် ဆန်းသစ်တီထွင်မှုအပေါ် စဉ်ဆက်မပြတ် အသားပေးလုပ်ဆောင်လာခဲ့ခြင်းကြောင့် ယခုအခါ မည်သည့်ကြားခံအသုံးပြုစက်ဖြင့်မဆို စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်လုပ်ဆောင်ရာ၌ လျင်မြန်စွာတိုးတက် ပြောင်းလဲမှုများဖြစ်ပေါ်လာခဲ့ကာ၊ လူတိုင်း၊ နေရာတိုင်းအတွက် ငွေသားကိုင်ဆောင်ရန် မလိုအပ်တော့သည့် အနာဂတ်တစ်ခုရရှိဖော်ဆောင်နိုင်ရေးအတွက် တွန်းအားတစ်ရပ်လည်း ဖြစ်စေပါသည်။ အန်နာလော့မှ ဒစ်ဂျစ်တယ်စနစ်ဆီသို့ ကမ္ဘာကြီးတစ်ခုလုံးက ကူးပြောင်းနေသည့်အချိန်တွင် ကောင်းမွန်သော စီးပွားရေးတစ်ရပ်လုံး၏အနာဂတ်ကို ပြန်လည်ပုံဖော်နိုင်ရေးအတွက် Visa အနေဖြင့် မိမိ၏ ကုန် အမှတ်တံဆိပ်၊ ထုတ်ကုန်များ၊ လူအင်အားနှင့် ကွန်ရက်တို့ကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ်သည်။ ပိုမိုပြည့်စုံသော သတင်းအချက်အလက်များအတွက် usa.visa.com/aboutvisa, visacorporate.tumblr.com နှင့် @VisaNews တွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။

 

Yangon
My Account
Live Chat
Share Share