တယ်လီနော၏ ပထမဆုံးအကြိမ် ဒစ်ဂျစ်တယ်နည်းပညာတတ်ကျွမ်းမှု နွေရာသီသင်တန်းသင်တန်းဆင်းပွဲကျင်းပ

30 May, 2017 - Yangon

  • ပထမအကြိမ် ဒစ်ဂျစ်တယ် နည်းပညာတက်ကျွမ်းမှု နွေရာသီသင်တန်းကိုကယားပြည်နယ် လွိုင်ကော်မြို့တွင် ရှေ့ပြေးဖွင့်လှစ်ခဲ့ 

 တယ်လီနော မြန်မာလိမိတက် (တယ်လီနော)၏ ပထမဆုံးအကြိမ် ဒစ်ဂျစ်တယ် နည်းပညာတတ်ကျွမ်းမှု နွေရာသီသင်တန်းသင်တန်းဆင်းပွဲကိုကယားပြည်နယ်ရှိအလယ်တန်း/အထက်တန်းကျောင်းသူကျောင်းသားများနှင့် အတူမေလ ၂၉ ရက်နေ့တွင် လွိုင်ကော်မြို့၌ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ပါသည်။ ယင်းအခမ်းအနားကိုကယားပြည်နယ် ၀န်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ကယားပြည်နယ်လွှတ်တော် ဥက္ကဌဦးလှထွေးနှင့် တယ်လီနော မြန်မာအမှုဆောင်အရာရှိချုပ် Lars Erik Tellmann တို့ကအမှာစကားပြောကြားဖွင့်လှစ်ပေးခဲ့ကြပါသည်။ အခမ်းအနားကို ပြည်နယ် အစိုးရ ၀န်ကြီးများ၊ ဌာနဆိုင်ရာအရာရှိများ၊ ကျောင်းအုပ်ဆရာဆရာမများ၊တယ်လီနော၏ အရာရှိချုပ်များနှင့် မိတ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သောဖွံ့ဖြိုးမှုအတွက် အိုင်စီတီအဖွဲ့မှ တာ၀န်ရှိသူများလည်း တက်ရောက်ခဲ့ကြပါသည်။ “ကယားပြည်နယ်ဟာဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာအများကြီးရှိနေပြီးတယ်လီနောရဲ့ အခု နွေရာသီအစီအစဉ်ဟာကျောင်းသူကျောင်းသူလူငယ်တွေအနေနဲ့ ဒစ်ဂျစ်တယ် နည်းပညာ ကျွမ်းကျင်မှု ရရှိလာစေပြီးကယား ပြည်နယ်နဲ့ အခြား ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ကြားဒစ်ဂျစ်တယ်နည်းပညာနားလည်တတ်ကျွမ်းမှု ကွာဟချက်ကိုတဖြည်းဖြည်းနဲ့ နည်းပါးစေဖို့ လုပ်ဆောင်မှု အဆင့်ငယ်တစ်ခု ဖြစ်ပါတယ်”ဟု Lars Erik Tellmann က ပြောကြားသည်။

“လူငယ်တွေဟာကျနော်တို့ လူ့ဘောင်အသိုင်းအ၀ိုင်းရဲ့ အနာဂတ်ဖြစ်ပြီးသူတို့အနေနဲ့ ဒစ်ဂျစ်တယ် နည်းပညာကိုနားလည် တတ်ကျွမ်းလာမှုဟာသူတို့ရဲ့ လူမှုအသိုင်းအ၀ိုင်းနဲ့ သူတို့ရဲ့ ဒေသကိုသာမကတစ်တိုင်းပြည်လုံးရဲ့ လူမှု အကျိုးစီးပွားကိုအပြုသဘောအထောက်အကူပြုတယ်လို့ ကျနော်တို့အနေနဲ့ အလေးအနက် ယုံကြည်ထားပါတယ်။ လူငယ် ကျောင်းသူကျောင်းသားတွေအနေနဲ့ သူတို့ရဲ့ ဒစ်ဂျစ်တယ် နည်းပညာတတ်ကျွမ်းမှု အရည်အသွေးတိုးတက်ဖို့ စိတ်ပါ၀င်စားမှု မြင့်မားတာကိုမျက်မြင်တွေ့မြင်ရတဲ့အတွက် အလွန်ပဲပီတီဖြစ်မိပါတယ်။ မြန်မာနိုင်ငံတစ်လွှားမှာရှိတဲ့ ကျား/မ လူငယ်တိုင်းတယ်လီနောရဲ့ ဒစ်ဂျစ်တယ်နည်းပညာတတ်ကျွမ်းမှု သင်တန်းတွေကိုအခမဲ့ တတ်ရောက်နိုင်မယ့် အခွင့်အရေးတွေ ရရှိစေဖို့ ကျနော်တို့အနေနဲ့လည်းမျှော်လင့်ထားပါတယ်”ဟု ၎င်းက ထပ်မံပြောကြားသည်။ ယခုပထမဆုံးအကြိမ် သင်တန်းတွင် ကယားပြည်နယ်ရှိအလယ်တန်းနှင့် အထက်တန်းကျောင်း ၁၀ ကျောင်းမှ ကျောင်းသူ/ သား ၁၂၀ ဦးသင်တန်းပြီးမြောက်ခဲ့ပြီး ၎င်းတို့သည် ပြီးမြောက်အောင်မြင်ကြောင်းအသိအမှတ်ပြု လက်မှတ်များကိုရရှိခဲ့ ကြပါသည်။

ကယားပြည်နယ် လွိုင်ကော်မြို့တွင် မေလ ၂ ရက်နေ့ကစတင်ကာရှေ့ပြေးဖွင့်လှစ်ခဲ့သည့် ယင်း နွေရာသီသင်တန်းကေို၀းလံသည့် တိုင်းရင်းသားဒေသများနှင့် ကျေးလက်တို့ရှိလူငယ်နှင့် ကျောင်းသူကျောင်းသားများဒစ်ဂျစ်တယ် နည်းပညာသိနားလည်မှုတိုးတက် မြင့်မားမှုအတွက် အထောက်အကူဖြစ်စေရန် တယ်လီနောကဖွင့်လှစ်လိုက်ခြင်း ဖြစ်ပါသည်။ ကျောင်းသူ/သားများသည် ကွန်ပျူတာနှင့် စမတ်ဖုန်းအခြေခံ ကျွမ်းကျင်မှု၊ လူမှုကွန်ရက် မိတ်ဆက်နှင့် ဘေးကင်းသောအင်တာနက် အသုံးပြုမှု စသည်တို့ကိုလေ့လာသင်ယူခဲ့ကြပါသည်။ ဘေးကင်းသောအင်တာနက် အသုံးပြုမှု ခေါင်းစဉ်အောက်တွင် ပညာရေးနှင့်ပတ်သက်သည့်အင်တာနက်၏အကျိုးကျေးဇူးများ၊အချက်အလက်များခိုးယူခံရခြင်း၊ဒစ်ဂျစ်တယ်အနိုင်ကျင့်မှုများ၊အင်တာနက်အခြေပြုလိင်ခေါင်းပုံဖြတ်မှုများ၊လိင်ပိုင်းဆိုင်ရာညစ်ညမ်းစာတိုများပေးပို့မှုများ၊အမုန်းစကားများ ဖြန့်ဖြူးခြင်းစသည်အွန်လိုင်းပေါ်တွင်ကြုံတွေ့နိုင်ရသောဘေးအန္တရာယ်ဖြစ်နိုင်ချေများကိုဟောပြောခြင်းများအပါအ၀င်အွန်လိုင်းတွင်လုံခြုံစိတ်ချစွာမည်သို့နေထိုင်နိုင်မည်ဆိုသောအချက်အလက်များပါ၀င်သည်။

ယခု နွေရာသီသင်တန်းများတွင် တယ်လီနောနှင့် ကယားပြည်နယ် အလင်းအိမ်အိုင်စီတီနည်းပညာဖွံ့ဖြိုးရေးစင်တာလုပ်ငန်းရှင်တို့နှင့်အတူဧပြီလကဖွင့်လှစ်ခဲ့သောဆရာဖြစ် သင်တန်းအောင်မြင်ပြီးဆုံးခဲ့သည့် ဒေသခံလူငယ်ဆရာ ၁၀ ဦးတို့ကပူးပေါင်းသင်ကြားပေးခဲ့ပါသည်။ တယ်လီနောသည်ယခုကဲ့သို့ နွေရာသီသင်တန်းအကောင်အထည် ဖော်ရန် အတွက် ဆရာဖြစ် သင်တန်းကိုတယ်လီနောနှင့် လုပ်ငန်းလက်တွဲလုပ်ကိုင်လျက်ရှိသည့် ဖွံ့ဖြိုးမှုအတွက် အိုင်စီတီအဖွဲ့(MIDO)နှင့် ကယားနှင့် မန္တလေးရှိတယ်လီနောအလင်းအိမ်လုပ်ငန်းရှင်တို့နှင့် ပူးပေါင်းဖွင့်လှစ်ခဲ့ပါသည်။

 

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor