Press Release

တယ်လီနောသည် ကမ္ဘာ့အမြန်ဆုံး မိုဘိုင်း ကွန်ရက်ဟု Ookla ကြေညာ

01 September, 2018 - Yangon

  • ၂၀၁၈ ခုနှစ်၊ ဒုတိယ သုံးလပတ်ကာလအတွက် Speedtest app ဖြင့် တိုင်းတာချက်များအရ တယ်လီနောသည် ကမ္ဘာ့အမြန်ဆုံး မိုဘိုင်းကွန်ရက်ကို ပိုင်ဆိုင်ထားကြောင်း တွေ့ရှိရ

 ကမ္ဘာတစ်ဝန်းရှိ မိုဘိုင်းဖုန်းအသုံးပြုသူများထံမှ ရရှိသော ကွန်ရက် အမြန်နှုန်း တိုင်းတာချက်များကို ဆန်းစစ်လေ့လာသည့် Ookla ၏ တိုင်းတာချက်များအရ တယ်လီနော နော်ဝေသည် ကမ္ဘာ့ အမြန်ဆုံး မိုဘိုင်းကွန်ရက်ကို ပိုင်ဆိုင်ထားကြောင်း တွေ့ရှိရသည်။ 

မိုဘိုင်းကွန်ရက် အသုံးပြုသူများသည် ၎င်းတို့၏ broadband သို့မဟုတ် မိုဘိုင်း အင်တာနက်ကွန်ရက်များ၏ အမြန်နှုန်းကို တိုင်းတာလိုပါက Ookla® ၏ Speedtest® အပလီကေးရှင်းကို အသုံးပြု၍ တိုင်းတာလေ့ရှိကြသည်။ ၂၀၁၈ ခုနှစ်၊ ဒုတိယသုံးလပတ်ကာလအတွက် ကွန်ရက်အမြန်နှုန်းများအား Speedtest app ကို အသုံးပြု၍ တိုင်းတာ ခဲ့ရာတွင် တယ်လီနောသည် ကမ္ဘာ့အမြန်ဆုံး မိုဘိုင်းကွန်ရက်ကို ပိုင်ဆိုင်ထားကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုင်းတာမှုရလဒ်နှင့် ပတ်သက်၍ Ookla ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Doug Suttles က “ကမ္ဘာ့တိုက်ကြီး အသီးသီးမှာရှိတဲ့ ကွန်ရက်တွေကို စေ့စေ့စပ်စပ်တိုင်းတာခဲ့ရာမှာ အံ့အားသင့်ဖွယ်ကောင်းလောက်တဲ့ မိုဘိုင်းကွန်ရက် အမြန်နှုန်းတွေကို ကျွန်တော်တို့တွေ့ရှိခဲ့ပါတယ်။ တယ်လီနောဟာ ကမ္ဘာ့အမြန်ဆုံးကွန်ရက်အမြန်နှုန်းကို ပိုင်ဆိုင် ထားပြီး အခြားမိုဘိုင်းအော်ပရေတာတွေ ရည်မှန်းချက်ထားပြီး ကြိုးပမ်းရမယ့် အမြန်နှုန်းစံချိန်ကို တင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်” ဟု ပြောကြားကြောင်း တယ်လီနောနော်ဝေက ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ဤ အောင်မြင်မှုနှင့် ပတ်သက်၍ တယ်လီနောလုပ်ငန်းစု၏ ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Sigve Brekke က “မြန်ဆန်ပြီး ယုံကြည်စိတ်ချရတဲ့ ဆက်သွယ်ချိတ်ဆက်နိုင်စွမ်းဟာ ဒစ်ဂျစ်တယ် လူ့အဖွဲ့အစည်းအတွက် အခြေခံ အုတ်မြစ်ဖြစ်သလို အသုံးပြုသူတွေရဲ့ လူနေမှုဘဝအခြေအနေဟာလည်း ဆက်သွယ်ချိတ်ဆက်နိုင်မှုအပေါ် အများကြီး မူတည်နေပါတယ်။ တယ်လီနောနော်ဝေဟာ နော်ဝေနိုင်ငံတွင်းမှာသာမက ကမ္ဘာတဝှမ်းလုံးမှာပါ အမြန်ဆုံး မိုဘိုင်း ကွန်ရက်ကို ပိုင်ဆိုင်ထားကြောင်း အသိအမှတ်ပြုခံရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပြီး ဒါဟာ ကျွန်တော်တို့ရဲ့ ကျွမ်းကျင်မှု၊ အတွေ့အကြုံနဲဲ့ ရည်သန်ချက်တွေ ပေါင်းစပ်ပြီးရရှိလာတဲ့ အောင်မြင်မှုတစ်ခုပဲ ဖြစ်ပါတယ်” ဟု ပြောကြား သည်။

“ဒီလိုအောင်မြင်မှုအတွက် တယ်လီနောနော်ဝေက လုပ်ဖော်ကိုင်ဖက်တွေအစား ဂုဏ်ယူမိပါတယ်။ အသုံးပြုသူတွေ အတွက် အကောင်းမွန်ဆုံး မိုဘိုင်းဒေတာကွန်ရက်တွေကို တည်ဆောက်ပေးဖို့ဆိုတာ တယ်လီနောရဲ့ခံယူချက်ဖြစ်ပါ တယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း မိုဘိုင်းကွန်ရက်ကို ဒေတာအတွက် အဓိကထားအသုံးပြုကြပြီး အသုံးပြုသူတွေဟာ လည်း ကောင်းသထက်ကောင်းတဲ့ ဝန်ဆောင်မှုတွေကိုအသုံးပြုဖို့ အမြဲတမ်းစိတ်အားထက်သန်ကြပါတယ်။ သူတို့တွေ အတွက် အကောင်းမွန်ဆုံး အသုံးပြုမှုအတွေ့အကြုံတွေ ပေးအပ်နိုင်ဖို့ အကောင်းမွန်ဆုံးနဲ့ အကျယ်ပြန့်ဆုံးသော ဒေတာကွန်ရက်ကို တယ်လီနောမြန်မာ နိုင်ငံတဝန်းမှာ ဖြန့်ကျက်ထားပြီး ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Sharad Mehrotra က ပြောကြားသည်။

၂၀၁၈ ခုနှစ်၊ ဒုတိယ ၃ လပတ်တွင် အမြန်နှုန်း စမ်းသပ်မှု အကြိမ်အရေအတွက် ၁ သိန်း ၂ သောင်းခန့်ကို နော်ဝေ နိုင်ငံတွင် ပြုလုပ်ခဲ့သည်။ တယ်လီနောအသုံးပြုသူများ နေရာအနှံ့တွင် အသုံးပြုရင်း ကိုယ်တိုင်စမ်းသပ်ထား သည့် ရလဒ်များကိုပါ ပေါင်းစပ်ထားသည့်အတွက် ယခုရလဒ်သည် ပိုမိုတန်ဖိုးရှိပြီး ယုံကြည်စိတ်ချရသည်ဟု ဆိုနိုင်သည်။ ထို့နောက်တွင် ရရှိလာသည့် ပျှမ်းမျှအမြန်နှုန်းကို အခြားနိုင်ငံအသီးသီး၏ ပျှမ်းမျှအမြန်နှုန်းများနှင့် နှိုင်းယှဉ် တိုင်းတာ ခဲ့ရာ တယ်လီနောအသုံးပြုသူများ ရရှိခဲ့သော ဒေါင်းလုတ်အမြန်နှုန်းသည် တစ်စက္ကန့်လျှင် ၇၂ ဒသမ ၀၅ မဂ္ဂါဘိုက် အထိ ရှိခဲ့သည်ဟု Ookla ၏ ထုတ်ပြန်ချက်အရ သိရသည်။ လက်ရှိတွင် နော်ဝေနိုင်ငံ စုစုပေါင်းလူဦးရေ၏ ၉၉ ဒသမ ၄ ရာခိုင်နှုန်းကို တယ်လီနော၏ 4G ကွန်ရက်ဖြင့် လွှမ်းခြုံထားနိုင်ခဲ့ပြီး ဖြစ်သည်။

တယ်လီနောနော်ဝေ နည်းတူ တယ်လီနောမြန်မာသည်လည်း ၂၀၁၇ ခုနှစ်၊ ဒုတိယနှစ်ဝက်၌ မိုဘိုင်းနှင့် ဝက်ဘ်ဆိုက်မှ တဆင့် အသုံးပြုသူများကိုယ်တိုင် စမ်းသပ်ထားသည့် အမြန်နှုန်း စစ်ဆေးမှုသန်းပေါင်းများစွာကို အခြေခံထားသော ရလဒ်များအရ ၂၀၁၇ ခုနှစ် အတွက် အမြန်ဆုံး 4G ကွန်ရက်ကို ဆွတ်ခူးရရှိိခဲ့ဖူးသည်။ ထိုဆုကို ရရှိပြီးနောက်တွင် လည်း တယ်လီနောမြန်မာသည် နိုင်ငံတွင်းရှိ ၎င်း၏အကောင်းဆုံးကွန်ရက်အနေအထားကို ထိန်းသိမ်းနိုင်ရန်အတွက် ကွန်ရက်ဆိုင်ရာကိုယ်စားလှယ်ဖြစ်သော 4G Leo အစီအစဉ်ကို စတင်ခဲ့ပြီး အဆင့်မြင့်နည်းပညာသုံး ကွန်ရက် စစ်ဆေးမှုကိရိယာများ တပ်ဆင်ထားသည့် အထူးမော်တော်ယာဉ်ဖြင့် နိုင်ငံအနှံ့လှည့်လည်ကာ ဒေသခံများနှင့်တွေ့ဆုံ ခြင်း၊ ကွန်ရက်အရည်အသွေးတိုင်းတာ စစ်ဆေးခြင်းများကို ပြုလုပ်လျက်ရှိသည်။

တယ်လီနောမြန်မာ

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်စျေးနှုန်းဖြင့် လွယ်ကူစွာရယူနိုင်သည့် မိုဘိုင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများအား ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှ စတင်ပေးအပ်လျက်ရှိပြီး လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတဆင့် အကောင်းမွန်ဆုံးသော သုံးစွဲမှု အတွေ့အကြုံများအား ပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာသည် နိုင်ငံတဝန်းရှိ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၈,၀၀၀ ကျော်ဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူပေါင်း ၁၉ သန်းကျော်ထံသို့ ၎င်း၏ 3G နှင့် 4G ကွန်ရက်များဖြင့် ဝန်ဆောင်မှုများ ပေးအပ်လျက် ရှိသည်။ တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစု ဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးမားဆုံးသော မိုဘိုင်းအော်ပရေတာများအနက် တစ်ခု ဖြစ်ပြီး စကင်ဒီနေးဗီးယန်းဒေသနှင့် အာရှတိုက်တဝန်းတွင် အသုံးပြုသူပေါင်း ၁၇၂ သန်းကျော်အား ပိုင်ဆိုင်ထားသည်။

တယ်လီနောလုပ်ငန်းစုအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။
တယ်လီနောမြန်မာအကြောင်း ပိုမိိုသိရှိလိုပါက https://www.telenor.com.mm/ တွင် ဝင်ရောက် ကြည့်ရှုနိုင်သည်။

မီဒီယာများဆက်သွယ်ရန်

ရွှေယင်းမာဦး 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : shweyinn.maroo@telenor.com.mm

Yangon
My Telenor