Press Release

တယ်လီနောဝန်ဆောင်မှုများအား အသုံးပြုသူများ အလွယ်တကူရယူနိုင်စေရန် ထူးခြားဆန်းသစ် သည့် နောက်ဆုံးပေါ် အက်ပလီကေးရှင်းအား တယ်လီနော မိတ်ဆက်

25 February, 2019 - Yangon

  • ပိုမိုအသုံးပြုရလွယ်ကူပြီး တယ်လီနောက ပေးအပ်နေသော ဝန်ဆောင်မှုများ၊ ပရိုမိုးရှင်းများအား တစ်နေရာတည်းတွင် အလွယ်တကူ ရယူနိုင်သည့် ပလက်ဖောင်းတစ်ခုအဖြစ် MyTelenor app အား အဆင့်မြှင့်တင်
  • အသုံးပြုသူများ အနေဖြင့် ဒေတာလက်ဆောင်များ ရရှိနိုင်မည့် ရှယ် Shake’ လုပ်ဆောင်ချက် အသစ်၊ နိုင်ငံတကာ ငွေပေးချေကတ်များအား အသုံးပြု၍ ဖုန်းငွေဖြည့်သွင်းနိုင်သည့် လုပ်ဆောင်ချက် အပါအဝင် များစွာသော အကျိုးခံစားခွင့် အသစ်များအား ရရှိသွားနိုင်မည် ဖြစ်

အသုံးပြုသူများအနေဖြင့် တယ်လီနော၏ ၀န်ဆောင်မှုများအား ပိုမို အဆင်ပြေလွယ်ကူစွာဖြင့် တစ်နေရာတည်းတွင် အလွယ်တကူရယူနိုင်စေရန် ရည်ရွယ်ချက်ဖြင့် တယ်လီနောမြန်မာ သည် ၎င်း၏ MyTelenor App အား ပိုမိုစိတ်လှုပ်ရှားစရာကောင်းသည့် ဒီဇိုင်း၊ လုပ်ဆောင်ချက်များနှင့် အစီအစဉ် များစွာဖြင့် အဆင့်မြှင့်တင်ကာ MyTelenor app 3.0 အဖြစ် ဗားရှင်းအသစ် စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။ တယ်လီနောသုံးစွဲသူများအနေဖြင့် MyTelenor App အသစ်အား အွန်လိုင်းမှတဆင့် ဒေါင်းလုတ်ရယူ၍ ဖြစ်စေ၊ လက်ရှိ ရှိနေပြီးသော MyTelenor App အား အဆင့်မြှင့်တင်ခြင်းဖြင့်ဖြစ်စေ အလွယ်တကူ ရယူသွားနိုင်မည် ဖြစ်ပြီး တယ်လီနောမြန်မာက ပေးအပ်နေသည့် ဝန်ဆောင်မှုများနှင့် ပရိုမိုးရှင်းများအားလုံးကို တစ်နေရာတည်းတွင် ပိုမို အဆင်ပြေ လွယ်ကူစွာ စီမံခန့်ခွဲရယူသွားနိုင်မည် ဖြစ်သည်။

“ဆက်သွယ်ရေးကဏ္ဍရဲ့ ဦးဆောင်တီထွင်သူ အော်ပရေတာတစ်ဦးဖြစ်တဲ့ တယ်လီနောအနေနဲ့ ပြည်သူတွေရဲ့ နေ့စဉ် ဘဝတွေမှာ ပိုမိုအသုံးဝင်စေမယ့် ဝန်ဆောင်မှုတွေ၊ ထုတ်ကုန်တွေကို တီထွင်ပေးအပ်သွားဖို့ အစဉ်မပြတ် ကြိုးပမ်း လုပ်ဆောင်နေပါတယ်။ ဒါ့အပြင်သုံးစွဲသူတွေကို ဒစ်ဂျစ်တယ်အတွေ့အကြုံတွေ ပိုမိုပေးအပ်နိုင်ဖို့ ရည်မှန်းထားတာနဲ့ အညီ သုံးစွဲသူတွေအနေနဲ့ တယ်လီနောရဲ့ ၀န်ဆောင်မှုတွေကို သူတို့ရဲ့လက်တကမ်းမှာ အလွယ်တကူရယူနိုင်ဖို့လည်း ဆက်လက်ကြိုးပမ်းနေပါတယ်။ အခုအဆင့်မြှင့်တင်ထားတဲ့ MyTelenor App အသစ်ဟာဆိုရင်လည်း သုံးစွဲသူ တစ်ဦးချင်းစီရဲ့သုံးစွဲမှုပမာဏအပေါ်မူတည်ပြီး အသင့်တော်ဆုံးနဲ့ အကောင်းမွန်ဆုံးသော ဝန်ဆောင်မှုတွေ၊ အစီအစဉ် တွေကို ပေးအပ်ပေးသွားမှာဖြစ်လို့ တယ်လီနောရဲ့ ဆန်းသစ်မှုအရှိဆုံး သူမတူတဲ့ တီထွင်မှုတစ်ခုလို့ ပြောနိုင်ပါတယ်။ App အသစ်ရဲ့ စိတ်လှုပ်ရှားစရာ လုပ်ဆောင်ချက်အသစ်တွေကြောင့် တယ်လီနောသုံးစွဲသူတွေအနေနဲ့ ဝန်ဆောင်မှု တွေကို ပိုမိုအဆင်ပြေလွယ်ကူမှုရှိစွာ ရယူနိုင်ပြီး ပျော်ရွှင်နှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု တယ်လီနော မြန်မာ၏ စျေးကွက်ဖော်ဆောင်ရေးအရာရှိချုပ် Amaresh Kumar က ပြောကြားသည်။

MyTelenor 3.0 မှာ ဘယ်လိုလုပ်ဆောင်ချက် အသစ်တွေ ပါဝင်သလဲ။

ရိုးရှင်းပြီး အသုံးပြုရလွယ်ကူသည့် ဒီဇိုင်းပုံစံအသစ်ဖြင့် ဖွဲ့စည်းထားသည့်အပြင် MyTelenor App 3.0 ၏ လုပ်ဆောင်ချက်အသစ်တစ်မျိုးဖြစ်သည့် ‘ရှယ် Shake’ လုပ်ဆောင်ချက်သည် တယ်လီနောဒေတာ အသုံးပြုသူများ အတွက် အပိုထပ်ဆောင်း ဒေတာလက်ဆောင်များပေးအပ်သွားမည် ဖြစ်သည်။ “ရှယ်သုံး ရှယ်ရ” ဟူသည့် ဆောင်ပုဒ် နှင့်အညီ အသုံးပြုသူများသည် MyTelenor App မှတဆင့် ဒေတာစုဘူးပမာဏ ၇၀၀ မဂ္ဂါဘိုက် တစ်ကြိမ် ဝယ်ယူတိုင်း ‘ရှယ် Shake’ လုပ်ဆောင်ချက်ကို ကံစမ်းနိုင်မည်ဖြစ်ပြီး အနည်းဆုံး ၁၀၀ MB မှ အများဆုံး ၁၀၀ GB အထိ အပိုထပ်ဆောင်း ဒေတာလက်ဆောင်များအား ဗလာမပါဘဲ ရယူသွားနိုင်မည်ဖြစ်သည်။ ဒေတာစုဘူး ၇၀၀ MB တစ်ကြိမ် ဝယ်ယူပြီးသည်နှင့်တစ်ပြိုင်နက် ‘ရှယ် Shake’ လုပ်ဆောင်ချက်သည် ဖုန်းမျက်နှာပြင်တွင် ပေါ်ပေါက်လာ မည်ဖြစ်ပြီး အသုံးပြုသူများအနေနှင့် ဖုန်းအား လှုပ်ခါလိုက်ရုံမျှဖြင့် အပိုထပ်ဆောင်း ဒေတာလက်ဆောင်များအား ကံစမ်းရယူသွားနိုင်မည် ဖြစ်သည်။ ‘ရှယ် Shake’ လုပ်ဆောင်ချက်သည် MyTelenor 3.0 App အသစ်၏ ကနဦး ၀န်ဆောင်မှုဖြစ်ပြီး ၂၀၁၉ မတ်လ ၇ ရက်နေ့အထိ app ပေါ်တွင် ရှိနေမည်ဖြစ်သည်။

MyTelenor App 3.0 တစ်ခုတည်းတွင်သာ ရရှိနိုင်သည့် အခြားသော လုပ်ဆောင်ချက်အသစ်တစ်ခုအဖြစ် MPU၊ VISA နှင့် MasterCard အစရှိသည့် နိုင်ငံတကာသုံးငွေပေးချေကတ်များ အသုံးပြု၍ ၎င်းတို့၏ တယ်လီနော ဆင်းမ်ကတ်များအား ဖုန်းငွေဖြည့်သွင်းသွားနိုင်မည်ဖြစ်သည်။ တယ်လီနောသည် မြန်မာနိုင်ငံတွင် နိုင်ငံတကာသုံး အကြွေးဝယ် ကတ်များ၊ ဘဏ်မှတဆင့် ငွေပေးချေမှုစနစ်များ ပူးပေါင်းထည့်သွင်းထားသည့် ပထမဆုံး ဘက်စုံသုံး ဆက်သွယ်ရေးဆိုင်ရာ အက်ပလီကေးရှင်းကို စတင်မိတ်ဆက်သည့် အော်ပရေတာဖြစ်လာသည်။ app အသစ်တွင် ဖုန်းဘေလ်ကုန်သွားသည့်အခါတွင်လည်း ဆက်လက်သုံးစွဲနိုင်ပြီး ထပ်မံငွေဖြည့်သွင်းနိုင်မည့် လုပ်ဆောင်ချက်ပါ၀င် သည်။

ထို့အပြင် တယ်လီနော၏ စတားအဆင့်ရ အသုံးပြုသူများသည်လည်း ၎င်းတို့၏ သက်ဆိုင်ရာ စတားအဆင့်များအား MyTelenor App မှတဆင့် စစ်ဆေးသွားနိုင်မည်ဖြစ်ပြီး ရရှိနိုင်မည့် အထူးခံစားခွင့်များနှင့် တယ်လီနော၏ မိတ်ဖက် များထံမှ အထူးအစီအစဉ်များကိုလည်း အက်ပလီကေးရှင်းမှတဆင့် အလွယ်တကူ ရယူသွားနိုင်မည် ဖြစ်သည်။

“MyTelenor App 3.0 ဟာ ဖုန်းဆက်သွယ်ရေးနဲ့ပတ်သက်ပြီး သုံးစွဲသူတွေ နေ့စဉ်ပြုလုပ်နေရတဲ့ လုပ်ငန်းဆောင်တာ တွေအားလုံးကို တစ်နေရာတည်းမှာအလွယ်တကူ လုပ်ဆောင်သွားစေနိုင်သလို အကျိုးခံစားခွင့်အများအပြားကို ချက်ချင်းရယူသွားနိုင်မယ့် အက်ပလီကေးရှင်းတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် လာမယ့်ကာလတွေမှာလည်း ဒီထက်ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ လုပ်ဆောင်ချက်များစွာကို ထပ်မံဖြည့်သွင်းပေးသွားဖို့လည်း လုပ်ဆောင်နေတာကြောင့် တယ်လီနောသုံးစွဲသူတစ်ဦးတစ်ယောက်ချင်းစီအနေနဲ့ သူတို့ရဲ့ MyTelenor App တွေကို အခုပဲ အဆင့်မြှင့်တင်ကြဖို့ တိုက်တွန်းလိုပါတယ်။ အသုံးပြုသူတွေအနေနဲ့ တယ်လီနောမြန်မာရဲ့ အစီအစဉ်အသစ်တွေ၊ ပရိုမိုးရှင်းတွေ၊ ဝန်ဆောင်မှုတွေနဲ့ အခြားနောက်ဆုံးပေါ် အကြောင်းအရာတွေကို အမြဲမပြတ်သိရှိနိုင်စေဖို့အတွက် MyTelenor App ကို ပုံမှန်စစ်ဆေးကြည့်ရှုကြပါလို့လည်း အကြံပေးလိုပါတယ်” ဟု တယ်လီနောမြန်မာ၏ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုပိုင်း ဆိုင်ရာ အကြီးအကဲဖြစ်သူ Chan May Ling က ဖြည့်စွက်ပြောကြားသည်။

MyTelenor App ဆိုတာ ဘာလဲ။

MyTelenor App သည် တယ်လီနောက ပေးအပ်နေသည့် ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ၊ အစီအစဉ်များနှင့် အကျိုးခံစားခွင့်များအား သုံးစွဲသူများ တစ်နေရာတည်းတွင် လွယ်ကူစွာ ရယူအသုံးပြုနိုင်မည့် အက်ပလီကေးရှင်း တစ်ခုဖြစ်ပါသည်။ တယ်လီနောသုံးစွဲသူများအနေဖြင့် MyTelenor App ကို အသုံးပြုကာ အောက်ပါတို့ကို ပြုလုပ်နိုင် မည် ဖြစ်သည်။

  • ဖုန်းငွေလက်ကျန်၊ အခြားဒေတာ အသုံးပြုမှုများနှင့် အထူးအစီအစဉ်များအား အလွယ်တကူ စစ်ဆေးနိုင်ခြင်း
  • တယ်လီနော စတားအဆင့်များနှင့် ရရှိနိုင်သည့် အကျိုးခံစားခွင့်များအား ကြည့်ရှုနိုင်ခြင်း
  • သုံးစွဲသူတစ်ဦးချင်းစီအတွက် အထူးရွေးချယ်ပေးအပ်နေသည့် ဒေတာပက်ကေ့ချ်များနှင့် အစီအစဉ်များအား အလွယ်တကူ ရွေးချယ်ဝယ်ယူနိုင်ခြင်း
  • စစ်ဆေးသည့်နေ့နှင့် မတိုင်မီတစ်ရက်က ပြုလုပ်ခဲ့သော ဖုန်းခေါ်ဆိုမှု၊ စာတိုပေးပို့မှု၊ ဒေတာအသုံးပြုမှုနှင့် အခြားသောဝန်ဆောင်မှုများအတွက် ကုန်ကျငွေနှင့် လက်ကျန်ငွေပမာဏတို့အား ပြည့်စုံစွာ ကြည့်ရှု စစ်ဆေးနိုင်ခြင်း
  • မည်သည့် တယ်လီနော ဖုန်းနံပါတ်ကိုမဆို အီလက်ထရွန်နစ်စနစ်ဖြင့် ဖြစ်စေ၊ QR Code မှတဆင့်ဖြစ်စေ ဖုန်းငွေ ဖြည့်သွင်းပေးနိုင်ခြင်း
  • ဖုန်းဘေလ်ဆိုင်ရာ အချက်အလက်အသေးစိတ်အား ကြည့်ရှုနိုင်ခြင်း (မပေးဆောင်ရသေးသည့် ပမာဏ၊ စုစုပေါင်းပေးဆောင်ရန်ကျန်ရှိသည့် ပမာဏ၊ ငွေစာရင်းရှင်းတမ်းရက်စွဲ၊ အကြွေးရယူနိုင်သည့် ပမာဏ၊ ငွေပေးဆောင်မှုစာရင်းများအား ကြည့်ရှုနိုင်မည့်အပြင် ပေးဆောင်ရမည့်စာရင်းကိုလည်း PDF ပုံစံဖြင့် ဒေါင်းလုတ်ရယူနိုင်မည် ဖြစ်သည်)
  • အခြား တယ်လီနောမြန်မာ ဖုန်းနံပါတ်များသို့ ဖုန်းဘေလ် လွှဲပြောင်းပေးနိုင်ခြင်း
  • တယ်လီနောဆင်းမ်ကတ်များအား မှတ်ပုံတင်ထားခြင်း ရှိမရှိ အလွယ်တကူ စစ်ဆေးကာ မှတ်ပုံတင်နိုင်ခြင်း
  • တယ်လီနော အမှတ်တံဆိပ်အရောင်းဆိုင်များ၏ တည်နေရာများအား ရှာဖွေနိုင်ခြင်း
  • တယ်လီနောမြန်မာ၏ 4G ကွန်ရက်လွှမ်းခြုံထားသော နေရာများအား ကြည့်ရှုနိုင်ခြင်း
  • အမေးများသောမေးခွန်းများအတွက် အဖြေများအား ကြည့်ရှုနိုင်ခြင်း

မီဒီယာများ ဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
Khinnuyin.myint@telenor.com.mm
တယ်လီနောမြန်မာ

ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
shweyinn.maroo@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Telenor
Share Share