Press Release

တယ်လီနောလူငယ်ဖိုရမ်သို့ မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်မည့် လူငယ် နှစ်ဦး အား အပြီးသတ် ရွေးချယ်

03 September, 2018 - Yangon

  • ဆဋ္ဌမအကြိမ်မြောက် နှစ်စဉ် တယ်လီနော လူငယ်ဖိုရမ်ကို နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ၂၀၁၈ ခုနှစ်၊  ဒီဇင်ဘာလ ၈ ရက်မှ ၁၁ ရက်နေ့အထိ ကျင်းပသွားမည် 
  • ကိုယ်စားလှယ်များမှ ကမ္ဘာတဝန်းရှိ လူမှုရေးရာ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန်အတွက် အချိန်ယူ၍ ကြိုးပမ်းသွားမည်

နှစ်စဉ် ဒီဇင်ဘာလ၌ ကျင်းပသော နော်ဝေနိုင်ငံ အောစလိုမြို့ရှိ တယ်လီနော လူငယ်ဖိုရမ်သို့  မြန်မာနိုင်ငံ ကိုယ်စားပြု၍ တက်ရောက်မည့် လူငယ်နှစ်ဦးအား အပြီးသတ်ရွေး ချယ်လိုက်ပြီဖြစ်သည်။ သြဂုတ်လ ၃၀ ရက်နှင့် ၃၁ ရက်နေ့တို့တွင် ကျင်းပသည့် လေ့ကျင့်ရေး အလုပ်ရုံ ဆွေးနွေးပွဲပြီးနောက် ဆန်ကာတင်လူငယ် ၂၀ ဦးအနက်မှ ကိုသီဟဇော်နှင့် မနန်းယဉ်ယဉ်ဝင်းနွယ်တို့ကို ကိုယ်စားလှယ် ၂ ဦးအဖြစ် အပြီးသတ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ 
ယခုနှစ် တယ်လီနော လူငယ်ဖိုရမ်၏ ခေါင်းစဉ်မှာ ထွန်းလင်းတောက်ပသော လူငယ်များ၏ အတွေးအခေါ်များကို အခြေခံပြီး လူသားချင်း မညီမျှမှုများ လျော့ချရေး၊ လူမှုရေးရာ စိန်ခေါ်မှုများကို တိုက်ဖျက်ခြင်းဖြင့် ကမ္ဘာပေါ်တွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာရေးတို့ဖြစ်ပြီး ပိုမိုကောင်းမွန်သော အနာဂတ်ပေါ်ထွန်းလာနိုင်ရန်အတွက်လူငယ်များ ကို ပ့ံပိုးပေးခြင်းပင် ဖြစ်သည်။ ဤရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရေး လူငယ်ကိုယ်စားလှယ်များ ရွေးချယ်နိုင်ရန်အတွက် တယ်လီနော မြန်မာသည် ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် Seedstars နှင့် ပူးပေါင်းပြီး ဆန်ကာတင်လူငယ်များဖြင့် ကနဦး အလုပ်ရုံဆွေးနွေးပွဲကို ၂ ရက်တိုင် ပြုလုပ်ပေးခဲ့သည်။

ဤ အလုပ်ရုံဆွေးနွေးပွဲတွင် နည်းပညာနှင့် လူမှုရေးဆိုင်ရာ စွန့်ဦးတီထွင် ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များက တက်ရောက်လာသူ လူငယ်များအား လမ်းပြသင်ကြားပေးခဲ့ကြသည်။ အစီအစဉ်ပြီးဆုံးချိန်တွင် လူငယ်များက ၎င်းတို့၏စိတ်ကူးကြံဆမှုများကို ဂျူရီလူကြီးများထံ တင်ပြခဲ့ကြသည်။ ဖန်တီးနိုင်စွမ်း၊ စိတ်အားထက်သန်မှုနှင့် အပြန်အလှန် ရှင်းလင်းတင်ပြနိုင်မှုတို့ကို အခြေခံ၍ အော်စလိုနှင့် ဘန်ကောက်တို့တွင်ကျင်းပမည့် ဖိုရမ်ကို တက်ရောက်ရမည့် လူငယ် ၂ ဦးကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

နိုဘယ်လ် ငြိမ်းချမ်းရေးစင်တာနှင့် ပူးပေါင်းဆောင်ရွက်သည့် တယ်လီနော လူငယ်ဖိုရမ်သည် တယ်လီနော ဝန်ဆောင်မှု ပေးအပ်နေသည့် နိုင်ငံ ၈ နို်င်ငံမှ ထူးချွန်လူငယ်များကို တွေ့ဆုံပေးပြီး မညီမျှမှုများ လျော့ချရေး၊ လူ့အဖွဲ့အစည်းများကို မြှင့်တင်ပေးနိုင်ရေးစသည့် စိန်ခေါ်မှုများကို ဒစ်ဂျစ်တယ်နည်းလမ်းများဖြင့် ဖြေရှင်း နိုင်ရေး ဆွေးနွေးရသည့် ဖိုရမ်တစ်ခုဖြစ်သည်။

အောစလိုမြို့တွင် တယ်လီနော လူငယ်ဖိုရမ်ရှိ နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များသည် ကမ္ဘာပေါ်ရှိ လူမှုရေးရာ စိန်ခေါ်မှုများကို ဖြေရှင်းပေးနိုင်မည့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုကို ဖန်တီးရသည့် အစီအစဉ်တွင် ပါဝင်ဆောင်ရွက် ရမည် ဖြစ်သည်။ ထို့အပြင် နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်သည့် ပွဲတော်အစီအစဉ်များနှင့် ဒစ်ဂျစ်တယ်နည်း ပညာနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့၏ ဆက်နွယ်မှုများကိုလည်း လေ့လာခွင့်ရရှိမည်ဖြစ်သည်။ တယ်လီနော လူငယ်ဖိုရမ် ကိုယ်စားလှယ်များအနေဖြင့် ၂၀၁၈/၁၉ ခုနှစ် တလျှောက်လုံးအတွက် ချမှတ်ထားသည့် အစီအစဉ် များတွင် ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ပြီး နိုဘယ်လ်ငြိမ်းချမ်းရေးစင်တာနှင့် ပူးပေါင်းပြီး ၎င်းတို့၏ လူမှုအကျိုးပြု ဒစ်ဂျစ်တယ်ဝန်ဆောင်မှုကို ဆက်လက် ဖော်ဆောင်သွားရမည် ဖြစ်သည်။ 

“ရွေးချယ်ခံလိုက်ရတဲ့ လူငယ်ကိုယ်စားလှယ် ၂ ဦးအတွက် ဂုဏ်ယူဝမ်းမြောက်မိသလို နိုင်ငံအသီးသီးက ကိုယ်စားလှယ်တွေနဲ့  ပူးပေါင်းဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေမှာ အကောင်းဆုံး ဆောင်ရွက်ပါစေလို့ ဆုမွန် ကောင်းတောင်းပေးလိုက်ပါတယ်။ ဒီနှစ် နောက်ဆုံး ဆန်ကာတင်ရွေးချယ်မှုမှာ အလွန်ထက်မြက်ပြီး အရည် အသွေးရှိတဲ့လူငယ်တွေ ပါဝင်လာတာကြောင့် အားရမိပါတယ်။ နှစ်ရက်တာကျင်းပခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ သူတို့ရဲ့ စိတ်ထားထက်သန်မှု၊ ဆုံးဖြတ်ချက်ခိုင်မာမှုတွေကို မြင်တွေ့ခဲ့ရပြီး မြန်မာနိုင်ငံအတွက် နောက်လာမယ့် မျိုးဆက်များစွာတိုင်အောင် သက်ရောက်မှုရှိမယ့် ဒစ်ဂျစ်တယ် အနာဂတ်ကို ပုံသွင်းရာမှာ ဒီလူငယ်တွေက အဓိကနေရာက ပါဝင်ဆောင်ရွက်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု တယ်လီနောမြန်မာ၏ အမှုဆောင် အရာရှိချုပ် Sharad Mehrotra က ပြောကြားသည်။

Sharad က ဆက်လက်ပြီး “တယ်လီနော လူငယ်ဖိုရမ်ကို မြန်မာနိုင်ငံက ကိုယ်စားလှယ် ၈ ဦး တက်ရောက်ခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ကိုယ်စားလှယ်လူငယ်တွေအနေနဲ့ ဖိုရမ်မှာ ထူးထူးချွန်ချွန် အစွမ်းပြနိုင်ခဲ့ကြပြီး ပြီးခဲ့တဲ့နှစ် ဖိုရမ်မှာဆိုရင် မြန်မာကိုယ်စားလှယ်နှစ်ယောက်အနက်က တစ်ယောက်ပါဝင်တဲ့ အဖွဲ့က အနိုင်ရရှိ ခဲ့ပါတယ်။ ဒါကြောင့် ဒီနှစ်မှာလည်း အော်စလိုမြို့ကို ဖိတ်ခေါ်ပြီး လူမှုဘဝတွေတိုးတက်ဖို့၊ မညီမျှမှုတွေကို လျော့ချဖို့စတဲ့ လုပ်ငန်းတွေကို ခေတ်မီ ဆန်းသစ်တဲ့ ဒစ်ဂျစ်တယ်နည်းလမ်းတွေ အသုံးချပြီး ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ယခုနှစ် မြန်မာနိုင်ငံကိုယ်စားပြု လူငယ်နှစ်ဦး
အသက် ၂၅ နှစ်ရှိ ကိုသီဟဇော်သည် မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းဆိုင်ရာ လုပ်ငန်းများ ပါဝင်ပတ်သက်ခဲ့သည့် ၉ နှစ် အတွေ့အကြုံရှိသည်။ ၎င်းသည် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ၊  ရောင်းချရေး ဆိုင်ရာနှင့် ဈေးကွက်ချဲ့ထွင်ရေးဆိုင်ရာ လုပ်ငန်းများတွင် အတွေ့အကြုံ ရှိခဲ့သည်။ လူ့အခွင့်အရေးနှင့် မတရားမှုများနှင့်ပတ်သက်ပြီး ပွင့်လင်းစွာ ပြောဆိုလေ့ရှိသူ တစ်ဦးဖြစ်သည်။
အသက် ၂၅ နှစ် အရွယ်ရှိ မနန်းယဉ်ယဉ်ဝင်းနွယ်သည် နိုင်ငံတကာစီးပွားရေးစီမံခန့်ခွဲမှုဘာသာရပ်ဖြင့် ဘွဲ့ရရှိ ထားသူဖြစ်ပြီး ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများတွင် အတွေ့အကြုံရှိသူဖြစ်သည်။ နန်းသည် မြန်မာနိုင်ငံရှိ ပညာရေးစနစ်ကို ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်လိုစိတ် ပြင်းထန်သူတစ်ဦး ဖြစ်သည်။

“ဒီလိုပါဝင်ခွင့်ရရှိတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ တစ်ချိန်တည်းမှာပဲ တာဝန်ကြီးကြီးမားမားတစ်ခု ရရှိလိုက် ပြီလို့ ခံစားမိပါတယ်။ တယ်လီနော လူငယ်ဖိုရမ်မှာ ပါဝင်ရပြီး မြန်မာနိုင်ငံကိုယ်စားပြုခွင့်ရတဲ့အတွက် ဝမ်းသာမိ ပါတယ်” ဟု မနန်းယဉ်ယဉ်ဝင်းနွယ်က ပြောကြားခဲ့သည်။

တယ်လီနော လူငယ်ဖိုရမ်အကြောင်း ပိုမိုသိရှိလိုပါက http://www.telenor.com/youthforum တွင်ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

မီဒီယာများဆက်သွယ်ရန်

ရွှေယင်းမာဦး 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : shweyinn.maroo@telenor.com.mm

Yangon
My Telenor