Press Release

တယ်လီနောမြန်မာ၏ ပထမဦးဆုံးသော စီးပွားရေးဆိုင်ရာအရာရှိချုပ်အဖြစ် ကာရိုလိုင်းယဉ်ယဉ်ဌေးကို ခန့်အပ်ပြီး ဘဏ္ဍာရေးဆိုင်ရာ အရာရှိချုပ် အဖြစ် Helge Øien အား ခန့်အပ်

31 January, 2019 - Yangon

တယ်လီနောမြန်မာသည် ၎င်း၏ ဘဏ္ဍာရေးဆိုင်ရာ အရာရှိချုပ် ဖြစ်သူ ကာရိုလိုင်းယဉ်ယဉ်ဌေးကို ကုမ္ပဏီ၏ စီးပွားရေးဆိုင်ရာ အရာရှိချုပ်အဖြစ် ပြောင်းလဲခန့်အပ်ပြီး အသက် ၄၀ အရွယ်ရှိ Mr. Helge Øien ကို ဘဏ္ဍာရေးဆိုင်ရာ အရာရှိချုပ်သစ်အဖြစ် ခန့်အပ်ခဲ့သည်။ တာဝန်အသစ်တွင် ကာရိုလိုင်း ယဉ်ယဉ်ဌေး အနေဖြင့် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိသော မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍအတွင်း တယ်လီနော မြန်မာ အလေးထားလုပ်ဆောင်နေသည့် စီးပွားရေးလုပ်ငန်းများ ပိုမိုအားကောင်းလာစေရန် တာဝန်ယူ ဆောင်ရွက် သွားမည်ဖြစ်သည်။ ဤ ခန့်အပ်မှု ၂ ခုလုံးသည် ၂၀၁၉ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် စတင်အသက်ဝင်မည်ဖြစ်သည်။

Mr. Øien သည် ဤ ရာထူးမတိုင်မီက တယ်လီနောလုပ်ငန်းစု၊ ကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်း စီမံခန့်ခွဲရေး (M&A) ဌာန၏ အချက်အလက် ဆန်းစစ်လေ့လာရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ (Vice President of Analytics) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး တယ်လီနောလုပ်ငန်းစု၏ ရင်းနှီးမြှုပ်နှံသူများဆိုင်ရာ ဆက်ဆံရေး (Investor Relations - IR) ဌာန၏ ဒါရိုက်တာအဖြစ် ရ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။ IR ဌာနတွင် တာဝန် ထမ်းဆောင်ခဲ့စဉ်က ၎င်း၏ ရင်းနှီးမြုပ်နှံသူများ ဆက်ဆံရေးဆိုင်ရာ ဆောင်ရွက်ချက်များကြောင့် တယ်လီနော သည် နော်ဝေနိုင်ငံနှင့် ဥရောပတဝန်းတွင် ဆုတံဆိပ်များစွာ ဆွတ်ခူးရရှိခဲ့ပြီး Helge သည်လည်း ထိပ်တန်း IR ခေါင်းဆောင် တစ်ဦးအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။ တယ်လီနောတွင် တာဝန်မထမ်းဆောင်ခင်က Helge သည် နော်ဝေနိုင်ငံရှိ Microsoft ကုမ္ပဏီ၏ စီးပွားရေး အချက်အလက် လေ့လာဆန်းစစ်ရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အပြင် နော်ဝေ ငွေရေးကြေးရေး သတင်းအချက်အလက် အေဂျင်စီ TDN Finans ၏ လက်ထောက်အယ်ဒီတာအဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့သည်။

“တယ်လီနောမြန်မာရဲ့ ဘဏ္ဍာရေးဆိုင်ရာ အရာရှိချုပ်အသစ်အဖြစ် Helge ကို ကြိုဆိုပါတယ်။ သူဟာ ဘဏ္ဍာရေးပိုင်း၊ နည်းပညာပိုင်းနဲ့ လူမှုဆက်ဆံရေးနယ်ပယ်တွေမှာ စိတ်ပါဝင်စားတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး သူ့ရဲ့ လုပ်ဆောင်နိုင် စွမ်းတွေနဲ့ ကောင်းမွန်တဲ့ အတွေ့အကြုံတွေက တယ်လီနောမြန်မာအတွက် အများကြီး အကျိုးရှိစေမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ နောက်ပြီး ကုမ္ပဏီရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက်လည်း ကြီးမားတဲ့ အထောက်အကူတစ်ရပ် ဖြစ်စေ မှာပါ” ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Sharad Mehrotra က ပြောကြားသည်။

“ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံကို တယ်လီနော စတင်ဝင်ရောက်လာတဲ့ အချိန်ကတည်းက ဒီကုမ္ပဏီ အကြောင်းကို လေ့လာဖြစ်ခဲ့ပြီး တယ်လီနောမြန်မာ အဖွဲ့သားတွေအားလုံးရဲ့ ကောင်းမွန်လှတဲ့ စွမ်းဆောင်မှုတွေ အတွက်လည်း အံ့အားသင့်ခဲ့ရပါတယ်။ တယ်လီနောမြန်မာနဲ့အတူ အခုလို လက်တွဲလုပ်ဆောင်ရတော့မယ့်အတွက် အရမ်းကို စိတ်လှုပ်ရှားနေမိပြီး ကုမ္ပဏီရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေကို အများကြီး အထောက်အကူဖြစ်စေဖို့ ကြိုးစား ဆောင်ရွက်သွား မှာ ဖြစ်ပါတယ်” ဟု ဘဏ္ဍာရေးဆိုင်ရာ အရာရှိချုပ်အသစ် ဖြစ်သူ Helge Øien က ပြောကြားသည်။

တယ်လီနောမြန်မာ၏ ယခုလက်ရှိ ဘဏ္ဍာရေးဆိုင်ရာ အရာရှိချုပ်ဖြစ်သူ ကာရိုလိုင်းယဉ်ယဉ်ဌေးသည် စီးပွားရေး ဆိုင်ရာ အရာရှိချုပ်အဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်သွားမည် ဖြစ်ပြီး တယ်လီနောမြန်မာ၏ စီမံခန့်ခွဲရေးအဖွဲ့ဝင် တစ်ဦးအဖြစ် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။ ကာရိုလိုင်းယဉ်ယဉ်ဌေးသည် တယ်လီနောမြန်မာသို့ ဘဏ္ဍာရေးနှင့်အခွန်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးအဖြစ် ၂၀၁၃ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ သြဂုတ်လတွင် ဘဏ္ဍာရေးဆိုင်ရာအရာရှိချုပ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ ကာရိုလိုင်းယဉ်ယဉ်ဌေးသည် တယ်လီနော မြန်မာ၏ ဘဏ္ဍာရေးဆိုင်ရာစွမ်းဆောင်ရည်များ ပိုမိုကောင်းမွန်လာစေရန် အဓိကကျသောနေရာမှ ပါဝင်လုပ်ဆောင် ခဲ့သူတစ်ဦး ဖြစ်သည့်အပြင် ဆက်သွယ်ရေးကဏ္ဍအတွင်းရှိ မတူညီသော ရာထူးနေရာအသီးသီးတွင် နှစ်ပေါင်း ၂၀ နီးပါး လုပ်ကိုင်ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများပြားသူတစ်ဦးဖြစ်သည်။

မီဒီယာများ ဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
Khinnuyin.myint@telenor.com.mm
တယ်လီနောမြန်မာ

ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
shweyinn.maroo@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share