Press Release

တယ်လီနောမြန်မာအား အခွန်ပေးဆောင်မှုအများဆုံး ကုမ္ပဏီအဖြစ် နိုင်ငံတော် သမ္မတ ကိုယ်တိုင် ဂုဏ်ပြု

25 January, 2019 - Yangon

  • နိုင်ငံခြားကုမ္ပဏီများအနက် တယ်လီနောမြန်မာသည် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်မှုတွင် အများဆုံးနှင့် ဝင်ငွေခွန် ပေးဆောင်မှုတွင် ဒုတိယ အများဆုံးဖြစ်
  • မြန်မာနိုင်ငံတွင် လုပ်ငန်းစတင် လုပ်ဆောင်သည့်အချိန်မှစ၍ တယ်လီနောမြန်မာသည် အစိုးရထံသို့ အခွန်အရပ်ရပ် အတွက် ကျပ်ငွေ ၄၄၁ ဘီလီယံကျော် ပေးဆောင်ခဲ့ပြီးဖြစ်

၂၀၁၇/၁၈ အခွန်စည်းကြပ်နှစ်အတွင်း ၀င်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန် အများဆုံးပေးဆောင်ခဲ့သူများအား ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ် ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့က နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခွန်စည်းကြပ်နှစ် အတွင်း ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်မှု အများဆုံးနိုင်ငံခြားကုမ္ပဏီအဖြစ် တယ်လီနောမြန်မာအား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကိုယ်တိုင် တရားဝင်ဂုဏ်ပြုခဲ့သည်။ နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ နေအိမ်တွင် ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါဂုဏ်ပြုပွဲအခမ်းအနားသို့ တယ်လီနော မြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr Sharad Mehrotra နှင့် ဘဏ္ဍာရေးအရာရှိချုပ် ဒေါ်ယဉ်ယဉ်ဌေးတို့ တက်ရောက်ခဲ့ပြီး မှတ်တမ်းတင် ဂုဏ်ပြုလွှာများ အား လက်ခံရယူခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က လုပ်ငန်းရှင်ကြီးများသည် မိမိတို့အကျိုးအတွက် စီးပွားရှာကြသကဲ့သို့ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း အထောက်အပံ့ပြုနေကြသည့် တာဝန်သိ၊ တာဝန်ကျေပွန်သော အခွန်ထမ်း ပုဂ္ဂိုလ်ကြီး များ ဖြစ်သည့်အတွက် နိုင်ငံတော်အနေဖြင့် ချီးကျူးဂုဏ်ပြုသင့်၍ ချီးကျူးဂုဏ်ပြုရခြင်းဖြစ်ပါကြောင်း၊ အခွန်ထမ်း လုပ်ငန်းရှင်ကြီးများနှင့်တကွ အခွန်ထမ်းပြည်သူများအနေဖြင့် နောင်နှစ်များတွင်လည်း စီးပွားရေးလုပ်ငန်းများ ပိုမို တိုးတက်အောင်မြင်ကြပါစေ၊ ပေးဆောင်သင့် ပေးဆောင်ထိုက်သော အခွန်ငွေများကိုလည်း မှန်ကန်စွာ ပေးဆောင်ပြီး နိုင်ငံတော်အကျိုး၊ မိမိအကျိုး အချိုးမျှတစွာ သယ်ပိုးဆောင်ရွက်နိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်း ပါကြောင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတော် အစိုးရက ယမန်နှစ် နိုဝင်ဘာလတွင် ထုတ်ပြန်ခဲ့သော ၂၀၁၇/၁၈ အခွန်စည်းကြပ်နှစ်အတွင်း အခွန်ပေးဆောင်မှုအများဆုံး ကုမ္ပဏီများစာရင်းအရ တယ်လီနောမြန်မာသည် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်သော နိုင်ငံခြားကုမ္ပဏီအဖြစ် နံပါတ် ၁ နေရာ၌ ရပ်တည်နိုင်ခဲ့ပြီး ကျပ်ငွေ ဘီလျံ ၅၀ ကျော် အခွန်ပေး ဆောင်ခဲ့သည့် တစ်ခုတည်းသော နိုင်ငံခြားကုမ္ပဏီအဖြစ် ဖော်ပြခြင်းခံခဲ့ရသည်။ တစ်ချိန်တည်းမှာပင် ဝင်ငွေခွန် ပေးဆောင်မှုအများဆုံး နိုင်ငံခြားကုမ္ပဏီများစာရင်းတွင်လည်း တယ်လီနောမြန်မာက ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့ သည်။ တယ်လီနောမြန်မာသည် ယခုစည်းကြပ်နှစ်တွင် ကော်ပရိတ်ဝင်ငွေခွန်အဖြစ် ကျပ်ငွေ ဘီလျံ ၈၀ ကျော် ပေးဆောင်ခဲ့ပြီး ယမန်နှစ် နံပါတ် ၅ နေရာမှ ယခုနှစ်တွင် နံပါတ် ၂ နေရာသို့ တက်လှမ်းလာနိုင်ခဲ့ခြင်းဖြစ်သည်။

တယ်လီနောအနေဖြင့် မြန်မာနိုင်ငံတွင် လုပ်ငန်းစတင်သည့်အချိန်မှစ၍ ယခု အခွန်စည်းကြပ်နှစ်အထိ ဝင်ငွေခွန်အဖြစ် ကျပ်ငွေ ၂၄၁ ဘီလျံကျော်နှင့် ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ကျပ်ငွေ ၈၁ ဘီလျံကျော် အသီးသီး ထမ်းဆောင်ခဲ့ပြီး ဖြစ်သည်။ ကုမ္ပဏီအနေဖြင့် ယင်းကာလအတွင်း အခွန်အရပ်ရပ်အတွက် ကျပ်ငွေ ၄၄၁ ဘီလျံကျော်အား နိုင်ငံတော် အစိုးရထံ အခွန်ထမ်းဆောင်ခဲ့ပြီး ဖြစ်သည်။

“တယ်လီနောမြန်မာအနေနဲ့ နိုင်ငံခြားကုမ္ပဏီတွေထဲမှာ အခွန်အများဆုံးပေးဆောင်ခဲ့တဲ့ ကုမ္ပဏီအဖြစ် ရပ်တည် နိုင်ခဲ့ပြီး နိုင်ငံတော်သမ္မတရဲ့ ဂုဏ်ပြုမှုကိုလည်း ရရှိခဲ့တဲ့အတွက် ကျွန်တော့်အနေနဲ့ အရမ်းကို ကျေနပ်ဝမ်းမြောက်မိ ပါတယ်။ တယ်လီနောမြန်မာရဲ့ အခွန်ပေးဆောင်မှုတွေဟာ ပြည်သူလူထုအတွက် အကျိုးဖြစ်ထွန်းစေမယ့် စီးပွားရေးအခြေခံ အဆောက်အအုံတွေဖြစ်တဲ့ လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လူမှုဖူလုံရေး ကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်တဲ့နေရာမှာ သုံးစွဲမှာဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ အရမ်းကို ၀မ်းသာပီတိဖြစ်မိပါတယ်။ ဆက်သွယ်ရေးကဏ္ဍ အတွင်းမှာ ရှေ့ဆောင် လမ်းပြသာဓကတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့တဲ့ အတွက်လည်း တယ်လီနောမြန်မာအနေနဲ့ ဂုဏ်ယူဝမ်းမြောက်မိပြီး မြန်မာနိုင်ငံအတွက် တာဝန်သိ လူမှုအကျိုးပြုလုပ်ငန်းတစ်ခုအဖြစ် လူ့အသိုင်းအဝိုင်းအတွက် ကောင်းကျိုး သက်ရောက်မှု တွေ ဖန်တီး ပေးနေတယ်ဆိုတာ အသေအချာပါပဲ” ဟု တယ်လီနောမြန်မာ၏ အမှုဆောင် အရာရှိချုပ် ဖြစ်သူ Sharad Mehrotra က ပြောကြားသည်။

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်စျေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများအား ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှ စတင်ပေးအပ်လျက်ရှိပြီး လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့်ဆုံးသော ကွန်ရက်မှတဆင့် အကောင်းမွန်ဆုံးသော သုံးစွဲမှု အတွေ့အကြုံများအား ပေးအပ်လျက်ရှိသည်။ တယ်လီနောမြန်မာသည် နိုင်ငံတဝန်းရှိ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၈,၃၀၀ ကျော်ဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူပေါင်း ၁၈ သန်းကျော်ထံသို့ ၎င်း၏ 2G၊ 3G နှင့် 4G ကွန်ရက်များဖြင့် ဝန်ဆောင်မှုများ ပေးအပ်လျက် ရှိသည်။ တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစု ဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေတာများအနက်တစ်ခု ဖြစ်ပြီး စကင်ဒီနေးဗီးယန်းဒေသနှင့် အာရှတိုက်တဝန်းတွင် အသုံးပြုသူပေါင်း ၁၇၃ သန်းကျော်အား ပိုင်ဆိုင်ထားကာ စီးပွားရေးလုပ်ငန်းများကို တာဝန်သိစွာ ဆောင်ရွက်ရန် ရည်သန်ထားပြီး လူမှု ပတ်ဝန်းကျင် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဦးတည်ဆောင်ရွက်နေသည့် လုပ်ငန်းစု တစ်ခု ဖြစ်သည်။

တယ်လီနောလုပ်ငန်းစုအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com တွင်ဝင်ရောက်ကြည့်ရှုနိုင်သည်။

တယ်လီနောမြန်မာအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com.mm တွင်ဝင်ရောက်ကြည့်ရှုနိုင်သည်။

မီဒီယာများ ဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
Khinnuyin.myint@telenor.com.mm
တယ်လီနောမြန်မာ

ရွှေယင်းမာဦး
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေး ဌာန
shweyinn.maroo@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Telenor
Share Share