Press Release

တယ်လီနောနှင့် Ericsson တို့ ပူးပေါင်း၍ မြန်မာ့အမြန်ဆုံး အင်တာနက်မြန်နှုန်း စံချိန်သစ်တင်

25 April, 2018 - Yangon

  • ကနဦး စမ်းသပ်မှုများအရ တစ်စက္ကန့်လျှင် ၁ Gbps အထိ ရရှိခဲ့ပြီး မြန်မာနိုင်ငံတွင် အမြန်ဆုံး မြန်နှုန်းပင် ဖြစ်သည်

တယ်လီနောနှင့် Ericsson တို့ ပူးပေါင်းပြီး အင်တာနက်မြန်နှုန်း စမ်းသပ်မှုတစ်ရပ်ကို ယနေ့ ရန်ကုန်မြို့တွင်လုပ်ဆောင်ခဲ့ရာ မြန်မာနိုင်ငံတွင် အမြင့်ဆုံး မြန်နှုန်း စံချိန်သစ်ဖြစ်သည့် တစ်စက္ကန့်လျှင် ၁ Gbps အထိ ရရှိခဲ့သည်။ ဤမြန်နှုန်းစမ်းသပ်မှုတွင် မိုဘိုင်းသုံးစွဲသူ များအား စွမ်းဆောင်ရည်မြှင့်တင်ပေးသော LTE လုပ်ဆောင်မှုတစ်ခုဖြစ်သည့် Licensed Assisted Access (LAA) အစရှိသည့် နည်းပညာများကို အသုံးပြုခဲ့သည်။ 

“ဒီနေ့ရရှိခဲ့တဲ့ Gigabit 4GLTE စမ်းသပ်မှုက မြန်မာနိုင်ငံနဲ့ မြန်မာ့ဆက်သွယ်ရေးကဏ္ဍအတွက် မှတ်တမ်းတင် လောက်တဲ့ အောင်မြင်မှုတစ်ရပ်ပဲ ဖြစ်ပါတယ်။ တယ်လီနောအနေနဲ့ မြန်မာနိုင်ငံမှာ အမြန်ဆုံးနဲ့ အတည်ငြိမ်ဆုံး အင်တာနက်ကွန်ရက်ကို တည်ထောင်ထားပြီးဖြစ်သလို ယနေ့ပြုလုပ်တဲ့ မြန်နှုန်းစမ်းသပ်မှုက ကျွန်တော်တို့ရဲ့ ကွန်ရက်ဟာ အနာဂတ်ကာလမှာ ပိုမိုမြင့်မားလာမယ့် စျေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အသင့်ရှိနေပြီ ဆိုတာကို ပြသနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီနေ့ အောင်အောင်မြင်မြင်ရရှိခဲ့တဲ့ရလဒ်က 5G မြန်နှုန်းအဆင့်အထိ ရောက်ရှိခဲ့ပြီဖြစ်သလို တယ်လီနောရဲ့ ကွန်ရက်တိုးတက်မှုအတွက်လည်း အရေးပါလှတဲ့ ခြေလှမ်းတစ်ရပ်ကို လှမ်းနိုင်ခဲ့တာပဲ ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ အမှုဆောင် အရာရှိချုပ် Lars Erik Tellmann က ပြောကြားသည်။    

ယနေ့ပြုလုပ်သည့် အမြန်နှုန်းစမ်းသပ်မှုတွင် ပုံမှန် စမတ်ဖုန်းတစ်ခုကို အခြေခံကာ အဓိက LTE နည်းပညာများဖြစ်သည့် 256 QAM ၊ 4x4 MIMO နှင့် Carrier Aggregation တို့ကို အသုံးပြုပြီး လိုင်စင်ရနှင့် ခွင့်ပြုချက်ရ လိုင်စင်မဲ့ လှိုင်းနှုန်းစဉ်များ ပေါင်းစပ်ကာ စမ်းသပ်ခဲ့ရာမှ အမြန်နှုန်းစံချိန်သစ်အဖြစ် တစ်စက္ကန့်လျှင် ၁ Gbps အထိ ရရှိခဲ့ခြင်း ဖြစ်သည်။

“အနာဂတ်မှာ စမတ်ဖုန်းသုံးပြီး ဒေတာအသုံးပြုခြင်းက တိုးပွားလာမှာဖြစ်သလို မြန်မာနိုင်ငံက အင်တာနက် သုံးစွဲသူတွေအကြား ဒေတာသုံးစွဲမှု မြင့်မားတဲ့ အပလီကေးရှင်းတွေ အသုံးပြုမှုကလည်း ဆက်လက်ပြီး လျှင်လျှင် မြန်မြန် တိုးတက်နေမယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ တယ်လီနော 4G အင်တာနက်သုံးစွဲသူတွေရဲ့ ပျှမ်းမျှလစဉ် အသုံးပြုမှုကလည်း ၅.၆ GB အထိရောက်ရှိနေပြီဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ 4GLTE ကွန်ရက် အမြန်နှုန်းကို အောင်အောင်မြင်မြင် စမ်းသပ်နို်င်ခဲ့ခြင်းကြောင့် အသုံးပြုသူတွေအနေနဲ့ ပိုမိုမြန်ဆန်တဲ့ အမြန်နှုန်းနဲ့ ပိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို အကောင်းဆုံး တွေ့ကြုံခံစားနိုင်ဖို့အတွက် ကွန်ရက်ဆန်းသစ်တီထွင်မှု တွေကို တယ်လီနောက ဆက်လက်ဦးဆောင်ဦးရွက်ပြုသွားနိုင်မယ်ဆိုတာကို ကျွန်တော်ယုံကြည်ပါတယ်” ဟု ၎င်းက ပြောကြားသည်။ 

Ericsson Myanmar ၏ နိုင်ငံဆိုင်ရာ တာဝန်ခံဖြစ်သူ Eric Timmer ကလည်း “ဗီဒီယိုအသုံးပြုမှု ပိုမိုမြင့်မား လာတာနဲ့အတူ ၂၀၂၂ ခုနှစ်မှာ ကမ္ဘာတလွှား မိုဘိုင်းဒေတာ အသုံးပြုမှုက အခုထက် ၈ ဆ ပိုများလာမယ်လို့ မျှော်လင့်ပါတယ်။ အဲဒီခေတ်ရေစီးထဲမှာ မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်ပါတယ်။ တယ်လီနောအနေနဲ့ မြန်မာနိုင်ငံက သုံးစွဲသူ တွေအတွက် ပြိုင်ဘက်ကင်းတဲ့စွမ်းဆောင်ရည်နဲ့ အတွေ့အကြုံတွေကို ပေးစွမ်းနိုင်ဖို့ အတွက် Licensed Assisted Access (LAA) အပါအဝင် Ericsson ရဲ့ Gigabit LTE နည်းပညာတွေက စွမ်းဆောင်ပေးနို်င်မှာပါ” ဟု ဆိုသည်။

ယခုကဲ့သို့ ထူးခြားစွာမှတ်တမ်းတင်နိုင်ခဲ့ခြင်းက Gigabit LTE နှင့် မြန်မာနိုင်ငံတွင် 5G နည်းပညာ အသုံးပြုနိုင်ရေး အဆင်သင့်ဖြစ်မှုတို့အတွက် ဆက်လက်ဆောင်ရွက်ရန် တယ်လီနောနှင့် Ericsson တို့၏ ပူးပေါင်းမှုကို ပိုမိုခိုင်မာစေမည် ဖြစ်သည်။ 
ဧပြီလအစပိုင်းတွင် အင်တာနက်စမ်းသပ်ခြင်းအတွက် ကမ္ဘာ့ထိပ်တန်းဖြစ်သော Ookla က ချီးမြှင့်သည့် ၂၀၁၇ ခုနှစ်အတွက် မြန်မာနိုင်ငံ၏ အမြန်ဆုံးမိုဘိုင်းကွန်ရက်ဆုကို တယ်လီနောမြန်မာက ရရှိခဲ့သည်။ ၂၀၁၇ ခုနှစ် တတိယ သုံးလပတ်မှ စတုတ္ထ သုံးလပတ်အတွင်း ရရှိခဲ့သော အချက်အလက်များအရ တယ်လီနောသည် အခြားအော်ပရေတာများထက် ပိုမိုမြန်ဆန်သော ပျမ်းမျှမြန်နှုန်းကို သုံးစွဲသူများအား ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : nyinyi.aung@telenor.com.mm

 

Yangon
My Telenor