Press Release

တယ်လီနောနှင့် ဆမ်ဆောင်းတို့ ပူးပေါင်း၍ လွယ်ကူမှု အရှိဆုံး ထပ် ဆောင်း ဝန်ဆောင်မှု များ ပေးအပ်

18 May, 2018 - Yangon

တယ်လီနောမြန်မာနှင့် ဆမ်ဆောင်းမြန်မာတို့သည် မြန်မာနိုင်ငံမှ မိုဘိုင်းဖုန်းအသုံးပြုသူများအတွက် အဆင်ပြေလွယ်ကူမှု အရှိဆုံး ထပ်ဆောင်းဝန်ဆောင်မှုများအား ပေးအပ်နိုင်ရန် အတွက် လက်တွဲပူးပေါင်းမှုကို တိုးမြှင့် ဆောင်ရွက်လိုက်ပြီ ဖြစ်သည်။ ဆမ်ဆောင်း စမတ်ဖုန်းများအား ဝယ်ယူရာတွင် ရွေးချယ် လိုက်သည့် ဖုန်းအပေါ်မူတည်၍ အင်တာနက် ဒေတာ 500 MB မှ 2GB အထိ ထပ်ဆောင်းဝန်ဆောင်မှု များအား လစဉ် ရရှိသွားမည် ဖြစ်သည်။
“မြန်မာနိုင်ငံဟာ မိုဘိုင်းဖုန်း အဓိက အသုံးပြုတဲ့နိုင်ငံတစ်ခု ဖြစ်ပြီး စမတ်ဖုန်းအသုံးပြုမှုနှုန်းကလည်း ဆက်လက် မြင့်တက် နေပါတယ်။ တယ်လီနော အသုံးပြုသူတွေရဲ့ ၈၀% ခန့်ဟာ စမတ်ဖုန်း အသုံးပြုသူတွေ ဖြစ်ကြပြီး ဒီ အသုံးပြုမှု အရေအတွက်ဟာ နောက်ထပ်လည်း ဆက်လက်မြင့်တက်လာနိုင်ခြေ အများကြီး ရှိနေပါတယ်။ ဒီ မိတ်ဖက် အစီအစဉ်အနေနဲ့ မိုဘိုင်းဖုန်းတွေကို စျေးနှုန်းသက်သက်သာသာနဲ့ ရရှိစေပြီး အသုံးပြုသူ တွေအနေနဲ့ ကျွန်တော် တို့ရဲ့ ဆုတံဆိပ်ဆွတ်ခူးရရှိထားတဲ့ 3G နဲ့ 4G ကွန်ရက်တွေရဲ့ အကောင်းမွန်ဆုံး အရည် အသွေး တွေကို ရယူ အသုံးပြုနိုင်အောင် ကူညီဆောင်ရွက်ပေးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ထပ်ဆောင်း ဒေတာလက်ဆောင်တွေကို ရယူရာမှာ ရှုပ်ထွေးမှုမရှိဘဲ လွယ်လင့်တကူရရှိနိုင်အောင် ဆောင်ရွက်ပေးထားတာဖြစ်ပါတယ်” ဟု တယ်လီနော မြန်မာ၏ စျေးကွက် ဖော်ဆောင်ရေး အရာရှိချုပ်ဖြစ်သူ Joslin Myrthong က ပြောကြားသည်။


 “မြန်မာနိုင်ငံရဲ့ စမတ်ဖုန်းလောကမှာ ဦးဆောင်နေတဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်တာနဲ့အညီ ကျွန်တော်တို့ အနေနဲ့ အခု အသစ်ထုတ်လုပ်လိုက်တဲ့ J Series အမျိုးအစား စမတ်ဖုန်းတွေမှာ အနာဂတ် မျိုးဆက်အဆင့် ဆန်းသစ်တီထွင်မှုကို ဦးစားပေး ထည့်သွင်း ထုတ်လုပ်ထားပါတယ်။ စျေးနှုန်းသင့်တင့်တဲ့ Galaxy J7 Duo မှာ Dual Camera ကိုထည့်သွင်း ထားတဲ့ အချက်ကို ကြည့်မယ်ဆိုရင်လည်း ကျွန်တော်တို့ အနေနဲ့ အသုံးပြုသူတွေရဲ့ အကြံပြုချက်တွေကို နားထောင် နေပြီး သူတို့ရဲ့ နေ့စဉ်ဘဝတွေကို ကူညီမြှင့်တင် ပေးနိုင်မယ့် အဓိပ္ပာယ်ရှိတဲ့ ဆန်းသစ်တီထွင်မှုတွေကို ပေးအပ်သွား နိုင်ဖို့ ဦးတည် ဆောင်ရွက်နေတယ်ဆိုတာ တွေ့ရမှာပါ။ တယ်လီနောမြန်မာနဲ့ ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေအပြင် Galaxy J7 Duo ရဲ့ ကောင်းမွန်လှတဲ့ တည်ဆောက်မှုတွေကြောင့်လည်း ဒီစျေးကွက် အတွင်းမှာ ကျွန်တော်တို့ရဲ့ ဦးဆောင်နေရာကို ဆက်လက်ထိန်းသိမ်းသွားနိုင်မှာ ဖြစ်ပါတယ်” ဟု ဆမ်ဆောင်းမြန်မာ ၏ Head of IT & Mobile ဖြစ်သူ ကိုဇာနည်ဝင်းထက်က ပြောကြားသည်။


ယခု လက်တွဲ ပူးပေါင်းမှု၏ လက်ရှိ နောက်ဆုံးဆောင်ရွက်ထားမှုတစ်ခုမှာ မေလအတွင်း စတင်ဖြန့်ချိခဲ့သော ဆမ်ဆောင်း J7 Duo 2018 မိုဘိုင်း ဟန်းဆက်အား ဝယ်ယူပါက အပိုဆောင်း လက်ဆောင်များ ရရှိမှုဖြစ်သည်။ ဝယ်ယူသူများ အနေနှင့် တစ်လလျှင် ၁၀,၀၀၀ ကျပ်ဖုန်းငွေဖြည့်သွင်းရုံမျှဖြင့် မိုဘိုင်းဟန်းဆက်တန်ဖိုး၏ ၆၀% နီးပါး ပမာဏရှိသည့် စုစုပေါင်း ဒေတာ အပို လက်ဆောင် ၂၄ ဂဂ္ဂါဘိုက်အား ရရှိ ခံစားနိုင်မည် ဖြစ်သည်။ အဆိုပါ အပိုဒေတာ လက်ဆောင်သည် ရက်ပေါင်း ၃၀ ကြာ သက်တမ်းရှိမည်ဖြစ်ပြီး ဒေတာစုဘူး အစရှိသည့် အခြားသော ဒေတာအစီအစဉ်များနှင့်လည်း ပူးတွဲအသုံးပြုနိုင် မည်ဖြစ်သည်။


တယ်လီနောသည် လက်ရှိတွင် ပြည်နယ်နှင့် တိုင်း အသီးသီးရှိ အသုံးပြုသူပေါင်း ၁၉ သန်းကျော်အား ၎င်း၏ ဆုရ 3G နှင့် 4G ကွန်ရက်ဖြင့် ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ နိုင်ငံတဝန်းတွင် ဆက်သွယ်ရေး တာဝါတိုင်ပေါင်း ၈၀၀၀ ကျော်ဖြင့် တည်ဆောက်ထားသည့် တယ်လီနော၏ ကွန်ရက်သည် လက်ရှိတွင် မြန်မာနိုင်ငံ စုစုပေါင်း လူဦးရေ ၏ ၉၀% ခန့်အား လွှမ်းခြုံထားသည်။ ထို့အပြင် တယ်လီိနော၏ 4G ဝန်ဆောင်မှုများအား လက်ရှိတွင် နိုင်ငံတဝန်းရှိ မြို့ပေါင်း ၁၄၀ ကျော်တွင် ရရှိအသုံးပြုနိုင်နေပြီ ဖြစ်သည်။ 

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : nyinyi.aung@telenor.com.mm

Yangon
My Telenor