Press Release

တယ်လီနောဆင်းကဒ်ကို ပြန်လည်မှတ်ပုံတင်ခြင်းဖြင့် ဒေတာ ၅ ဂစ် အထိ ရရှိနိုင်မည်

22 April, 2020 - Yangon

  • သက်သေခံလက်မှတ် (နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် နိုင်ငံကူးလက်မှတ်) ဖြင့် အတည်ပြုထား ပြီးဖြစ်သည့် ဆင်းကဒ်နှင့်အတူ တယ်လီနောသုံးစွဲသူများသည် ၎င်းတို့၏ ဆက်သွယ်မှုများကို နောင် တစ်ချိန်အတွက်ပါ အဆင်သင့်ဖြစ်စေမည့်အပြင် ပြန်လည်မှတ်ပုံတင်ခြင်းမှတဆင့် ဒေတာ 5 ဂစ် သို့မဟုတ် မိုဘိုင်းဖုန်းဘေလ် (၁၀၀၀) ကျပ်အထိ အခမဲ့ ရရှိနိုင်မည်ဖြစ်
  • အကယ်၍ လက်ရှိအသုံးပြုနေသည့် ဆင်းကဒ်သည် ကိုယ်ပိုင် သက်သေခံလက်မှတ်နှင့် မှတ်ပုံတင် ခြင်းမပြုရသေးပါက တယ်လီနော၏ အသုံးပြုရလွယ်ကူသော self-care နည်းလမ်းများဖြင့် အိမ် အပြင်ထွက်ရန်မလိုဘဲ ဆင်းကဒ်ကို  အဆင်ပြေလုံခြုစွာ ပြန်လည်မှတ်ပုံတင်နိုင်မည်ဖြစ်

တယ်လီနောမြန်မာ သုံးစွဲသူများအနေနှင့် မိမိတို့၏ ဆင်းကဒ် များကို မိမိသုံးစွဲနေသည့် မိုဘိုင်းဖုန်းများမှတဆင့် လွယ်ကူလုံခြုံစွာ စစ်ဆေး၊ မှတ်ပုံတင်နိုင်ပြီဖြစ်သည်။ ဆင်းကဒ်များကို ပြန်လည်စနစ်တကျ မှတ်ပုံတင်ခြင်းဖြင့် သုံးစွဲသူများသည် ဒေတာ 5 ဂစ်အထိ သို့မဟုတ် မိုဘိုင်းဖုန်းဘေလ် (၁၀၀၀) ကျပ်အထိ အခမဲ့ရရှိနိုင်မည့်အပြင် တရားဝင်အသိအမှတ်ပြုထားသည့် သက်သေ ခံကတ်ပြား တစ်ခုလျှင် ဆင်းကဒ် (၂) ခုအထိ မှတ်ပုံတင်ပြီး ဆက်လက်သုံးစွဲနိုင်မည်ဖြစ်သည်။

တယ်လီနောသုံးစွဲသူများအနေနှင့် မိမိဆင်းကဒ် မှတ်ပုံတင်ထားခြင်းရှိမရှိကို  *979*3*3# သို့ ခေါ်ဆို၍သော် လည်းကောင်း၊ နံပါတ် (၅၀၀) သို့ “REG” စာတိုပေးပို့၍သော်လည်းကောင်း စစ်ဆေးနိုင်ပြီး တယ်လီနောမြန်မာ ဝက်ဘ်ဆိုဒ်နှင့် MyTelenor မိုဘိုင်းအက်ပ်ပလီကေးရှင်း မှတဆင့်လည်း ကိုယ်တိုင်မှတ်ပုံတင်နိုင်မည်ဖြစ် သည်။ ထို့အပြင် မိမိနေရာနှင့် အနီးဆုံး တယ်လီနောအရောင်းဆိုင်များတွင် သွားရောက် အကူအညီရယူနိုင်ပြီး တယ်လီနောမြန်မာ၏ call centre နံပါတ်ဖြစ်သော ၉၇၉ ကို ဆက်သွယ်၍လည်း အကူအညီရယူနိုင်ပါသည်။

“မိုဘိုင်းဖုန်းတွေက ကျွန်တော်တို့ရဲ့ ကိုယ်ရေးအထောက်အထားလိုမျိုး ဖြစ်လာတဲ့အချိန်မှာ မှန်ကန်တဲ့ သက်သေခံ လက်မှတ်တွေနဲ့ ဆင်းကဒ်တွေကို မှတ်ပုံတင်ဖို့ဆိုတာ ပိုမို အရေးကြီးလာပါတယ်။ ကိုယ်အသုံးပြု နေတဲ့ ဆင်းကဒ်ကို ကိုယ့်ရဲ့ သက်သေခံလက်မှတ်နဲ့  ရိုးရိုးရှင်းရှင်း ချိတ်ဆက်လိုက်တဲ့အခါမှာ ကျွန်တော်တို့ တစ်ဦး တစ်ယောက်ချင်းစီအနေနဲ့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဒီဂျစ်တယ်ဖြစ်တည်မှုအတွက် အဆင်သင့် ဖြစ်နေ မှာ ဖြစ်ပါတယ်။ ဆိုလိုတာက ဘဏ်ဝန်ဆောင်မှု၊ ငွေပေးချေမှု၊ အာမခံစတာတွေကနေ e-government ဝန်ဆောင်မှုတွေ ဒါမှမဟုတ် လူထုအကျိုးပြုပံ့ပိုးမှုတွေအထိ ဒီဂျစ်တယ်ဆိုင်ရာ ဝန်ဆောင်မှုတွေကို ပိုမို လွယ်ကူယုံကြည်စိတ်ချစွာ အသုံးပြုလာနိုင်မှာပါ။ တယ်လီနောမြန်မာအနေနဲ့ သုံးစွဲသူတွေကို မိမိရဲ့  ဆင်းကဒ် အခြေအနေကို စစ်ဆေးဖို့နဲ့ မှတ်ပုံတင်ဖို့ကို တိုက်တွန်းလိုသလို ဆင်းကဒ် မှတ်ပုံတင်သူတွေအတွက်လည်း စိတ်ဝင်စားစရာ ဆုအစီအစဉ်တွေနဲ့  ပံ့ပိုးပေးထားပါတယ်။” ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Jon Omund Revhaug က ပြောကြားခဲ့သည်။

ယခုအချိန်လို နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကို ခုခံတိုက်ဖျက်နေပြီး စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည့် အချိန်တွင် တယ်လီနောသုံးစွဲသူများအနေဖြင့် အပြင်ထွက်ခြင်း သို့မဟုတ် အခြားသူများနှင့် ထိတွေ့ခြင်း စသည်တို့ကို ပြုလုပ်ရန် မလိုဘဲ မိမိကိုယ်တိုင် ဆင်းကဒ် မှတ်ပုံတင်နိုင်မည့် နည်းလမ်းများကို တယ်လီ‌နော မြန်မာမှ လုပ်ဆောင်ပံ့ပိုးပေးထားသည်။

"မြန်မာနိုင်ငံသားတွေအတွက် လုံခြုံရေး၊ စဥ်ဆက်မပြတ်ဆက်လက်ဆက်သွယ်နေနိုင်ရေးနဲ့ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေး စတာတွေကို ဆက်လက်ပံ့ပိုးပေးနိုင်ဖို့က ကျွန်တော်တို့ရဲ့ နံပါတ်တစ် ဦးစားပေးပါ။ ဆင်းကဒ် ကို  မိမိ ဖုန်းကနေပဲ လွယ်လွယ်ကူကူ၊ မြန်မြန်ဆန်ဆန်မှတ်ပုံတင်လို့ ရပါတယ်။ ကျွန်တော်တို့ ပေးပို့လိုက်တဲ့ စာတိုထဲမှာပါတဲ့ ညွှန်ကြားချက်တွေအတိုင်း အက်ပ်ပလီကေးရှင်း ဒါမှမဟုတ် ဝက်ဘ်ဆိုဒ် ကနေ မှတ်ပုံတင် လိုက်တာနဲ့ သုံးစွဲသူတွေဟာ ဒေတာလက်‌‌ဆောင် ဒါမှမဟုတ် ဖုန်းဘေလ်လက်ဆောင် ရရှိမှာပါ။ ဒါ့အပြင် ခိုင်မာတဲ့ အနာဂတ်အဖြစ် ပုံဖော်ဖန်တီးဖို့အတွက် ရေရှည်မှာ တယ်လီနောနဲ့အတူ အားလုံး လက်တွဲချိတ် ဆက်သွားနိုင်မှာဖြစ်ပါတယ်။" ဟု Jon Omund မှ ဖြည့်စွက်ပြောကြားခဲ့သည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားချက်များအရ သုံးစွဲသူများသည် မိမိ၏ သက်သေခံလက်မှတ် (မြန်မာနိုင်ငံသားဖြစ်ပါက နိုင်ငံသားစိစစ်ရေးကတ်၊ မြန်မာနိုင်ငံသားဖြစ်ကြောင်း သက်သေခံလက်မှတ်၊ ပူးတွဲနိုင်ငံသားဖြစ်ကြောင်း သက်သေခံလက်မှတ်၊ နိုင်ငံသားခံယူခွင့် ရရှိထားကြောင်း သက်သေခံလက်မှတ်၊ နှင့် နိုင်ငံခြားသားဖြစ်ပါက မိမိကိုင်ဆောင်ထားသည့်  နိုင်ငံကူးလက်မှတ်) ဖြင့် ဆင်းကဒ် နှစ်ခုအထိ မှတ်ပုံ တင်ကာ အသုံးပြုနိုင်မည်ဖြစ်သည်။ တည်ဆဲဥပဒေအရ ထုတ်ပေးထားသည့် သက်သေခံလက်မှတ်ဖြင့် မှတ်ပုံ မတင်ထားသော ဆင်းကဒ်များ သို့မဟုတ်  ဆင်းကဒ်နှစ်ခုထက် ပိုမို မှတ်ပုံတင်ထားသော ဆင်းကဒ်များကို ဧပြီလ ၃၀ ရက်နေ့၊ ၂၀၂၀ ခုနှစ်မှ စတင်၍ အထွက်ခေါ်ဆိုမှု ပိတ်သွားမည်ဖြစ်သည့်အပြင်  ပြန်လည် မှတ်ပုံမတင်ထားသော ဆင်းကဒ်များကိုမူ ဇွန်လ ၃၀ ရက်နေ့၊ ၂၀၂၀ ခုနှစ် နောက်ဆုံးထားပြီး ဆင်းကဒ် ဆက်သွယ်မှုအား အပြီးပိတ်သိမ်းသွားမည် ဖြစ်သည်။

နိုင်ငံအနှံ့အပြားတွင် ကိုဗစ်-၁၉ ရောဂါ မပြန့်ပွားစေရေး ကြိုတင်ကာကွယ်မှုများကြောင့် ဆင်းကဒ်မှတ်ပုံ တင်ရာတွင် အကူအညီရယူရန် အရောင်းဆိုင်များသို့ သွားရောက်နိုင်ခြင်းမရှိဘဲ အကန့်အသတ်များရှိနေသည့် အတွက် ဆက်သွယ်မှုရှိနေခြင်း၏ အရေးပါမှုကို တယ်လီနောမြန်မာအနေနှင့် သိရှိ၊ နားလည်ပါသည်။ တယ်လီနောအနေဖြင့်  သုံးစွဲသူများ ကြုံတွေ့ရသည့် အဆင်မပြေမှုများကို အတတ်နိုင်ဆုံးလျှော့ချပြီး  ဆင်းကဒ်ပြန်လည်မှတ်ပုံတင်ရာတွင် မည်သည့် ဝန်ဆောင်မှု အခက်အခဲတစုံတရာမျှ မရှိစေရန် အ‌ကောင်းဆုံး ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်သည်။

တယ်လီနောမြန်မာအကြောင်း

တယ်လီနောသည် မြန်မာနိုင်ငံတဝန်း၌ သင့်တင့်သည့်ဈေးနှုန်းဖြင့် လွယ်ကူစွာ ရယူနိုင်သည့် မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုများအား ၂၀၁၄ ခုနှစ်မှ စတင်ပေးအပ်လျက်ရှိသည်။ တယ်လီနောသည် လက်ရှိတွင် နိုင်ငံတွင်း အကျယ်ပြန့် ဆုံးသော ကွန်ရက်မှတဆင့် သုံးစွဲမှု အတွေ့အကြုံကောင်းများအား တာဝန်ယူမှုအပြည့်အဝရှိသည့် ကတိကဝတ်ဖြင့် သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများအား ပေးအပ်လျက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးရှိ အသုံးပြုသူ ပေါင်း ၂၂ သန်းကျော်ထံသို့ ၎င်း၏ ကွန်ရက်များဖြင့် လွှမ်းခြုံကာ ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ တယ်လီနော မြန်မာအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

တယ်လီနောမြန်မာ၏ မိခင်လုပ်ငန်းစုဖြစ်သော တယ်လီနောလုပ်ငန်းစုသည် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေတာများ အနက် တစ်ခုဖြစ်ပြီး အသုံးပြုသူပေါင်း ၁၈၆ သန်းကျော်အား ပိုင်ဆိုင်ထားသည်။ ဆက်သွယ်ရေးကဏ္ဍမှတဆင့် လူ့ အသိုက်အဝန်းကို မြှင့်တင်ပေးနိုင်ရန်မှာ နှစ်ပေါင်း ၁၆၅ ကျော်ကြာ တယ်လီနော၏ အဓိက ဦးစားပေးမှုဖြစ်ပြီး လက်ရှိ တွင် နော့ဒစ်ဒေသနှင့် အာရှဒေသတစ်လွှား အသုံးပြုသူများ၊ မိတ်ဖက်လုပ်ငန်းများနှင့် လူ့အသိုက်အဝန်းများကို ဝန်ဆောင်မှုပေးလျက်ရှိသည်။ တယ်လီနောလုပ်ငန်းစုအကြောင်း ပိုမိုသိရှိလိုပါက https://www.telenor.com တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

မီဒီယာများ ဆက်သွယ်ရန်

ခင်နုယဉ်မြင့်
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
khinnuyin.myint@telenor.com.mm
တယ်လီနော မြန်မာ

မေစန္ဒီအေး
ဆက်သွယ်ဆက်ဆံရေးဌာန | ကော်ပိုရိတ်ရေးရာ
maysandy.aye@telenor.com.mm
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share