13 October, 2017 - Yangon
မြန်မာနိုင်ငံရှိအစိုးရနှင့်ပုဂ္ဂလိကတက္ကသိုလ်/ကောလိပ်များမှကျောင်းသူ/သားများအတွက် တတိယအကြိမ်မြောက် အလုပ်သင် အစီအစဉ်ကိုတယ်လီနောမြန်မာကစတင်လိုက်ပြီ ဖြစ်ပါသည်။ ယခုအစီအစဉ်ကိုအစိုးရနှင့်ပုဂ္ဂလိကတက္ကသိုလ်/ကောလိပ်များမှ ကျောင်းသားကျောင်းသူ၂၁ယောက် ပါ၀င်ခွင့်ရခဲ့ပြီးယခုအချိန်တွင် ၎င်းတို့သည် တယ်လီနော၏ နည်းပညာ၊ ဈေးကွက် ဖြန့်ချီရေး/ဖော်ဆောင်ရေး၊ ၀ယ်ယူရေး၊ ကော်ပရိတ် ရေးရာဆက်သွယ်ပြန်ကြားရေး၊လူမှုအကျိုးပြုအစီအစဉ်နှင့် စီမံခန့်ခွဲမှုလုပ်ငန်းကဏ္ဍများတွင် လေ့လာသင်ယူလျက်ရှိကြပါသည်။
“အလုပ်သင်အစီစဉ်တွေဟာကျောင်းမပြီးသေးတဲ့ ကျောင်းသူ/သားတွေနဲ့ ဘွဲ့ရပြီးစကျောင်းသူ/သားတွေအနေနဲ့ အတွေ့အကြုံကောင်းတွေ ရရှိစေမယ့် အဓိကသော့ချက်တစ်ခုဖြစ်ပြီးတယ်လီနောအနေနဲ့ အလုပ်သင်တွေကိုလက်တွေ့ လုပ်ကိုင် သင်ယူရမယ့် အခွင့်အလမ်းတွေကိုဖော်ဆောင်ပေးထားနိုင်တဲ့အတွက်လည်း ၀မ်းမြောက်မိ ပါတယ်။ အတွေ့ အကြုံ ပြည့်၀နေပြီးသားဖြစ်တဲ့ ပြည်တွင်းပြည်ပလုပ်ဖော်ကိုင်ဖက်တွေနဲ့အတူလုပ်ကိုင်ခွင့်ရတဲ့အတွက် အလုပ်သင်တွေ အနေနဲ့ အလုပ်သင်အစီအစဉ် တောက်လျှောက် ဘယ်လိုသင်ယူလေ့လာနိုင်တယ်၊ လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံတွေကိုပိုင်ပိုင်နိုင်နိုင် ရရှိစေဖို့ ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုတာတွေအတွက် အကြံဉာဏ်တွေ ရရှိစေမှာလည်း ဖြစ်ပါ တယ်။ အလုပ်သင် ဝန်ထမ်းတွေအနေနဲ့ သက်ဆိုင်ရာလုပ်ငန်းအဖွဲ့တွေရဲ့ လုပ်ငန်းဆောင်တာတွေကိုပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် သူတို့ရဲ့ ရှိနှင့်ပြီးသားအသိပညာတွေကိုတိုးတက်လာစေပြီးသက်ဆိုင်ရာလုပ်ငန်းခွင်အတွက် အဆင်သင့် ဖြစ်နေစေမှာ ဖြစ်ပါတယ်။ အခြားအကျိုးကျေးဇူးတစ်ခုအနေနနဲ့ကတော့ အတော်ဆုံး၊ အလားအလာအရှိဆုံးကျောင်းသူ/သားတွေအကြားအထိအတွေ့များတဲ့ ခေတ်ပေါ် အသုံးပြုမှုတွေ၊ နောက်ဆုံးပေါ် ဖြစ်ပျက်မှု တွေကိုတယ်လီနောအနေနဲ့လည်းပိုမိုနားလည် သိရှိစေနိုင်မှာ ဖြစ်ပါတယ်” ဟုတယ်လီနောမြန်မာ၏ Chief People Officer ဖြစ်သူ RonnyBakke -Naevdal ကပြောကြားသည်။ ယခုတတိယအကြိမ် အလုပ်သင်အစီအစဉ်အတွက် ရန်ကုန်မြို့ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှကျောင်းသူ /သား ၁၃ ဦးရွေးချယ်ခံရပြီးယင်းတို့အနက် သတင်းအတတ်ပညာသင်ကြားနေသောတတိယနှစ်ကျောင်းသားမောင်သူရမင်းစောဦးက “လက်တွေ့လုပ်ငန်းခွင်တစ်ခုမှာဘယ်လိုပြောဆိုဆက်ဆံဆောင်ရွက်ရမယ်၊ ဘယ်လိုလက်တွေ့လုပ်ကိုင် ရမယ်ဆိုတာတွေ့ကိုလေ့လာသင်ယူနိုင်မယ့် အခုလိုအခွင့်အလမ်းအတွက် ၀မ်းမြောက်မိပါတယ်။ မြန်မာနိုင်ငံကကျောင်းသူ/သားတွေ၊ လူငယ်တွေအတွက် အခုလိုတန်ဖိုးရှိတဲ့ ရင်းနှီးမြုပ်နှံမှုတွေကို ပြုလုပ်ခွင့်ရတဲ့ အခွင့်အလမ်းတွေ အတွက် ကျွန်တော့ရဲ့ ကောလိပ်ကိုရောတယ်လီနောကိုပါ ကျေးဇူးတင်ပါတယ်” ဟုပြောကြားသည်။ အောက်တိုဘာလတွင် စတင်သည့် တယ်လီနောမြန်မာ၏ အလုပ်သင်အစီအစဉ်အတွက်လျှောက်ထားသူ (၅၀၀)ကျော် ရှိခဲ့ပြီးယင်းတို့အနက်မှ (၂၁)ဦးအားအလုပ်သင်အစီစဉ်အတွက်ရွေးချယ်ခဲ့ပါသည်။ သတင်းအချက်အလက်နှင့် နည်းပညာ (Information Technology)၊ ကွန်ပျုတာသိပ္ပံ (Computer Sciences)၊ ကွန်ပျုတာနည်းပညာ (Computer Technology)၊ အီလက်ထရောနစ်နှင့် လျှပ်စစ်ဆိုင်ရာအင်ဂျင်နီယာ (Electronic and Electrical Engineering)၊ စီးပွားရေးစီမံခန့်ခွဲမှု (Business Management)၊ လူ့အရင်းအမြစ် စီမံခန့်ခွဲမှု (Human Resources Management)၊ စာနယ်ဇင်းပညာ (Journalism)၊ လူထုဆက်ဆံရေးရာနှင့် ဆက်သွယ်ပြန်ကြားရေးရာ (Public Relations and Communications) စသည့် ဘာသာရပ်များကိုအဓိကပြု ထားသည့် ကျောင်းသားကျောင်းသူများသည် တယ်လီနော၏ အလုပ်သင် အစီအစဉ်တွင် ပါ၀င်ရန် လျှောက်ထားနိုင် ပါသည်။ တယ်လီနော၏ လုပ်ငန်းကဏ္ဍများနှင့် ဆက်စပ်မှု ရှိသောအခြားဘာသာရပ်များကိုအဓိက ပြုသူများလည်းလျှောက်ထားနိုင်ပါသည်။
အလုပ်သင်ဝန်ထမ်းများသည်၎င်းတို့၏ သက်ဆိုင်ရာ အလုပ်ခွင်များသို့ မဝင်ရောက်မီအလုပ်ခွင်တွင်း သိသင့်သည်များကို ရှင်းလင်းပြောကြားပေးသည့် ၃ရက်ကြာအလုပ်ခွင် မိတ်ဆက်အစီအစဉ်ကို တက်ရောက်ခဲ့ကြပြီး အဆိုပါအစီအစဉ်တွင် တယ်လီနောလုပ်ငန်းစုနှင့် တယ်လီနော၏ အလုပ်လုပ်ကိုင်သည့် နည်းစနစ်များကို မိတ်ဆက်ပြောကြားခြင်း၊ လုပ်ငန်းဆိုင်ရာကျင့်ဝတ်စည်းမျဉ်းအကြောင်းနှင့် လုပ်ငန်းခွင်အတွင်း အချက်အလက် လုံခြုံမှုရေးရာများကို ရှင်းလင်းပြောကြားခြင်း၊ အလုပ်သင်ဝန်ထမ်းများအနေနှင့် အလုပ်သင် အစီအစဉ်ကာလအတွင်း တွင်သင်ယူလေ့လာနိုင်မည့် အခွင့်အရေးများကိုရှင်းလင်းပြောကြားပေးခဲ့ပါသည်။ အစီအစဉ်ကိုအောင်မြင်စွာ ပြီးမြောက်သည့် အလုပ်သင်များကိုလည်း အလုပ်သင်အစီအစဉ်ပြီးဆုံးကြောင်း အသိအမှတ်ပြုလက်မှတ်များကို ပေးအပ်မည်ဖြစ်ပါသည်။ တယ်လီနော၏ အလုပ်သင်အစီအစဉ်ကို ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့ခြင်း ဖြစ်ပါသည်။ မေလအတွက် အလုပ်သင်များရွေးချယ်မှုကို မတ်လနှင့်ဧပြီလများအတွင်း၊ အောက်တိုဘာလ အတွက် ရွေးချယ်မှုကို သြဂုတ်လနှင့် စက်တင်ဘာလများအတွင်း ပုံမှန် ဆောင်ရွက်လျက် ရှိပါသည်။
မီဒီယာများဆက်သွယ်ရန်
အဲလက်စ် ညီညီအောင်
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း: nyinyi.aung@telenor.com.mm