Article

ဇွန်လ ၃၀ ရက်နေ့တွင် ပြန်လည်မှတ်ပုံတင်ထားခြင်းမရှိသော ဆင်းကတ် ဖျက်သိမ်းခံခဲ့ရသူများအားလုံးထံသို့ အိတ်ဖွင့်ပေးစာ

01 July, 2020 - Yangon

မြန်မာနိုင်ငံမှ သန်းနှင့်ချီသော မိုဘိုင်းဖုန်းသုံးစွဲသူများ၏ ဆင်းကတ်များသည် ဇွန်လ ၃၀ ရက်၊ ၂၀၂၀ ပြည့်နှစ်တွင် ဝန်ဆောင်မှုများရပ်တန့်သွားခဲ့ရပါသည်။ ယခုကဲ့သို့အဆင်မပြေမှုအတွက် ကျွန်တော်တို့ အနေဖြင့် များစွာစိတ်မကောင်းဖြစ်မိပါသည်။ သို့သော်ငြားလည်း ဤအခြေအနေကို အခွင့်အ‌လမ်းတစ်ခု အနေဖြင့် အမိအရဆုပ်ကိုင်၍ ကျွန်တော်တို့အားလုံး မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အ‌ပြောင်းအလဲကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားကြမည်ဟု တယ်လီနောမြန်မာ၏အမှုဆောင်အရာရှိချုပ်က ဤအိတ်ဖွင့်ပေးစာနှင့်အတူ ရေးသားဖော်ပြလိုက်ပါသည်။

လေးစားရပါသော မြန်မာနိုင်ငံသူ၊နိုင်ငံသားများခင်ဗျာ

မြန်မာအစိုးရ၏ ညွှန်ကြားချက်များအရ ပြန်လည်မှတ်ပုံတင်ထားခြင်းမရှိသော  ဆင်းကတ် သန်းပေါင်း များစွာကို ဖျက်သိမ်းခဲ့ရခြင်းကြောင့် ဖြစ်ပေါ်လာရသောအဆင်မ‌ပြေမှုအတွက် ကျွန်တော်တို့အနေဖြင့် များစွာ စိတ်မကောင်းဖြစ်မိပါသည်။ သုံးစွဲသူများ၊ စီးပွားရေးလုပ်ငန်းများနှင့် လူမှုအသိုင်းအဝိုင်းများကို ချိတ်ဆက်ပေးနေပြီး ဆက်သွယ်ရေး၏စွမ်းအားကို အပြည့်အဝယုံကြည်သော ကျွန်တော်တို့ အနေဖြင့် မှတ်ပုံတင်မှု မအောင်မြင်သော ဆင်းကတ်များကို မဖြစ်မနေဖျက်သိမ်းခဲ့ရပြီး သုံးစွဲသူများစွာကို ဝန်ဆောင်မှုပေးခွင့် ဆုံးရှုံးခဲ့ရသည့်အတွက် ဝမ်းနည်းရပါသည်။ လူကြီးမင်းတို့အတွက် ဘေးအန္တရာယ် ကင်းကင်းနှင့် ယုံယုံကြည်ကြည် ချိတ်ဆက်နိုင်ရေးသည် မရှိမဖြစ်အရေးပါကြောင်း ကျွန်တော်တို့ နားလည်ထားပါသည်။

လူကြီးမင်းတို့အနေဖြင့် မိမိတို့၏ချစ်ခင်ရသူများ၊ အ‌ရေးပါသောသူများ၊ အရေးပါသောအရာများနှင့် ချိတ်ဆက်ဆက်သွယ်နိုင်ရေးအတွက်ကျွန်တော်တို့အပေါ် ယုံကြည်မှုရှိကြောင်း သိနားလည်ထားပါသည်။

ခက်ခဲသော်ငြား မဖြစ်မနေလုပ်ကိုင်ရသည့် လုပ်ငန်းစဉ်

နိုင်ငံသားစီစစ်ရေးကတ်တစ်ခုဖြင့် ဆင်းကတ်နှစ်ကတ်အားပြန်လည်မှတ်ပုံတင်ရန် ဇွန်လ (၃၀)ရက်နေ့၊ အင်္ဂါနေ့အထိ လူကြီးမင်းတို့ထံသို့ စာတိုပေးပို့ခြင်း၊ ဒစ်ဂျစ်တယ်နည်းပညာနှင့် မီဒီယာချန်နယ်များ အသုံးပြု၍ နည်းလမ်းမျိုးစုံဖြင့် လပေါင်းများစွာ အသိပေးအကြောင်းကြားပြီးမှသာ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားချက်အတိုင်း လိုက်နာရန် လိုအပ်သည့်အတွက် ယင်းသို့ လုပ်ဆောင်ခဲ့ ရခြင်းဖြစ်ပါသည်။ ဆင်းကတ်များကို မှန်ကန်စွာ မှတ်ပုံတင်ခြင်းသည် တရားဝင်လိုအပ်ချက်တစ်ခုဖြစ်သည်နှင့်အညီ လူတိုင်းပါဝင်နိုင်ပြီး ပွင့်လင်းမြင်သာမှုရှိရှိ နှင့် လုံခြုံမှုရှိသည့် လုပ်ငန်းစဥ်တစ်ခု ဖြစ်ရန်လိုအပ်သည်။ ဆင်းကတ်ပိုင်ရှင် မည်သူမည်ဝါဖြစ်သည်ကို စစ်ဆေးနိုင်ခြင်းဖြင့် အွန်လိုင်းအသုံးပြုရာတွင်  ယုံကြည်မှုတည်ဆောက်ရန် အထောက်အကူဖြစ်စေနိုင်သလို၊ မြန်မာပြည်၏တွင်ကျယ်လာမည့် နည်းပညာချိတ်ဆက်မှုကို  အရှိန်အဟုန်မြှင့်တင်ရာတွင် အလွန်အရေးပါပါသည်။

ဒစ်ဂျစ်တယ်အရွေ့ ပြောင်းလဲရေး

မြန်မာနိုင်ငံသည် ပြိုင်ဆိုင်မှုအားကောင်းသော မိုဘိုင်းဆက်သွယ်ရေး ဈေးကွက်ကို အောင်မြင်စွာ တည်ဆောက်ထားပြီး သန်းပေါင်းများစွာသော သုံးစွဲသူများသည် အရည်အသွေးမြင့် ဆက်သွယ်ရေး ကွန်ရက်များကို အသုံးပြုနေနိုင်ပြီဖြစ်သည်။ မြန်မာနိုင်ငံသည် အာရှ၏အကောင်းဆုံး 4G ကွန်ရက်များ ထဲမှ တစ်ခုဖြစ်ပြီး မိုဘိုင်းဖုန်းအသုံးပြုမှုသည်လည်း ၇၅% အထိ အံ့ဩဖွယ်ရာရှိနေလျက်  ဝန်ဆောင်မှု အသစ်များကို ရှာဖွေအသုံးပြုလိုသူများစွာလည်း ရှိနေပါသည်။ မြန်မာ့ဒစ်ဂျစ်တယ် အပြောင်းအလဲသည် ကျန်တော်တို့အား ပိုမိုရင်းနှီးမြှုပ်နှံရန်နှင့် ဆန်းသစ်မှုများ ပိုမိုလုပ်ဆောင်ရန် တွန်းအားပေးလျက် ရှိပါ သည်။ ဤဒစ်ဂျစ်တယ်အပြောင်းအလဲကြောင့်လည်း ကျန်တော်တို့သည် မြန်ဆန်ကောင်းမွန်သော ဆက်သွယ်ရေး ကွန်ရက်ကို တည်ဆောက်ခဲ့ပြီး လူမှုကွန်ရက်၊ ငွေကြေးဝန်ဆောင်မှုများ၊ လူမှု ဆက်သွယ်ရေး ပလက်ဖောင်းများသည် လူသုံးများသော  ဝန်ဆောင်မှုများ ဖြစ်လာခဲ့ပါသည်။ မြန်မာ နိုင်ငံသားများ၏ ဒစ်ဂျစ်တယ်သုံးစွဲမှုများသည် ဒစ်ဂျစ်တယ်ကမ္ဘာကြီးကို အပြည့်အဝလက်ခံရာတွင်  အရေးပါနေဦးမည် ဖြစ်ပါသည်။

အားကောင်းမှုနှင့်အတူ မရှိမဖြစ် အားလုံးပူးပေါင်းပါဝင်မှု

ကိုဗစ်-၁၉ ကပ်ရောဂါအတွင်းတွင် ပြည်သူများ လုံခြုံရေး၊ အဆက်အသွယ် မပြတ်တောက်စေရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးတို့အတွက် မိုဘိုင်းဆက်သွယ်ရေးသည် မရှိမဖြစ် အရေးပါကြောင်း သိသာထင်ရှားစေခဲ့ပါသည်။ ကဏ္ဍတစ်ခုအနေဖြင့် ယခုအတွေ့အကြုံမှ အရေးပါသော အကြောင်း အရာများကို လေ့လာလျက်ရှိပြီး  ပိုမိုအားကောင်းပြီး  ကျယ်ကျယ်ပြန့်ပြန့်ရရှိနိုင်သော ဝန်ဆောင်မှု များကို ပေးအပ်သွားနိုင်ရန် ရုပ်ပိုင်းဆိုင်ရာနှင့် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ နည်းနှစ်မျိုးစလုံးဖြင့် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်သည်။ တစ်ချိန်တည်းတွင် ကျွန်တော်တို့အားလုံးအနေဖြင့် မိမိတို့ အွန်လိုင်း အသုံးပြုသည့်ပုံစံကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဖြစ်ပြီး အလွှာပေါင်းစုံမှ ဒစ်ဂျစ်တယ်နည်းပညာ၊ အသိပညာပုံစံမျိုးစုံရှိသောသူများ အသုံးပြုနိုင်ပြီး အားလုံးပါဝင်၍ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိသော ဒစ်ဂျစ်တယ်ပတ်ဝန်းကျင်တစ်ခုကို တည်ဆောက်ရမည်ဖြစ်သည်။ ပဋိပက္ခ ဖြစ်ပွားလျက်ရှိသော‌ ဒေသများ အပါအဝင် တစ်နိုင်ငံလုံးတွင် မိုဘိုင်းဆက်သွယ်ရေး ဆက်လက်ရရှိနိုင်ရန်နှင့် အားလုံးညီမျှစွာ သုံးဆောင်နိုင်ရန် အလေးထားပြီး  တယ်လီနောက ဆက်လက်ညိနှိုင်း ဆွေးနွေးသွားမည် ဖြစ်ပါသည်။   

နောက်တဆင့်သို့တက်ရောက်ခြင်း

မြန်မာ့ဒစ်ဂျစ်တယ်ခရီးလမ်း၏ နောက်တစ်ဆင့်တွင်  နိုင်ငံတော်အစိုးရနှင့် စီးပွားရေးလုပ်ငန်းများ ထိရောက်စွာ ပြုပြင်ပြောင်းလဲရန် အရေးကြီးပါသည်။ မြန်မာ့စီးပွားရေးလုပ်ငန်းများနှင့် ကဏ္ဍများသည် ပိုမိုကောင်းမွန်သော ကုန်ထုတ်စွမ်းအားနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ တစ်ချိန်တည်းမှာပင် နိုင်ငံတော်အစိုးရအနေဖြင့်လည်း နိုင်ငံတစ်ဝှမ်းရှိ အများပြည်သူများအား ပိုမိုကောင်းမွန်သော လူမှုဖူလုံရေးအခြေအနေများ ပေးအပ်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်ပါသည်။ ဒစ်ဂျစ်တယ်ဆက်သွယ်ရေးသည် မြန်မာနိုင်ငံ၏ ရည်မှန်းချက်များ ဖြစ်သော စွမ်းဆောင်ရည်မြင့်သော စက်မှုလုပ်ငန်းများနှင့် အကျိုးအမြတ်ရရှိသော စီးပွားရေး လုပ်ငန်း များ ဖော်ဆောင်နိုင်ရေး၊ အားလုံးလက်လှမ်းမီသော အစိုးရဝန်ဆောင်မှုများ ပေးအပ်သွားနိုင်ရေးတို့တွင် အရှိန်အဟုန်ဖြင့် ကူညီပေးနိုင်မည်ဖြစ်သည်။

ပိုမိုအဓိပ္ပာယ်ရှိသော ဘဝများဖော်‌ဆောင်ရန် ကတိကဝတ်ပြုခြင်း

ယနေ့အချိန်တွင် မိုဘိုင်းအော်ပရေတာများသည် ပြိုင်ဆိုင်မှုအားကောင်းသော အခြေအနေသစ်တစ်ခုကို ထပ်မံကြုံတွေ့နေရသည့်အတွက် တစ်ဦးတစ်ယောက်ချင်းစီ၊ မိသားစုများ၊ စီပွားရေးလုပ်ငန်းများ အစရှိ သည့် သုံးစွဲသူပေါင်းစုံ၏ချစ်ခင်မှုနှင့် စိတ်ထဲတွင် နေရာရထိုက်ကြောင်း သက်သေပြနိုင်ရန် လိုအပ်ပါ သည်။

တယ်လီနောမြန်မာသည် သုံးစွဲသူများ အသက်ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ၊ မြို့ပြတွင် နေထိုင်သူဖြစ်စေ၊ ကျေးလက်တွင် နေထိုင်သူဖြစ်စေ၊ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းရှင်ဖြစ်စေ၊ အမှုဆောင် အရာရှိချုပ်ဖြစ်စေ၊ အစိုးရအဖွဲ့အစည်းတွင် အလုပ်လုပ်သည် ဖြစ်စေ၊ လူမှုအသိုင်းအဝိုင်းအတွက် အရေးပါသော ဝန်ဆောင်မှုများ ချိတ်ဆက်ပေးရာတွင် လုပ်သည် ဖြစ်စေ၊ ပို၍ သာလွန်‌ကောင်းမွန်သော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို တတ်စွမ်းသမျှ ဖန်တီးပေး အပ်သွားမည်ဟု ကတိကဝတ်ပြုပါသည်။ ကောင်းမွန်သော ဆက်သွယ်ရေး ကွန်ရက်ရှိခြင်း၏ အရေးပါမှု ကို သိရှိနားလည်ပြီး သုံးစွဲသူများ၏ ဘဝများ ပိုမိုအဓိပ္ပာယ်ရှိလာစေရေး ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

လူကြီးမင်းကို တယ်လီနော၏ ဆက်သွယ်ရေးကွန်ရက်တွင် ပြန်လည်ဝန်ဆောင်မှုပေးနိုင်ရန် မျှော်လင့် လျက်ရှိပြီး သုံးစွဲသူများနှင့် မြန်မာနိုင်ငံအတွက် နေ့စဥ် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ၊ ဖြေရှင်း လုပ်ဆောင်မှုများယူဆောင်ပေးလာနိုင်ရန်စိတ်အားထက်သန်စွာဆက်လက်လုပ်ဆောင်သွားမည်ဟု ကတိကဝတ်ပြုပါသည်။

လေးစားစွာဖြင့်
Jon Omund Revhaug
အမှုဆောင်အရာရှိချုပ်
တယ်လီနောမြန်မာ

Yangon
My Account
Live Chat
Share Share